မီးရမှ လူနေရမှာလား၊ လူနေပြီးမှ မီးပေးမှာလား - မာဂျေ

မြို့တော်စည်ပင်နဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့တို့ ဘာတွေကြံကြပြန်ပြီလဲဗျာ။ တစ်ရက်မှာ မာဂျေ့ရဲ့ မိတ်ဆွေ ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ယောက်ရုံးကို ရောက်လာတယ်။ ကိုမာဂျေရေ ကန်ထရိုက်တွေ မီးလောင်နေလို့ ကြည့်လုပ်ပါဦးတဲ့။ မာဂျေက မီးလောင်ရင် လွယ်ပါတယ် ရေလောင်းလိုက်ပေါ့ဆိုတာကို ဘယ်လို သဘောပေါက်သွားသလဲ မသိဘူး။ ရေကတော့ အစကတဲက သက်ဆိုင်တဲ့ သူတွေကိုရော ရုံးထဲက ရှိသမျှ စားပွဲတွေကိုရော လောင်းနေရတာပါဗျာတဲ့။ သူကဆက်ပြီး လောလောဆယ်တော့ တိုက်ခန်းနေမဲ့ ပြည်သူတွေရော ကန်ထရိုက်တာတွေရော ဒုက္ခရောက်နေကြတယ်။ တိုက်တစ်လုံး ဆောက်ချင်ရင် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးလို့ခေါ်တဲ့ အီးအို (EO)မှာ ဘာအာဏာမှ မရှိတော့ ယာအုံဌာနကို တင်ရတယ်။ အဲဒီက ချပေးမှ ဆောက်ရလေတော့ နောက်ပိုင်း လူတွေက တရားဝင် တင်ထားပြီး ကျတာ မကျတာ ဂရုမစိုက်ပဲ တိုက်တွေ တစ်လုံးပြီး တစ်လုံး ဆောက်လိုက်ကြတာ ရန်ကုန်စည်ပင် နယ်နိမိတ်မှာ တရားမ၀င် တိုက်အလုံးပေါင်း တစ်ထောင်နီးပါး (တိတိကျကျဆိုရင် ၉၈၃လုံး)တောင် ရှိနေပြီတဲ့။ ဘာလို့ အဲဒီလို တရားမ၀င် ဆောက်ရသလဲဆိုတော့ မြေရှင်နဲ့ စာချုပ်ချုပ် ကတတည်းက ဘယ်နှစ်လ အတွင်း အပြီးဆောက်ပါ့မယ်။ မပြီးရင် တစ်လဘယ်လောက် လျော်ရမယ်ဆိုတာက ပါနေတယ်။ စည်ပင်ကို ခွင့်ပြုချက် တင်ရင်လဲ တော်တော်နဲ့ မကျဘူး။ ဒါကြောင့် မထူးဇာတ်ခင်းပြီး နေ့စဉ် ဒဏ်ငွေ ဆောင်ပြီး ဆောက်နေကြရတာပါတဲ့။ ဒါနဲ့မာဂျေက အဲဒါက ကျွန်တော်နဲ့မှ မဆိုင်တာ။ ကျွန်တော်က စည်ပင် ကော်မတီ လူကြီးဝင်လျှောက်မဲ့ အထဲမှာလည်း မပါဘူး။ မြို့တော်ခန်းမရှေ့မှာ ကန်ထရိုက်တွေ စုပြီး ဆန္ဒပြကြပါလားလို့လဲ ပြောရော ဆန္ဒပြ လောက်အောင်လဲ မဟုတ်ပါဘူး။ ခင်ဗျားရေးပေးရင် ပြသနာပြီးလောက်ပါတယ်တဲ့။ ဒါဖြင့် ခင်ဗျားတို့ ပြသနာကို ပြောဗျာဆိုပြီး သူပြောတဲ့ အတိုင်း ရေးပြလိုက်ရကြောင်းပါဗျာ။

တိုက်ဆောက်ပြီးရင် စည်ပင်ရဲ့ မူအရ လျှပ်စစ်မီးသွယ်ပြီး ဖြစ်ရမယ်။ ရေတင်ပို့မှု စနစ် တပ်ဆင်ပြီး ဖြစ်ရမယ်။ မိလ္လာစနစ် ပြီးပြည့်စုံရမယ် ဆိုတာတွေ အပါအ၀င် စုစုပေါင်း အချက် ဆယ့်တစ်ချက်နဲ့ ပြည့်စုံရတယ်။ ဒါမှ လူနေထိုင်ခွင့်ဆိုတဲ့ BCC ထုတ်ပေးပြီး လူနေရတာလေ။ ဟောအခုတော့ မြို့နယ် လျှပ်စစ်ရုံးတွေက ကန်ထရိုက်တာတွေကို ခေါ်ပြီး ပြောပါသတဲ့။ တိုက်ခန်းပေါ်မှာ လူနေပြီဆိုမှ မီတာတပ်ပြီး လျှပ်စစ်ဓာတ်အား ပေးမယ်တဲ့။ အဲဒါကိုလည်း တရားဝင် စာထုတ်ပြီး ညွှန်ကြားတာ မဟုတ်ပဲ နှုတ်နဲ့ ခေါ်ပြောသတဲ့။ ဒီတော့ စည်ပင်က သတ်မှတ်ချက်နဲ့ လျှပ်စစ်ရုံးက သတ်မှတ်ချက်က ပြောင်းပြန် ဖြစ်မနေပါလားဗျာ။ ဒီကိစ္စကို ရန်ကုန်မြို့တော် လျှပ်စစ်ဓတ် အားပေးရေး အဖွဲ့နဲ့ မြို့တော် စည်ပင်တို့ ညှိလိုက်ရင် ပြီးမယ့် ကိစ္စကို ဘာလို့မညှိ နှိုင်းကြတာလဲဆိုက စိတ်ဝင်စားဖို့ ကောင်းတယ်။

