ရမည်းသင်းစား သီလ၀ (သို့မဟုတ်) မပြုံးမရယ်တဲ့ ဗိုလ်ချုပ်ကြီးစန်းယု - ကိုရင်မောင်

မြန်မာ့တပ်မတော်၏ တတိယမြောက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယုနဲ့ ပတ်သတ်၍ စာစောင်များ၊ ဂျာနယ်များတွင်  ရေးသားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အာဏာရှင်ဖြစ်သော ဗိုလ်ချုပ်ကြီး နေ၀င်းသည် အသက် (၆၀) ပြည့်သော အခါတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး စန်းယုအား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး စန်းယုသည် ပြည်မြို့ ဇာတိဖြစ်ပြီး မြန်မာ့တပ်မတော်တွင် BIA, BDA, BPF အစ ရှိသည်တို့မှ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည် အထိ တာဝန်ထမ်းဆောင်ခဲ့သော စစ်သားကြီး တစ်ဦး ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော BIA တပ်တွင် ဂျပန်နှင့် ပေါင်းပြီ အင်္ဂလိပ်ကို တိုက်ထုတ်သော ကာလက BIAတပ်သို့ မ၀င်မီ ဗိုလ်ချုပ်ကြီး စန်းယုသည် ဆေးကျောင်းတွင် ပညာသင်ကြား ခဲ့ပါသည်။ ၁၉၇၄၊ မတ်လ (၂) ရက်နေ့တွင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗိုလ်ချုပ်ကြီး စန်းယုသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘ၀မှ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူးအဖြစ် ပြောင်လဲတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၄င်းနောက် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသူမှာ ဗိုလ်ချုပ်ကြီး သူရတင်ဦး ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး စန်းယုသည် ၄င်း၏ တပ်ရင်းမှူးဖြစ်သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်မှ သ.န.က (၃) တပ်ရင်း တစ်ရင်းလုံး တောခိုသော အခါတွင်မလိုက်ဘဲ တစ်ဦးတည်းသာ ကျန်ခဲ့သော အရာရှိ တစ်ဦး ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီး စန်းယုအား ကျွန်တော်သည် နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဘ၀တွင် စတင် တွေ့ရှိပြီး လေ့လာခွင့်ရခဲ့ပါသည်။ ၄င်းနဲ့ပတ်သတ်၍ ကျွန်တော့် ဆရာသမား ဗိုလ်မှူးကြီး ကျော်ဝင်း (ကြည်း ၅၉၀၆) ကွယ်လွန်သည် ၄င်းအခြားအဆင့် ဘ၀ကပင် ဗိုလ်ချုပ်ကြီး စန်းယုနဲ့အတူ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ကြုံကြိုက်တိုင်း ဗိုလ်ချုပ်ကြီး စန်းယုနှင့် ပတ်သက်၍ ပြန်လည် ပြောပြလေ့ရှိပါသည်။ နိုငံတော်ကောင်စီရုံး အဖြစ် သတ်မှတ်ထားသော အမှတ် (၁၆) ၀င်ဒါမီယာ ခရက်ဆင့်တွင် ဗိုလ်ချုပ်ကြီး စန်းယု ရုံထိုင်ခဲ့ပါသည်။ ၄င်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးသန်းစောမှာ ကျွန်တော်နှင့် ရင်းနှီးသူ ဖြစ်၍ အားလပ်သော ချိန်များတွင် သူ၏ရုံးသို့ သွားထိုင်ပြီး ဗိုလ်ချုပ်ကြီး စန်းယုကို လေ့လာခဲ့ရပါသည်။ ဗိုလ်ချုပ်ကြီး စန်းယုသည် ကျွန်တော် တွေ့ဖူးသမျှသော အကြီးအကဲများတွင် ၄င်း၏ကိုယ်ကျင့်တရားနဲ့ တာဝန်ကိုမှီသူ တစ်ယောက်မျှ မရှိပါ။ အချိန်လေးစားခြင်း၊ တာဝန်ကျေပွန်ခြင်း၊ နိုငံတော်၏ ဘဏ္ဍာငွေကို ခြိုးခြံ ချွေတာခြင်း (အသေးအမွှားကိုပင်) စသည်တို့မှာ နိုင်ငံတော် ကောင်စီရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်သော  ကာလအတွင်း တွေ့ရှိခဲ့ရပါသည်။ ၄င်း၏ ဦးစီးအရာရှိများဖြစ်သော ဗိုလ်မှူး ခင်ကြွေ (နောင်လွှတ်တော်တွင် ညွှန်ချုပ်) ဗိုလ်မှူးဝင်းမောင်တို့သည် အနီးကပ်နေသူများ ဖြစ်၍ ဂဃနဏ သိကြပါသည်။

