ထောင်ကထွက်လို့ သုံးနှစ်အကြာ (၅) - ဇာဂနာ

ကျွန်တော့ နိုင်ငံရပ်ခြား ဒုတိယ ခရီးစဉ်ကတော့ စင်ကာပူပါပဲ။ စင်ကာပူဆိုတာ ဘယ်လို တိုးတက်တယ်၊ ဘယ်လိုကြွယ်ဝတယ်ဆိုတာ အမြဲလိုလိုကြား နေခဲ့ပေမဲ့ ခုတော့ လက်တွေ့မျက်တွေ့  တွေ့ရတော့မှာမို့ ပျော်မိတာ အမှန်ပါ။ ကျွန်တော်နဲ့တူတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးလဲ လိုက်မယ်ဆိုတော့ သဘောကျတာပေါ့။ သူနဲ့ ကျွန်တော်နဲ့က The Art of Freedom film festivalကို နှစ်ယောက်တူတူ လုပ်ခဲ့ကြတာလေ။ တော်တော်လဲ ကြီးကြီးကျယ်ကျယ် အောင်မြင်ခဲ့ပါတယ်။ ပြသနာတွေလဲ တော်တော်တက်ခဲ့ပါတယ်။

ပထမဆုံးကြုံရတဲ့ ပြသနာက ဒီရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်တဲ့ ဇာတ်ကားတွေကို ဆင်ဆာဖြတ် မဖြတ် ဆိုတာပါပဲ။ တကယ်တမ်းတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ မြန်မာရုပ်ရှင် ဆင်ဆာအဖွဲ့ဆိုတာကြီးက ရှိနေပါသေးတယ်။ တစ်ခါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကြီးကလဲ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ပါပဲ။ ဒီလိုကာလမျိုးမှာ ကျွန်တော်တို့က ဆင်ဆာ မတင်ပဲ ရုပ်ရှင်ပွဲတော် လုပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ပြိုင်ပွဲဝင်ကားတိုင်း ပြသခွင့်ရအောင်၊ ဆင်ဆာ လုံးဝ(လုံးဝ) အဖြတ်မခံရအောင် ကျွန်တော် တစ်ယောက်ထဲ နည်းလမ်းမျိုးစုံ သုံးပြီး အကြီးအကျယ် ညှိုနှိုင်းခဲ့ရတာကိုတော့ မှတ်မှတ်ထင်ထင် ပြောခဲ့ပါရစေ။

အဲဒီအချိန်တုန်းက မြန်မာ့ ရုပ်ရှင်လုပ်ငန်းရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးက ဦးအောင်မျိုးမြင့်ပါ။ ဆင်ဆာအဖွဲ့ရဲ့ ဥက္ကဌလဲ ဖြစ်ပါတယ်။ ဆရာ ဦးမြင့်သိန်းဖေ ကတော့ ရုပ်ရှင်အစည်းအရုံးရဲ့   ဥက္ကဋ္ဌပါ။ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော် မလုပ်ခင်မှာ ၀သန်ရုပ်ရှင်ပွဲတော်ဆိုတာ လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော် ထောင်ထဲ ရောက်နေတုန်းက သတင်းတွေ ဖတ်ခဲ့ရတာပေါ့။

