June 2016

ဥဇဘတ်ကစ္စတန်မြို့တော်သို့ ဆိုဗီယက်ခေတ်ကားများ မ၀င်ရ

နိုင်ငံတကာ ထိပ်သီးအစည်းအဝေး ကျင်းပမည့် ဥဇဘတ်ကစ္စတန်မြို့တော် တက်(ရှ်)ကင့် အတွင်းသို့ ဆိုဗီယက်ခေတ်၌ ထုတ်လုပ်ခဲ့သော မော်တော်ကားများ ၀င်ရောက်ခွင့် ခေတ္တ ပိတ်ထားကြောင်း သိရသည်။

ဘီကီနီဝတ်စုံနှင့် ဖောက်ထွင်းခိုးယူသူ အမျိုးသမီးကို ကယ်လီဖိုးနီးယား၌ ရှာဖွေနေ

ကယ်လီဖိုးနီးယားရှိ အိမ်နှစ်အိမ်ကို ဘီကီနီဝတ်စုံ ၀တ်ထားသည့် အမျိုးသမီးတစ်ဦး ဖောက်ထွင်းခိုး ယူခဲ့သည့် ပုံများကို ၄င်းအိမ်များတွင် တပ်ဆင်ထားသော လုံခြုံရေး ကင်မရာမှ ပုံများတွင် တွေ့ရှိရပြီးနောက် အမေရိကန် ကယ်လီဖိုးနီးယားရဲများက ၄င်းအား လိုက်လံရှာဖွေနေသည်ဟု သိရသည်။

ထိုနှစ်အိမ်ကို ဖောက်ထွင်းခိုးယူမှုဖြင့် ၄င်းအမျိုးသမီးကို ခြေရာခံလိုက်နိုင်ဖို့ ရဲများက အများပြည်သူထံ အကူအညီ တောင်းခံထားသည်။ လော့အိန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသမီး၏ လုံခြုံရေး ကင်မရာမှ ပုံများကို ထုတ်ပြန်ထားသည်။

EU မှ ဗြိတိန်နုတ်ထွက်မှုတွင် ချောကလက်အတွက် စိတ်ပူနေသော ဗြိတိန်သားများ

ဗြိတိန်က ဥရောပသမဂ္ဂ EU နူတ်ထွက်ဖို့ ပြည်သူ့ဆန်္ဒ ကောက်ခံရာတွင် နုတ်ထွက်ဖို့ မဲပေးခဲ့ပြီး ဗြိတိန်တစ်နိုင်လုံး အလုပ်အကိုင်၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ပေါင်စတာလင်ငွေကြေး တန်ဖိုး တည်ငြိမ်စေရေးတို့ အတွက် စိုးရိမ်ပူပန်နေကြချိန်တွင် အချို့သော သူများမှာ ချောကလက် တစ်မျိုးကို စားရရေးအတွက် ပူပန်စိုးရိမ်နေကြသည်။

၎င်းတို့စိုးရိမ်နေသည့် ချောကလက်မှာ Magic Stars တံဆိပ်ဖြစ်ပြီး ၄င်းချောကလက်ထုပ်၏ အောက်ခြေတွင် “ဥရောပသမဂ္ဂ အသိုင်းအ၀ိုင်းပြင်ပတွင် မရောင်းချပါ” ဟူသော စာတမ်းကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံတွင် စွမ်းဆောင်ရည်နိမ့် ဘဏ်ဝန်ထမ်းများကို လူမြင်ကွင်း၌ တင်ပါးရိုက် အပြစ်ပေး

အင်တာနက် စာမျက်နှာပေါ်တွင် ပေါ်ထွက်လာသော ဗီဒီယိုဖိုင် တစ်ခုတွင် တရုတ်ဘဏ် တစ်ခု၏ ဘဏ်ဝန်ထမ်းများကို စွမ်းဆောင်ရည်နိမ့်မှု အတွက် တင်ပါးရိုက် အပြစ်ပေးသည်ကို တွေ့ခဲ့ကြ ရပြီးနောက် လူ့ဂုဏ်သိက္ခာကို စော်ကားသည်ဟူသော မကျေနပ်သံများ ပေါ်ထွက်လာခဲ့သည်။

တရုတ်နိုင်ငံ ပြည်သူ့နေ့စဉ် သတင်းစာက တင်ခဲ့သော ဗီဒီယိုဖိုင်တွင် ပြသထားသည်မှာ လေ့ကျင့် သင်ကြားပေးသူ တစ်ဦးသည် ဘဏ်ဝန်ထမ်း ရှစ်ဦးအား လေ့ကျင့်ရာတွင် ပိုကောင်းအောင်ဘာကြောင့် မကြိုးစားသည်ဆိုသော မေးခွန်းမေးနေသည်ကို တွေ့ရသည်။

အနံ့အသက် မကောင်းသော ငွေစက္ကူကြောင့် မူးယစ်တရားခံတစ်ဦး အာမခံမရမှု ပြင်သစ်နိုင်ငံတွင် ဖြစ်ပွား

ပြင်သစ်နိုင်ငံ တရားရုံးတစ်ခုတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ရုံးတင်ခံနေရသော တရားခံတစ်ဦး အာမခံရရန် အတွက် ပေးအပ်သော ယူရိုသိန်း ၅၀ တန်ဖိုး ယူရို ၁၀၀၀ တန် ငွေစက္ကူများသည် ကော်နံ့ရသဖြင့် ၄င်းအား အာမခံမပေးပဲ အချုပ်ခန်း အတွင်းသို့ ပြန်ပို့ခဲ့သည်။