နံနက် (၈) နာရီတိတိတွင် ဗိုလ်ချုပ်ကြီး စန်းယုသည် ၄င်း၏ ရုံးသို့ အေဒီလမ်းမှ မခေါ်သော အခါတွင် အမြဲတမ်း ရောက်ရှိပါသည်။ အေဒီလမ်းတွင် ဦးနေ၀င်းရုံး ရှိပါသည်။ နံနက် (၈)နာရီ ရုံးတက်ပြီးနောက် ၄င်း၏အခန်းအတွင်း လုပ်ငန်းများကို တာဝန်ထမ်းဆောင်ပါသည်။ တွေ့သင့်သော ၀န်ကြီးများ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များကို ခေါ်ယူပါသည်။ ထိုစဉ်က အများဆုံးလာ၍ တွေ့သောပုဂ္ဂိုလ်မှာ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တင်ဦး ဖြစ်ပါသည်။ ရုံးထိုင်သော နံနက်ပိုင်းတွင် ဦးစန်းယုသည် လက်ဖက်ရည် (၂)ခွက်ခန့် သောက်လေ့ရှိပါသည်။ ကိုယ်ရေးအရာရှိ ဖြစ်သော ဗိုလ်ကြီး သန်းစောမှာ မခေါ်လျှင် အခန်းတွင်းသို့ ၀င်ခွင့်မရှိပါ။ ဦးစန်းယု၏  ရုံးခန်းရှေ့ အခန်းတွင် ၄င်း၏ ဦးစီးအရာရှိ ဒုဗိုလ်မှူးကြီး စိုးမြင့် ထိုင်ပါသည်။ (၁၂) နာရီ ထိုးလျှင် ဦးစန်းယုသည် ၄င်း၏ ကမ္ဘောဇနေအိမ်သို့ ပြန်၍ နေ့လည်စာကို သုံးဆောင်ပြီး (၁)နာရီ တိတိတွင် ရုံးသို့ပြန်လာပါသည်။ ဤအချိန်ဇယားမှာ ဦးစန်းယု မပျက်မကွက်သော အချိန်ဇယား ဖြစ်ပါသည်။ ညနေပိုင်းတွင် (၅) နာရီ ၀န်းကျင်ခန့်တွင် အကြောင်းထူး မရှိပါက ရုံးဆင်းလေ့ရှိပါသည်။ ဗိုလ်ကြီး သန်းစော၏ ပြောပြချက်အရ ဦးစန်းယုအား နေ့ခင်းဘက် အိမ်ပြန် ထမင်းစားရ၍ အချိန်ကုန်မှု၊ တာဝန်ပိုမှုတို့ကို ပြောပြသော အခါတွင် ငါ၏ Principleကို မင်းပြောစရာမလိုဟု ပြောပါသည်။ ဦးစန်းယုသည် တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်၊ နေ့ထူးနေ့မြတ် ရုံးပိတ်ရက်များတွင်ပင်လျှင် ရုံးတက်ပါသည်။