ခုကျွန်တော်တို့ ရုပ်ရှင်ပွဲတော် လုပ်တဲ့အခါမှာ ရုပ်ရှင်ကားပေါင်း ၁၈၀ကျော် လက်ခံရခဲ့ပါတယ်။ ကိုမင်းထင်ကိုကိုကြီးရယ် ကျွန်တော်ရယ် အရင်ကြည့်ပြီး နောက်ဆုံးအဆင့်ကျမှ ဆုံးဖြတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီ တင်ပြခဲ့တာပါ။ သည်တော့ ကျွန်တော်တို့ ၂ ယောက် ပဏာမကြည့်တဲ့ အခါမှာ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကားတွေ၊ အစိုးရကို ကောင်းကောင်း ဝေဖန်ထားတဲ့ ကားတွေ၊ အစိုးရကို သရော်ထားတဲ့ ကားတွေ အများကြီး တွေ့ခဲ့ရပါတယ်။ သည်ဇာတ်ကားတွေကို ကျွန်တော်တို့ရဲ့ ပရိသတ်ကြီး လွတ်လွတ်လပ်လပ် ခံစားကြည့်ရှုစေချင်တဲ့ဆန္ဒ  အပြည့်အ၀ ရှိပါတယ်။ ဒါကြောင့်လဲ ဆင်ဆာက မဖြတ်ဖို့၊ ပြသခွင့်ပေးဖို့ ကျွန်တော် သွားပြီးညှိနှိုင်းခဲ့ရပါတယ်။ ပထမ အဆင့် ဆရာ ဦးမြင့်သိန်းဖေနဲ့ တွေ့ပြီး ဒုတိယအဆင့် ကျတော့မှ ဦးအောင်မျိုးမြင့်နဲ့ တွေ့တာပါ။ ဒါကို ရုပ်ရှင် လုပ်ငန်းက သတင်းစာထဲမှာ ဓါတ်ပုံနဲ့တကွ သတင်း ဖော်ပြလိုက်ပါတော့တယ်။ ဒီမှာတင် ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်ကို တင်ပြလာခဲ့တဲ့ ဇာတ်လမ်းတွေဟာ သေချာပေါက် ဆင်ဆာ အဖြတ်ခံရပြီလို့ ပြောကြရေးကြတာ စပြီးခံရတော့တာပါပဲ။

ဒါပေမဲ့ ကျွန်တော်ပြန်ပြီး မရှင်းခဲ့ပါဖူး။ ဘာလို့လဲဆိုတော့ ဒါရိုက်တာတိုင်း သိပါတယ်။ သူတို့ ကားကို ဖြတ်ထားသလား ဖြတ်မထားဖူးလား ဆိုတာကို။ ကျွန်တော်တို့က တော်ဝင်စင်တာက ရုပ်ရှင်ရုံ သုံးရုံ စလုံးမှာ အပြိုင်ပြခဲ့တာပဲလေ။

နောက်ထပ် တက်လာတဲ့ ပြဿနာကတော့ ဒါရိုက်တာဝိုင်းရဲ့ အဲဒီအခန်းဖြတ်ဆိုတဲ့ ရုပ်ရှင်ကားပါပဲ။ ရုပ်ရှင်ဆင်ဆာ အဖွဲ့ကို ကောင်းကောင်းကြီး သရော်ထားတဲ့ ဇာတ်ကားပါ။ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က ဘ၀အပျက်ခံပြီး အစိုးရကို သရော်ခဲ့တဲ့သူပဲ။ ခုဝိုင်းရဲ့ ဇာတ်ကားကလဲ ဒီလို သရော်ထားတာပဲလေ။ ဆင်ဆာအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသိန်းထွန်းအောင်နဲ့ ရုပ်ချင်းတော်တော် ဆင်တဲ့ ကိုဇော်ဝင်းနိုင် (မန်း)ကို ရွေးချယ်အသုံးပြု ထားတာကအစ သူတော်တော် အားထုတ်ထားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ Relax စားသောက်ဆိုင်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်တုန်းကရော၊ SSဆိုင်မှာ တွေ့ဆုံကြပြီး ပွင့်ပွင့်လင်းလင်း မေးကြ မြန်းကြ တိုင်ပင်ကြတုန်းကရော ပြိုင်ပွဲဝင်မဲ့ ကားတွေကို (၁) competitive petနဲ့ (၂) non-competitive ဆိုပြီး ၂ မျိုးခွဲရအောင်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သဘောကတော့ ဆုအတွက် ပြိုင်ပွဲဝင်မဲ့ကားနဲ့ ပြသရုံ အတွက်ပဲ ပွဲတော်တင်တဲ့ ကားဆိုပြီး ခွဲခြားလိုက်တဲ့ သဘောပါ။

