November 2014

စာရေးဆရာ ထင်လင်းဦးအား လူမှုရေး အဖွဲ့များနှင့် ၀ံသာနုအဖွဲ့များက တရားစွဲရန်စီစဉ်

NLDပါတီမှ ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲတွင် ဟောပြောခဲ့သော စကားလုံးများတွင် ဗုဒ္ဓဘာသာ တစ်ခုလုံးကို စော်ကားသည့် စကားလုံးများ ပါသည့်အတွက် စာရေးဆရာ ထင်လင်းဦးအား အခြားလူမှုရေး အဖွဲ့များနှင့် ၀ံသာနုအဖွဲ့များမှ တရားစွဲရန် စီစဉ်နေကြောင်း သိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး (ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ကိုသွင်စစ်မာန်အောင်က “ကျွန်တော်တို့ အနေနဲ့ကတော့ တရားစွဲဖို့ အစီအစဉ် မရှိပါဘူး။ မဘသ ၉၆၉ အဖွဲ့ကို စော်ကားတာ မဟုတ်ပါဘူး။ သံဃာထု တစ်ဖွဲ့လုံးကို စော်ကားတဲ့ အတွက် အခြား အဖွဲ့အစည်းတွေက သူ့ကို တရားစွဲသွားမှာပါ”ဟု Tomorrow ဂျာနယ်သို့ ပြောသည်။

အနာကြီး ရောဂါသည်များ၏ မြေနေရာ ကျန်းမာရေး ၀န်ကြီးဌာမှ သိမ်းယူ

မန္တလေးမြို့ရှိ အနာကြီး ရောဂါသည်များ နေထိုင်လုပ်ကိုင် စားသောက်ရန် ချထားပေးသည့် မြေနေရာများအား ကျန်းမာရေး ၀န်ကြီးဌာနမှ သိမ်းယူ၍ ၀န်ကြီးဌာန အပိုင်မြေ အဖြစ် သတ်မှတ်လိုက်ခြင်း အပေါ် မြေပြန်လည် ရရှိရန် ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“နဂိုကတည်းက နေစရာ စားစရာမရှိ လူတွေနဲ့နေလို အဆင်မပြေရတဲ့ကြားထဲ ခုပေးထားတဲ့ နေရာကို ပြန်သိမ်တော့ ဘယ်လို နေထိုင်စားသောက်ရမဲ အဲဒီအတွက် ဆန္ဒပြ တောင်းဆိုသွားမှာပါ”ဟု ရောဂါသည် တစ်ဦးက Tomorrowအား ပြောကြားသည်။

မောင်းသူမဲ့ စက်လှေပေါ်မှ ကျပ်သိန်း ၅၀၀နီးပါးရှိ သစ်နှင့် စက်ပစ္စည်းများ မိုဘိုင်းအဖွဲ့ ဖမ်းဆီး

ဧရာဝတီမြစ်လယ်ရှိ မောင်းသူမဲ့ သင်္ဘောပေါ်မှ ကျပ်သိန်း ၅၀၀နီးပါးရှိ သစ်နှင့်စက် ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး မိုဘိုင်းအဖွဲ့မှ သိရသည်။

“ည ၁နာရီအချိန်မှာ တာဝန်ယူနေတဲ့ မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းကနေပြီးတော့ မသင်္ကာတဲ့ လှေတစ်စင်းကို တွေ့လိုက်တယ်။ လိုက်လံတားဆီးတဲ့ အချိန်မှာ ရွှေကြက်ယက် ဆိပ်ကမ်းမှာ လှေကို တွေ့လိုက်တယ်။ စက်လှေပေါ်မှာ လူတစ်ယောက်မှ မရှိဘဲ သစ်တွေ၊ အင်ဂျင်တွေ၊ ဆိုင်ကယ်တွေ၊ မီးစက်တွေကိုပဲ တွေ့ရှိခဲ့တယ်”ဟု မိုဘိုင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လမ်းမြေပြန်လည်ရရှိရေး တောင်းဆိုသည့် ကျောင်းသား/သူများအား ကျောင်းစာ ပြန်လည် သင်ကြားပေးရန် စီစဉ်ထားပြီး အရေးယူသွားရန် မရှိဟု ကျောင်းအုပ်ကြီးဆို

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက သမ္မာန်ဆိပ်မှ ကြည့်မြင့်တိုင် ကမ်းနားလမ်းသို့ သွားလာနိုင်သည့် လမ်းအား အုတ်တံတိုင်းခတ် တားဆီးပိတ်ပင်ထားသောကြောင့် လမ်းမြေပြန်လည် ရရှိရေး တောင်းဆိုသည့် ကျောင်းသား/သူများအား စာပြန်လည် သင်ကြားပေးရန် စီစဉ်မှုများ ပြုလုပ်ထားကြောင်း အလုံမြို့နယ်၊ အ.ထ.က (၇) မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်က Tomorrowသို့ ပြောကြားခဲ့သည်။