ချက်လက်မှတ်ဖြင့်သာ အာမခံ ပေးသွင်းလေ့ရှိသော တရားရုံးများတွင် ၄င်းတရားခံ အတွက် အာမခံကြေး ပေးသွင်းရန် လူ ၂၉ ဦး ပေါ်ထွက်လာပြီး တရားခံကိုယ်စား အနေဖြင့် စာအိတ်များတွင် ယူရိုငွေ စက္ကူအရွက်ကြီးများကို ထည့်၍ ပေးခဲ့သည်ဟု အစိုးရ ရှေ့နေများက ပြောကြားသည်။

EUမှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်ကလပ်သင်းများ အပြောင်းအရွှေ့ ရာသီတွင် အခက်အခဲများရှိမည်

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်ဘောလုံး ကလပ်အသင်းများသည် လာမည့်ဘောလုံးသမား အပြောင်းအရွေ့ ကာလတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဘောလုံးသမား အပြောင်းအရွေ့ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သတိပေးပြောကြားခဲ့သည်။

ပြောင်းရွှေ့ခ ကြေးများနှင့် လုပ်ခလစာများ မြင့်တက်လာနိုင်ကြောင်း ဆဲလ်ဖို့ဒ် တက္ကသိုလ်မှ အားကစား လုပ်ငန်းများဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်သည့် ဆိုင်မွန်ချတ်စစ်က ပြောကြားခြင်းဖြစ်ပြီး ၄င်းက “ဘောလုံးသမားတွေရဲ့ ဈေးနှုန်းတွေ တက်လာနိုင်တာကို ကလပ်သင်းတွေ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စတာလင်ပေါင် တန်ဖိုး လျော့သွားတာကြောင့်ပါ”ဟု ပြောသည်။

IBF ချန်ပီယံ အန်ထော်နီ ဂျို့(စ်)၀ါ စိန်ခေါ်မှုကို ၇ ချီဖြင့် အလဲထိုး

နိုင်ငံတကာ လက်ဝှေ့အဖွဲ့ချုပ်ဖြစ်သည့် IBF ၏ ဟဲဗီးဝိတ် ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ အန်ထော်နီဂျို့(စ်)၀ါက စိန်ခေါ်သူ ဒိုမီနစ်ဘရီယာဇီးလ်ကိုကို လန်ဒန်မြို့တွင် ကျင်းပသည့် ပွဲ၌ ၇ ချီတွင် အလဲထိုးနိုင်ခဲ့သည်။

လက်ရှိချန်ပီယံ အန်ထော်နီသည် ထိုးခဲ့သမျှပွဲများတွင် ယခုအချိန်ထိ ၁၇ ပွဲအလဲထိုး အနိုင်ယူထား သူဖြစ်သည်။ အရပ် ၆ ပေ ၇ လက်မရှိသည့် ဒိုမီနစ်သည် အရပ်နှင့်အလေးချိန် အားသားချက်ကို အသုံးချခဲ့သော်လည်း အန်ထော်နီကို မယှဉ်နိုင်ခဲ့ပေ။ ဒိုမီနစ်သည် ပရော်ဖက်ရှင်နယ်ပွဲ ၁၇ ပွဲထိုးထားပြီး ရှုံးပွဲမရှိသေးသည့် အမေရိကန် လက်ဝှေ့သမား ဖြစ်သည်။

၁၉၅၈ နောက်ပိုင်းတွင် သမိုင်းမှတ်တိုင်သစ် ထူနိုင်ခဲ့သည့် ဝေးလ်အသင်း

၁၉၅၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် ရောက်ခဲ့ဖူးပြီး နောက်ပိုင်း အဓိက  ဘောလုံးပြိုင်ပွဲကြီးများတွင် နာမည်ပျောက်နေခဲ့သော ဗြိတိန်အုပ်စုဝင် ဝေးလ်အသင်းသည် ကျင်းပဆဲ ယူရို ၂၀၁၆ တွင် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

မိနစ် ၉၀ ပွဲပြီးချိန်အထိ  ၄င်းတို့ဘက်မှ ဂိုးမသွင်းနိုင်ခဲ့သော်လည်း မြောက်အိုင်ယာလန် အသင်း၏ နောက်တန်း အလယ်လူ၏ ကိုယ့်ဂိုးကိုယ်သွင်းခဲ့မှုကြောင့် ဂိုးရရှိခဲ့ပြီး ယခုလို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများ၏ အဖြေလွှာများကို ပြန်လည်စစ်ဆေးပေးစေလိုပါက စာစစ်ဌာနသို့ တင်ပြနိုင်

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူ ကျောင်းသားများ၏ ရမှတ်ကွဲလွဲမှုရှိကြောင်း ယူဆပါက ပြန်လည်စစ်ဆေးပေးရန် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ တင်ပြနိုင်ကြောင်း  အဆိုပါ ဌာနမှ သိရသည်။

ထိုသို့တင်ပြမည် ဆိုပါက ဖြေဆိုသူ ကျောင်းသားကိုယ်တိုင် သို့မဟုတ် မိဘများကိုယ်တိုင်  ပြန်လည် ကြည့်ချင်သည့် အကြောင်းကို ခံဝန်ကတိထိုး၍ တင်ပြနိုင်ပြီး မူလအဖြေလွှာ စစ်ဆေးထားမှုကို ထပ်မံ စစ်ဆေးမှုပြုလုပ်မည် ဆိုပါက နိုင်ငံတော်သို့ တစ်ဘာသာလျှင် ကျပ်ငွေငါးထောင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ် အသီးသီး၏ ကျောင်းများ မဖွင့်မီအချိန် ကျောင်းသားများ နစ်နာမှုမရှိစေရန် အတွက် ပြန်၍ စစ်ဆေးပေးခြင်း ဖြစ်ကြောင်း သိရသည်။

Pages