ဒီလိုလုပ်ရတာကလဲ အကြောင်းရှိပါတယ်။ အဲဒီအချိန်တုန်းက မြန်မာ့ရုပ်ရှင် အရေး လှုပ်ရှားဆောင်ရွက်သူများ အဖွဲ့ဆိုပြီး ဖွဲ့စည်းထားတာ ရှိနေခဲ့ပါတယ်။ ကိုဇင်ဝိုင်း၊ ကိုမျိုးမင်း၊ ၀ိုင်း၊ ကိုဇော်(အရုဏ်ဦး)၊ ကိုမိုးဦး (ဒါရိုက်တာ ကျော်ဇောလင်း)၊ ပြေတီဦး၊ စတဲ့သူတွေ ပါပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ရုပ်ရှင်သမားတွေရဲ့ အရေးကို ရုပ်ရှင်သမားတွေ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ မူနဲ့ပါ။ ကျွန်တော်နဲ့ ကိုမင်းထင်ကိုကိုကြီးနဲ့ နှစ်ယောက်ထဲ လုပ်နေရတဲ့ ရုပ်ရှင်ပွဲတော်ကို နီးစပ်ရာ လူငယ် တစ်စုက ကူညီခဲ့ပါတယ်။ ရုပ်ရှင်နယ်ထဲက ဘယ်သူဘယ်ဝါ တစ်ဦးတစ်ယောက်ရဲ့ အကူအညီကိုမှ မရခဲ့ပါဖူး။ ဒါပေမဲ့ ကျွန်တော်နဲ့ အဲဒီရုပ်ရှင်အရေး လှုပ်ရှားသူများ အဖွဲ့နဲ့က လူချင်း ရင်းနှီးတဲ့ အတွက် ဘယ်လို နည်းလမ်းတွေ သုံးပြီး ရုပ်ရှင် အစည်းအရုံးကို ပြန်ကြားရေး ၀န်ကြီး လက်အောက်ကနေ ပြန်ယူမယ်ဆိုတာကို မကြာခဏ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေရဲ့ ရလာဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်တွေ အကုန်လုံးကို ဖိတ်ကြား တွေ့ဆုံခဲ့တဲ့ သာဓက တစ်ခုပါပဲ။ အဲသလို ကျွန်တော်တို့ အနုပညာရှင် အချင်းချင်း တိုင်တိုင်ပင်ပင် နွေးနွေးထွေးထွေး ရှိနေပေမဲ့။ ၀ိုင်းရဲ့ အဲဒီအခန်းဖြတ်ဆိုတဲ့ ဇာတ်ကားကို အွန်လိုင်း တင်လိုက်တဲ့အခါမှာတော့ ပြသနာတွေ ဂယက်တွေ အုံးအုံးထခဲ့ပါတော့တယ်။