ခြိုးခြံချွေတာမှုနှင့် ပတ်သက်၍ ပြောရလျှင် အမှတ်(၁၆)၀င်ဒါမီယာတွင် ဦးစန်းယု ရုံးခန်း၌ အစည်းအဝေး ကျင်းပသောအခါ၌ ထမင်းစားချိန် လွန်သည့်တိုင်အောင် မည်သည့်အခါမှ ထမင်း မကျွေးပါ။ ယင်းနှင့်ပတ်သက်၍ ကျွန်တော့် ဆရာသမားက ထမင်းကျွေးရန် ပြောသောအခါတွင် ငါလည်း အိမ်ပြန်စားတယ်၊ မင်းလည်း အိမ်ပြန်စားဟု ပြောခဲ့ပါသည်။ ထိုစဉ်ကာလက လူကြီးများ၏ ခြိုးခြံချွေတာမှုသည် ယနေ့ခေတ် လူကြီးများအတွက် နမူနာယူစရာများ ဖြစ်ပါသည်။ သို့သော် တစ်ခု ပြောနိုင်သည်မှာ ယခင် ခေါင်းဆောင်များသည် အတ္တ အလွန် နည်းသူများ ဖြစ်ကြပါသည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးဖြစ်သော ဗိုလ်မှူးကြီး သောင်းကြည်သည် အလွန်စည်းကမ်းကြီးပြီး တိကျသူ ဖြစ်ပါသည်။ အားလုံး၏လေးစားခြင်းကိုလည်း ခံရပါသည်။ ၄င်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ခင်မောင်အေး ပြောပြချက်အရ သူ၏ဆရာသမားမှ အစားအစာ မှာသောအခါတွင် ငါ့အတွက် ကော်ပြန့်လိပ် (၁)လိပ်ဟုမှာပြီး စေတနာဖြင့် မ၀မည်ဆိုးပြီး (၂) လိပ် (၃)လိပ် ပေးမိလျှင် ကောင်းကောင်းဆူခံ ရပါတော့သည်။ ထိုစဉ်က လူကြီးတစ်ဦး ဧည့်ခံစရိတ်ကို ပြောပြလျှင် ရီစရာ ဖြစ်ပါမည်။ သာမာန် နိုင်ငံတော် ကောင်စီဝင် တစ်ဦး၏ ဧည့်ခံစရိတ်မှာ တစ်လတွင် (၂၅) ကျပ်သာ ရှိပါသည်။ ခရီးစဉ်များ သွားသောအခါတွင် သက်ဆိုင်ရာ ပါတီ ကောင်စီများ၏ ဧည့်ခံမှုကိုလည်း ကန့်သတ်မှုဖြင့် လက်ခံရပါသည်။ ဆရာသမား၏ နေ့တွက်မှာ ၂၅ ကျပ်ဖြစ်ပြီး ကိုယ်ရေး အရာရှိမှာ (၁၅) ကျပ် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသသို့ ရောက်လျှင် (၃) ရက်ခန့် ကြာမည်ဆိုပါက (၁၂၀)ကျပ်ပေးပြီး စားခဲ့ရပါသည်။ တပ်မတော် အစိုးရ လက်ထက်ကကဲ့သို့ အခြွေအရံ မိသားစုများဖြင့် သွားပါက ပြန်လာလျှင် ထွက်စာတင်ခိုင်းမည် ဖြစ်ပါသည်။ ဦးစန်းယုသည် ဥက္ကဌ ဦးနေ၀င်း အစည်းအဝေး မတက်ရောက်နိုင်သော အခါများတွင် မည်သည့်အခါမှ ထိပ်ခုံတွင် မထိုင်ပါ။ ထိပ်ခုံ၏ နံဘေးရှိ သူ၏ မူလနေရာတွင်သာ ထိုင်ပြီး  အစည်းဝေးကို ကျင်းပလေ့ ရှိပါသည်။ တာဝန်နှင့် ပတ်သက်၍လည်း မှတ်သားစရာ အလွန်ကောင်းသော အချက်တစ်ခု ဖော်ပြပါမည်။ ကျောင်းသား အရေးအခင်းတွင် ပါဝင်မှုနှင့် ပတ်သက်၍ ထိုစဉ်က နာမည်ကြီး ကျူရှင်ဆရာကြီး တစ်ဦးဖြစ်သော ဦးအောင်ဖေညွှန့်၏ သားသည် ထိန်းသိမ်းခံရာတွင် ပါသွားပါသည်  ဆရာ အောင်ဖေညွှန့်မှာ ဥက္ကဌ ဦးနေ၀င်း သမီးဖြစ်သူ မစန္ဒာ၏ ဆရာဖြစ်သောကြောင့် မစန္ဒာထံတွင် အကူအညီ တောင်းခံသောအခါ မစန္ဒာမှ ဦိးစန်းယု နေအိမ်သို့လာပြီး ဦးစန်းယု၏ ဇနီးဒေါ်သန်းရှိန်အား ဆရာ အောင်ဖေညွှန့် သားအတွက် ပြောပြကူညီ တောင်းခံခဲ့ပါသည်။ ထိုစဉ် ကာလက ဦးနေ၀င်းမှာ ပြည်ပသို့ ခရီးထွက်နေသောအခါ ဖြစ်ပါသည်။ ယင်းကိစ္စအား ဒေါ်သန်းရှိန်မှ ဦးစန်းယုအား ပြောပြသောအခါတွင် ဦးစန်းယုမှ စကားတစ်ခွန်းသာ ပြန်ပြောလိုက်ပါသည်။ ၄င်းမှာ “ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်တင်ဦးသည် တာဝန်အရ စီမံဆောင်ရွက်ခြင်း ဖြစ်၍ ၄င်းအနေဖြင့် ပါဝင်၍ စွက်ဖက်ရန်မလို”ဟု ဖြစ်ပါသည်။ ဦးစန်းယု၏ မှတ်သားဖွယ်တစ်ခုမှာ တပ်မတော်တွင် Senior, Junior ဟူ၍မရှိပါ လက်ရှိ တာဝန်ထမ်းဆောင်လျှက်ရှိသော အဆင့်သာလျှင် အဓိက ဖြစ်ပါသည်။ ၄င်းစကားမှာ သူ၏ တပည့်တစ်ဦး ဖြစ်သူ ဒုဗိုလ်မှူးကြီး စံသိန်း၊ (ဗုဒ္ဓေါ) (ထိုစဉ်က ရန်ကုန်တိုင်း G1)အား ပြောကြားခဲ့သော စကားဖြစ်ပါသည်။ ထိုစကားပြောရခြင်း အကြောင်းအရင်းမှာ ဗိုလ်မှူးကြီး စံသိန်းသည် ၄င်းပြောင်းရွှေ့ရသောအခါတွင် ၄င်း၏ အထက်အရာရှိမှာ သူ့ထက် Junior ကျနေ၍ ဆရာရင်းဖြစ်သော ဦးစန်းယုအား တင်ပြရာတွင် ဦးစန်းယုမှ ပြောခဲ့သော စကား ဖြစ်ပါသည်။