မလေးရှားတွင် တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေ၍ မလေးရောက် မြန်မာများ စိုးရိမ်နေရ

မလေးရှားနိုင်ငံ အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်စွာနေထိုင် လုပ်ကိုင်နေကြရသည်ဟု မလေးရှားနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ရာဇ၀တ်မှု အရမ်းများလာသည့် အတွက် မလေးရှားနိုင်ငံ အစိုးရအဖွဲ့ အနေဖြင့် ၄င်းတို့နိုင်ငံ အတွင်းသို့ တရားမ၀င် နေထိုင်သူများအား ဖမ်းဆီးမှုများ ပြုလုပ်နေသည့် အတွက် မြန်မာများ အနေဖြင့် ယခုကဲ့သို့ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ ယခုလတွင် ကျင်းပရန်ရှိ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPWCတို့ အနေဖြင့် ဒီဇင်ဘာလ အတွင်းတွင် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။

“ရက်အတိအကျတော့ မပြောနိုင်ဘူး။ ဒီလကုန် ဒါမှမဟုတ် နောက်လကုန်မှာ ထပ်တွေ့နိုင်ဖို့တော့ အမြင်တူညီမှုတွေ ရှိပါတယ်။ ဆွေးနွေးပွဲက ထပ်ပြီး ဖြစ်လာမှာပါ”ဟု NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဆိုသည်။

ယခုအစိုးရလက်ထက် ရပ်ဆိုင်းထားသော နှစ်စဉ်ကြေး ကောက်ခံမှုများကို ပြန်လည်ကောက်ခံရန် KNU လက်အောက်ခံ KNLA တပ်မဟာ (၂)စီစဉ်

ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ တပ်မဟာ (၂) ၊ တောင်ငူခရိုင်က ၄င်းတို့၏ ထိန်းချုပ်ရာ နယ်မြေများ ဖြစ်သော တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ နှစ်စဉ်ကြေး (အခွန်ငွေ) များ ကောက်ခံသွားရန်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ တားမြစ်နယ်မြေ ပုဒ်မ-၁၄၄ ထုတ်ပြန်သည့် ဆိုင်ဘုတ်စိုက်ထူခြင်းကြောင့် ဒေသခံများ အခက်အခဲကြုံ

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့ မန်းရေနံမြေ (မြန်မာ့ရေနံဌာန)မှ ရေနံပိုင်နယ်မြေ သတ်မှတ်သော တားမြစ်နယ်မြေ ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသော ဆိုင်းဘုတ်စိုက်ထူထားခြင်းကြောင့် ဒေသခံ ပြည်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ပုဒ်မ-၁၄၄ တားမြစ်နယ်မြေ၊ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ မြို့ထဲမှာ လာစိုက်တာတော့ မကောင်းပါဘူး၊ ဆိုင်းဘုတ် ပတ်ဝန်းကျင်မှာ လူနေအိမ်တွေ ရှိတယ်၊ မန်းရေနံမြေက ဆိုင်းဘုတ်တွေထောင် လမ်းတွေပိတ် သံဆူးကြိုးတွေ ကာထားတယ်၊ အရင်က သက်ဆိုင်တဲ့ နေရာမှာပဲ စိုက်တာ အခုမြို့ထဲထိ လာစိုက်တော့ ရေနံတူးတဲ့သူတွေ နယ်ချဲ့လာတာပဲ”ဟု ဒေသခံ ဦးလှဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ၀င်ကြေးအခမဲ့ လက်ဝှေ့ပွဲကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် ၀င်ကြေး အခမဲ့ ပြုလုပ်မည့် AIR KBZ ရွှေအောင်လံ နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးအား ပရိသတ် လေးထောင်ဆံ့သည့် မျှော်စင်ကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စာရေးဆရာ ထင်လင်းဦးမှာ NLDမှ လူကြီးဖြစ်၍ NLDမှ တာဝန်ယူဖြေရှင်းသင့်ဟု ဆရာတော် ဦးဝီရသူ မိန့်ကြား

စာရေးဆရာ ထင်လင်းဦး၏ ပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ယူ ဖြေရှင်းမှုများ ပြုလုပ်ပေးသင့်ကြောင်းနှင့် အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်၍ NLD အား မဲပေးခြင်းကို ဆုံးဖြတ်ရန် ဝေဖန်စကားအား ပြောကြာခဲ့ခြင်း မရှိကြောင်း ဆရာတော် ဦးဝီရသူက တရားဝင် မိန့်ကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်၍ စာပေဟောပြောပွဲခွေများကို နားထောင်ပြီးမှ NLDကို မဲပေးပါဟု ဆရာတော် ဦးဝီရသူမှ ပြောကြားထားသည်ဟု ဆိုသော လူမှုရေး စာမျက်နှာများလည်း ပြန့်နေရာ ယင်းနှင့်ပတ်သတ်၍ ဆရာတော် ဦးဝီရသူမှ တရားဝင် ငြင်းဆိုသွားခဲ့သည်။

Pages