ဒီဇာတ်ကား စရိုက်ကထဲက ရုပ်ရှင်အရေး ဆောင်ရွက်သူများ အဖွဲ့နဲ့တိုင်ပင်ပြီးမှ လုပ်တာပါ၊ တစ်ခါ ပြိုင်ပွဲရဲ့ အဖွင့်နေ့မှာ ပွဲတော်အဖွင့် ဇာတ်ကားအဖြစ် သည်ကားကိုပြမယ်လို့ ကျွန်တော်တို့ချင်း နားလည်မှု ယူထားပါတယ်။ ပွဲတော်ကို တက်ရောက်ဖို့ ၀န်ကြီး ၀န်ကလေးတွေကိုလဲ ဖိတ်ထားတဲ့ အတွက် တစ်ချက်ခုတ် သုံးချက်ပြတ် လုပ်လိုက်တဲ့ သဘောပါပဲ။ ဒါပေမဲ့ ၀ိုင်းရဲ့ရုပ်ရှင်က အင်တာနက် ပေါ်တက်သွားခဲ့ပါပြီ။ အဲသည်အချိန်မှာ ကျွန်တော်ဟာ ဖနွမ်းပင် ရောက်နေခဲ့ပါတယ်။ ကိုမင်းထင်ကိုကိုကြီးက ပြိုင်ပွဲနဲ့ ပတ်သက်လို့ Relaxမှာရော SSမှာပါ အွန်လိုင်း မတင်ဖို့ တားမြစ်ထားရက်နဲ့ သည်လို မလုပ်သင့်ဖူးဆိုတဲ့ အကြောင်းပြချက်နဲ့ စတင် ကန့်ကွက်လာခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်ချိန်မှာတော့ အန်တီဆီကနေ စည်းကမ်းအတိုင်း လုပ်ပါဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြားရတဲ့အခါ နားထင်နားရင်းတွေ ထူးပူကုန်ပါတယ်။ ၀ိုင်းရဲ့ရုပ်ရှင်ကို မပြသရမှာကို အကြီးအကျယ် စိုးရမ်ခဲ့တဲ့ အထဲမှာ ကျွန်တော်ဟာ နံပါတ် (တစ်)ပါ။ဒါပေမဲ့ ပြသနာကတော့ ဖြစ်သွား ခဲ့ပါပြီ။ တာဝန်ရှိသူ တစ်ယောက် အနေနဲ့ တာဝန်နဲ့အညီ ရဲရဲရင့်ရင့် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ၀ိုင်းရဲ့ဇာတ်ကားကို ပြိုင်ပွဲဝင်ခွင့် ရပ်ဆိုင်းထားတယ်လို့ ပြောလိုက်ရပါတယ်။ ဒါကလဲ ပိတ်ပင်ထားပါတယ်။ တားမြစ်လိုက်ပါတယ်။ ပေးမပြိုင်တော့ပါဘူး စသဖြင့် မပြောချင်လို့ ထပ်ညှိချင်သေးလို့ ပြောလိုက်ရတာပါ။ ဒါပေမဲ့ ကျွန်တော့ကိုပဲ ၀ိုင်းတွယ် ခဲ့ကြပါတော့တယ်။ အလင်းတန်း ဂျာနယ်တိုက်မှာ ယူခဲ့တဲ့ ပြိုင်ပွဲဝင်ခွင့် ပုံစံထဲမှာ သည်စည်းကမ်းချက် မပါဘူး။ ဒါပေမဲ့ ခုကျတော့မှ ဒီစည်းကမ်း ချိုးဖောက်ပါတယ် ဆိုပြီး ဇာဂနာ ဂတုံးက လူလည် လာကျတယ်။ ဆင်ဆာ အဖွဲ့ကို သရော်ထားလို့ ကြောက်ပြီး မပြရဲတာဆိုတာမျိုးတွေ ၀ိုင်းရေး ခဲ့ကြတဲ့သူတွေ နာမည်နဲ့တကွ ကျွန်တော့မှာ မှတ်တမ်းရှိပါတယ်။ တစ်ချို့ကတော့ တော်တော် ပက်ပက်စက်စက် ဆဲဆိုခဲ့တာပါ။

ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီဇာတ်ကားကို ပြိုင်ပွဲဝင် မဟုတ်တောင် ပြပွဲဝင် အဖြစ်နဲ့ ခွင့်ပြု ပေးလိုက်ပါဆိုတဲ့ စကားလေး တစ်ခွန်းကြားရဖို့ ရင်တခုန်ခုန်နဲ့ စောင့်နေရသူပါ။ ၀ိုင်းကိုလဲ သူ့အနေနဲ့ အွန်လိုင်းပေါ် တင်လိုက်တာ မဟုတ်ပဲ၊ ကျွန်တော်တို့ချင်း ကြိုတင် သဘောတူညီချက် ယူထားတာကို မသိတဲ့ သူ့မိတ်ဆွေ ကားဆက်ခန်း တာဝန်ခံ ကိုကျော်ထွန်းလင်းက တင်လိုက်တာပါဆိုတဲ့ စာကို အန်တီ့ဆီကို ရေးပေးဖို့ မေတ္တာရပ်ခံ ခဲ့ရပါတယ်။ သူကလဲ ကိုဇင်ဝိုင်းနဲ့ရော ကိုမျိုးမင်းနဲ့ပါ တိုင်ပင်ပြီး ရေးခဲ့ပါတယ်။ ဒီစာနဲ့ အန်တီဆီကို သွားတွေ့တဲ့ အခါမှာ (ဒါပထမဆုံး အကြိမ် လုပ်တဲ့ပွဲဆိုတော့ ပွဲစီစဉ်သူတွေ ဘက်ကရော ပြိုင်ပွဲဝင်တဲ့ သူတွေဘက်ကပါ အားနည်းချက်တွေ ရှိနေနိုင်တာပေါ့။ နှစ်ဖက် နားလည်မှုယူပြီး ခွင့်ပြုလိုက်ပါ) ဆိုတဲ့ စကားကို ၀မ်းသာအားရ ကြားလိုက်ရပါတော့တယ်။ အဲဒါ မှတ်မှတ်ရရ ဒီဇင်ဘာလ ၂၈ ရက်နေ့ပါ။ ပွဲတော်ဖွင့်ပွဲက ဒီဇင်ဘာ ၃၁ ရက်နေ့မှာပါ။

ဒီလိုနဲ့ ၀ိုင်းရဲ့ဇာတ်ကားဟာ ပရိသတ် အကြိုက်ဆုံးဆုကို ထိုက်ထိုက်တန်တန် ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒဏ်ရာတွေ အများကြီး ရနေပါပြီ။ ဘာမှမကူညီပဲ (မှန်လား မမှန်လား မဆင်ခြင်ပဲ) ၀ိုင်းတွယ်တတ်ကြသူတွေကြောင့် တော်တော် စိတ်အချဉ်ပေါက် နေပါပြီ။ တစ်ခါ ကျွန်တော့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေ ထောင်ထဲက မလွတ်လာသေးပြန်တော့ ပိုပြီးဆူးတောင်ပေါက်လို့ ဆုပေးပွဲညမှာ ပြက်လုံး ကြမ်းကြမ်းတွေ ပြက်မိခဲ့သလို အစိုးရကို ကောင်းကောင်း တွယ်ခဲ့မိပါတယ်။

ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို အဲဒီရုပ်ရှင်ကား တပွေ့တပိုက်ကြီးနဲ့ စင်ကာပူကို ထွက်လာခဲ့ချိန်မှာတော့ နောက်ထပ် ဆူးတောင်တွေ ထပ်ပေါက်ခဲ့ရ ပြန်ပါတယ်။ ရသအလင်း ဖောင်ဒေးရှင်းက စီစဉ်တဲ့ ရုပ်ရှင်နဲ့ ဟောပြောပွဲ အစီအစဉ်ပါ။ အဲသည်ပွဲမှာ (ပွဲနဲ့ ဘာမှမဆိုင်ပဲ) ကျွန်တော် ဗိုလ်ချုပ်ခင်ညွှန့်နဲ့ သွား တွေ့တဲ့ အကြောင်းကိုပဲ ထပ်ခါ တလဲလဲ အမေးခံရပါတော့တယ်။