တွေ့ခဲ့ရသော ကာလတစ်လျှောက်တွင် ဦးစန်းယု ရီသည်၊ သွားပေါ်အောင် ပြုံးသည်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။ သို့အတွက်ကြောင့် ၄င်းပုဂ္ဂိုလ်သည် မြန်မာ့ သမိုင်းတွင် မပြုံးမရီဘဲ နေခဲ့သော ရမည်းသင်းမြို့စား သီလ၀ ၀င်စား၍လားဟုပင် ထင်မိပါသည်း။

သမ္မတကြီး ဦးစန်းယုမှာ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါသည်။ ၄င်း၏ ရာထူး၊ သက်တမ်းရှိသော ကာလတွင် မတရားသဖြင့် ရှာဖွေထားသော ပစ္စည်းများ တစ်ခုမျှမရှိပါ။ ၄င်းပိုင်ဆိုင်ခဲ့သော ချင်းချောင်း ရိပ်သာရှိ အိမ်ကြီးပင်လျှင် ယခုအခါတွင် တစ်ပါးသူ လက်ထဲသို့ ရောက်သွားပြီ ဖြစ်ပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ၄င်းတို့မိသားစုတွင် ငွေကြေးပြည့်စုံ၊ မပြည့်စုံကို သိနိုင်ပါသည်။ န.၀.တ ခေတ် န.အ.ဖ ခေတ် ၀န်ကြီး ဗိုလ်ချုပ်များကဲ့သို့ ထိုစဉ်က လူကြီးများတွင် အိမ်များ မပေါများပါ၊ တစ်လုံးကို အနိုင်နိုင် ဆောက်ရပါသည်။ မင်းမနိုင်ရှိ တိုက်ခန်းများသည်ပင်လျှင် လူကြီးများ အစိုးရအိမ်သို့ ပြောင်းရွှေ့သော အခါတွင် ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီး ဖြစ်သူ ဗိုလ်မှူးကြီး ထင်ကျော်သည် ကိုယ်တိုင်လာပြီး အခန်းများကို ပြန်တောင်းလေ့ရှိပါသည်။ နိုင်ငံ့ တာဝန်နှင့် တပ်မတော် တာဝန်ကိုသာ အဓိက ထားပြီး ထမ်းဆောင်ခဲ့သော ဦးစန်းယုလို ပုဂ္ဂိုလ်မျိုး အနာဂတ်တွင် ပေါ်ပေါက်နိုင်ပါစေ။

ကိုရင်မောင်

 

Category: 

Share