ဒီနေရာမှာ တိတိလင်းလင်း ပြောချင်တာက (၁) ကျွန်တော် ဗိုလ်ချုပ်ခင်ညွှန့်နဲ့ (သူအာဏာ ရှိနေစဉ်တုန်းက) တစ်ခါမှ မတွေ့ဖူးပါဘူး။ (၂) အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ အခြေခံမူနဲ့ဆိုရင် နိုင်ငံရေး အကျဉ်းသားများရော ထောက်လှန်းရေးတွေရော၊ အကောက်ခွန်တွေကိုပါ လွှတ်ပေးသင့်ပါတယ်လို့ ကျွန်တော် လွတ်တဲ့နေ့ ကတည်းက မီဒီယာကို တရားဝင် ပြောခဲ့တာပါ။ ဒီမူကို ခုချိန်ထိ ကိုင်စွဲထားဆဲပါ (၃) ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေရယ် ထောက်လှမ်းရေး တစ်ချို့ရယ် လွတ်လာချိန်မှာတော့ လေဆိပ်မှာ ကြိုဆိုဖို့ ကျွန်တော် တာဝန်ယူ ခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီတစ်နေ့ထဲမှာပဲ အမေရိကန်သံရုံးမှာ visa ၀င်ရပါတယ်။ နောက်ဆုံး အမေရိကား မသွားရလဲ နေပါစေတော့။ လေဆိပ်မှာ သူငယ်ချင်းတွေကိုပဲ သွားကြိုတော့မယ် ဆိုပြီး အမေရိကန် သံရုံးထဲကနေ ထွက်ခဲ့တာ အားလုံး သိကြပါတယ်။ (၄) တစ်ခါ ဦးခင်ညွန့်ရဲ့ တူမကနေပြီးတော့ ကျွန်တော့ကို ထမင်းစားဖိတ်ပါတယ်။ အကြောင်းက ကျွန်တော် ထောင်က လွတ်လွတ်ချင်း ထောက်လှမ်းရေးတွေကို လွှတ်ပေးသင့်ပါတယ်လို့ တောင်းဆိုပေးခဲ့လို့ ကျေးဇူးတင်လို့ပါတဲ့။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ဖြူးမြို့ အထက (၁) ကျောင်း ဆရာကန်တော့ပွဲမှာ ဟောပြောပွဲ လုပ်နေပါတယ်။ (၅) ရန်ကုန်ပြန်ရောက်တော့ အံ့ဘွယ်ကျော်ကို သွားနှုတ်ဆက်နေတုန်း ကိုဇင်ဝိုင်းနဲ့ ကြည်ဖြူသျှင်က ခဏကလေး လိုက်ခဲ့ပါ။ ဦးခင်ညွန့်က တွေ့ချင်နေလို့ သူတို့ ချိန်းထားပြီးသားလဲ ဖြစ်နေလို့ဆိုပြီး လာပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော်နဲ့ ကိုမင်းထင်ကိုကိုကြီးနဲ့ ထလိုက်သွားခဲ့ပါတယ်။ ဇာတ်လမ်းက ဒါပါပဲ။ ကျွန်တော်က သူအာဏာရှိစဉ်တုန်းက ရုပ်ရှင်သမားတွေကို ပေးတဲ့ တယ်လီဖုန်း၊ မြေကွက်၊ တိုက်ခန်း ဘာတစ်ခုမှ ရဖူးတာ မဟုတ်ပါဘူး။ ယုတ်စွအဆုံး အနုပညာ လုပ်ဆောင်ခွင့်တောင် အပိတ်ခံခဲ့ရသူပါ။ သူနဲ့ပလဲနံပ သင့်ခဲ့ကြသူတွေ၊ သူ့ကို လက်အုပ်လေး တစ်ချီချီနဲ့ ဘုန်းကြီးကို ကန်တော့သလို လုပ်ခဲ့ကြသူတွေရဲ့ မှတ်တမ်း ဓာတ်ပုံတွေ တောင်ပုံယာပုံပါ။ ကျွန်တော်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုလို့ အဲသည်နေ့က ကျွန်တော်တို့ တွေ့ဆုံစဉ် ရိုက်ခဲ့တဲ့ တစ်ပုံပဲ သမိုင်းမှာ ရှိပါတယ်။

သို့သော် ဒါကိုပဲ တခုတ်တရ မေးမေးနေကြတော့ ကျွန်တော့မှာ ရှင်းနေရတာပေါ့။ ကျွန်တော် အထက်က ပြောခဲ့သလိုပဲ မှန်မှန်ကန်ကန် ရှင်းပြခဲ့ပါတယ်။ ထူးခြားချက် တစ်ခုကတော့ ကျွန်တော့ကို အဲသလို မေးတဲ့အထဲမှာ ၁၀၅ မိုင် မူဆယ်ဂိတ်က အကောက်ခွန် အရာရှိရဲ့ ရည်းစားဟောင်းပါ ပါ နေပြန်ပါသေးရဲ့။ အော်လို့ပဲ ရေရွတ်နိုင်ပါတော့တယ်။

အဲဒီပွဲအပြီးမှာတော့ လမ်းပြကြယ် စာကြည့်တိုက် ကိစ္စက တစ်ပူ ထပ်ဆင့်ပြန်ပါတယ်။ ကျွန်တော်က ကိုဘိုဘိုဝင်းကို လမ်းပြကြယ် စာကြည့်တိုက် အနေနဲ့ ပြောမိလိုက်တာ မှားတယ်တဲ့။ ကိုဘိုဘိုဝင်းက လမ်းပြကြယ် မဟုတ်ဘူးတဲ့။ အမှားပြင်ပေးရမယ်၊ တောင်းပန် ပေးရမယ်တဲ့။

ကျွန်တော် တော်တော်လေ သွားပါတယ်။ န၀တ၊ နအဖ စစ်အစိုးရကိုတောင် မတောင်းပန်ဘူးခဲ့တဲ့ ကျွန်တော်က ဒါလေးပြောတာကို တောင်းပန်ရမယ်တဲ့လား။ ၂၀၀၇/၂၀၀၈ ကိစ္စတွေမှာ ကိုဘိုဘိုဝင်းကို ကျွန်တော်က လမ်းပြကြယ် အနေနဲ့ပဲ သိထားတာလေ။ ကျွန်တော်ထောင်ထဲ ရောက်သွားချိန်မှာ သူတို့လမ်းပြကြယ် အပြောင်းအလဲ ဖြစ်သွားတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ ဒါဟာအစိုးရအဖွဲ့ အပြောင်းအလဲ လုပ်တာမှ မဟုတ်ပဲ၊ ဘာအရေးကြီးလို့လဲ။ ဆောရီးပါဗျာ။ ကျွန်တော် အရင်က သိထားတဲ့အတိုင်း ပြောမိတာပါဆိုရင်ကော မလုံလောက်လို့လား။ တစ်ခါ ကိုဘိုဘိုဝင်းကလဲ သူဟာ လမ်းပြကြယ်ကို ဘယ်လိုထူထောင်ခဲ့ပါတယ်၊ ငွေကြေးဘယ်လို စုဆောင်းခဲ့ပါတယ်ဆိုတဲ့ အစည်းအဝေး မှတ်တမ်းတွေနဲ့ ရှင်းလာပြန်တော့ ကျွန်တော်က ဘာလုပ်ရမှာလဲ။ ပြီးတော့ဒါဟာ တိုင်းရေးပြည်ရာ ကိစ္စလဲမဟုတ်၊ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ အတွက်လဲ မဟုတ်။ လမ်းပြကြယ်ဆိုတာ သူလိုကိုယ်လို စာကြည့်တိုက်လေး တစ်ခုပဲလေ။

ဒါပေမဲ့ စာနဲ့ပေနဲ့ တောင်းပန်ရမယ်ဆိုပြီး ကျွန်တော့ကို အုပ်စုလိုက်လာတွေ့ပြီး အကျပ်ကိုင်တော့တာပါပဲ။ ဖြစ်ချင်တော့ အနားမှာတင် DVBက မသီတာရှိနေတဲ့ အတွက် ကောင်းပြီ ခုချက်ချင်း video ရိုက်ပြီး  DVBကနေ တောင်းပန်ကြောင်း ပြောပေးမယ် ဆိုပြန်တော့လဲ မဟုတ်ဘူးတဲ့။ စာနဲ့ရေးပြီးပဲ တောင်းပန်ရမယ်တဲ့။ ကိုင်းမခက်လား။ ကျွန်တော် ပြောခဲ့သလို စစ်အစိုးရကိုတောင် မတောင်းပန်ဘူးခဲ့တဲ့ ကျွန်တော်ဟာ ဒီဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခု အတွက်နဲ့ စာတစ်တန် ပေတစ်ဖွဲ့ တောင်းပန်ရမယ်တဲ့ဗျာ။ လက်မှတ်ထိုးရင် ထောင်က လွှတ်ပေးမယ် ဆိုတာတောင် လုံးဝလက်မှတ် မထိုးပဲ ပေခံပြီး ထောင်ထဲနေခဲ့တဲ့ ကျွန်တော်က ခုတော့ ကျွန်တော် မှားသွားပါတယ် ခင်ဗျာဆိုပြီး စာရေးလို့ တောင်းပန်ရမယ်တဲ့လား။ အဲသလောက် တောင်းပန် ရလောက်အောင် ဒီအမှားဟာ ဘာကြီးကျယ်လို့လဲ။ ဘယ်လောက် ဘယ်သူ့ကို ထိခိုက်သွားလို့လဲ။ ကျွန်တော်ရဲ့ မူလ သဘောအရ ဆိုရင်တော့ လုပ်ချင်တာလုပ်ကွာ၊ သတ်ချင်လဲ သတ်လိုက်ကြဆိုပြီး ပေခံမှာပါ။ စစ်အစိုးရ အုပ်ချုပ်နေတဲ့ ကာလတုန်းက မင်းဘူး (ငဖဲ)မှာ မ၀တ ဥက္ကဌက သေနတ်နဲ့၊ ကျွန်တော်က ဘာလက်နက်မှ မရှိပဲ၊ ခင်ဗျားနဲ့ ကျွန်တော် တစ်ယောက်ချင်း ဆော်မယ်။ ခင်ဗျား သေနတ်နဲ့ ပစ်၊ ကျွန်တော် ရင်ဖွင့်ထားမယ်လို့ စိန်ခေါ်ခဲ့တဲ့ ဇာဂနာဟာ ခုတော့မှ စင်ကာပူထိ တကူးတကန့် လာပြီး တောင်းပန်ရမယ်တဲ့လားဗျာ။ ရိုင်းလိုက်တဲ့ ရာဇ၀င်နှယ်။

ဒါပေမဲ့ DVBက မသီတာရယ်၊ စင်ကာပူက (ခုမင်္ဂလာ ဆောင်သွားပြီဖြစ်တဲ့) ကိုစည်သူတို့ရယ်၊ ကိုညီညီသံလွင်တို့ရယ်က ၀ိုင်းညှိပေးကြပြီး ကျွန်တော့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဘိုဘိုဝင်း (လမ်းပြကြယ်)ဟု မှားယွင်း ပြောဆိုခဲ့မိတာ တောင်းပန်ပါတယ်လို့ ရေးပေးလိုက်ရပါတယ်။ ဒီမှာတင် သင်ခန်းစာ အကြီးကြီးတစ်ခု ရခဲ့ပါတယ်။ အဲဒါကတော့ စစ်တပ်မှ မဟုတ်ပါဖူး။ အုပ်စုနဲ့ဆိုရင် အနိုင်ကျင့်တတ် အကျပ် ကိုင်တတ်ကြတယ် ဆိုတာပါပဲ။

အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ စင်ကာပူမြေပေါ်မှာ တစ်မိနစ်တောင် မနေချင်တော့ပါဘူး။ စိတ်တော်တော် ကုန်ခမ်းပြီး အချဉ်တွေရော အခါးတွေပါ ပေါက်ထွက်နေပါပြီ။ ဒါ့ကြောင့်လဲ အဲသည် ညက အမှတ်တရ ညစာ စားပွဲမှာ မမှားသင့်တဲ့ အမှားကြီး တစ်ခုကို ကျူးလွန်လိုက်မိပါတော့တယ်။

(ဆက်ပါမည်)

ဇာဂနာ

 

Category: 

Share