တိုက်ဆောက်စဉ်မှာ ထုတ်ပေးထားတဲ့ ယာယီမီတာနဲ့ အခန်းတွေကို မီးယာယီသွယ်ပေးလို့ မရဘူးလားလို့ မိတ်ဆွေ ကန်ထရိုက် တစ်ယောက်ကို မေးကြည့်တော့ ဘယ်ရမလဲ။ လောင်သွားမှာပေါ့။ မီတာက ယာယီတစ်လုံးပဲ တပ်ပေးတာ။ အခန်းတွေ အကုန်ဘယ်သုံးလို့ ရမလဲတဲ့။ နို့ဒါဆိုရင် ဒီဥပဒေကြီးက ဘာကြောင့်ထုတ်တယ် ထင်သလဲ မေးကြည့်တော့ မသိပါဘူးဗျာ။ ဒီတာဝန်ရှိသူတွေ ဘာမဟုတ်မဟတ်ကြံပြီး ကန်ထရိုက်တွေကို ညှစ်ဖို့နေမှာပေါ့တဲ့။ ဒါဖြင့် လောလောဆယ် ခင်ဗျား ဆောက်ထားတဲက တိုက်တွေကရော ဘယ်လိုလုပ်မလဲ ထပ်မေးတော့ အဲဒါမသိလို့ ခင်ဗျားကို လာပြောပြတာပေါ့တဲ့။

ဒီနေမှာ ကိုယ့်ကိုဆရာ လာတင်တာကတော့ ဟုတ်တယ်။ ကိုယ်ကလဲ ဘာမှမသိလေတော့ ဒီဆောင်းပါးရေးပြီး တိုးတိုးတိတ်တိတ် စည်ပင်နဲ့ အီးပီစီလို့ အများ ခေါ်နေကြတဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့ကို မေးလိုက်ရပါပြီဗျာ။ ပထမဆုံး မေးချင်တာက ရန်ကုန်မှာ တရားမ၀င် ဆောက်ထားတဲ့ ကန်ထရိုက်တိုက် အလုံးတစ်ထောင်နီးပါးကရော ဘယ်ကလျှပ်စစ်မီး ရနေသလဲ။ ရာဇ၀င်ထဲက ပပ၀တီကိုပဲ ဓမ္မစေတီ ခေါင်းလောင်းရှာတဲ့ အဖွဲ့က နဂါးတွေ အကူအညီနဲ့ ပြန်ခေါ်ပေးပြီး တိုက်ခန်းတွေ မီးလင်းနေသလားဆိုတာ သိချင်ပါတယ်။ ဒုတိယ အချက်က စည်ပင်ဘက်က ထုတ်ထားတဲ့ ဥပဒေမှာ လျှပ်စစ်မီတာ တပ်ဆင်ပြီးကြောင်း အီးပီစီရဲ့ ထောက်ခံချက်ပါမှ BCC ချပေးမယ်ဆိုတာ ပါနေတယ်။ မေးချင်တာက ဘာရည်ရွယ်ချက်နဲ့ လူနေမှ လျှပ်စစ်မီး တပ်ပေးမယ်လို့ ဥပဒေကို ပြင်တာလဲ သိချင်ပါတယ်။ အစစ အဆင်ပြေနေတဲ့ ဥပဒေကို ပြင်တယ်ဆိုတာ ရည်ရွယ်ချက်တော့ တစ်ခုခုရှိလို့ ဖြစ်ပါတယ်။ အဲဒါကို ကန်ထရိုက်တာတွေက သူတို့ မသိလို့ ဘာမှမဟုတ်တဲ့ မာဂျေ့ကို လာမေးနေပါတယ်။ ဖြေပေးတော်မူစေချင်ပါတယ်။

စကားမစပ် မာဂျေ့ပြဿနာလေးပါ ရောပြီး ပြောချင်ပါတယ်။ မာဂျေတို့ ရုံးဖွင့်ထားတဲ့ တိုက်ခန်းမှာ လူတွေက သီးသန့်စီ ဖြစ်ပေမဲ့ ကန်ထရိုက်က မီတာတွေရော ရေစက်တွေရော နှစ်ခန်း တစ်လုံးနှုန်း လုပ်သွားတော့ သူ့ကြောင့် ငါ့ကြောင့်ဆို လစဉ်ပြဿနာ တက်နေရပါတယ်။ စည်ပင်ဥပဒေမှာ ဘယ်လိုများ ရှိသလဲ ဆိုတာလေးပါ ကြုံလို့ ဖြေပေးရင်တော့ အတိုင်းထက်အလွန် ကျေးဇူးတင်မှာပါ။ မာဂျေရယ် ဒါလေးများ စည်ပင်ကို မေးလိုက်ရင် ပြီးရောပေါ့ စာတစ် စောင်ပေတစ်ဖွဲ့ လုပ်နေစရာ လိုသေးလို့လား မေးနိုင်ပါတယ်။ စည်ပင်က ယာ/အုံ ဌာနကိုရော ဆက်ဆံရေး ဌာနကိုရော ဆက်တာပေါ့ဗျာ။ ဒါပေသိ မာဂျေ့ ဖုန်းဆိုရင် မကိုင်ကြပေဘူးဗျ။ ဒါကြောင့် သိတဲ့သူတွေရှိရင် ဖြေပေးနိုင်အောင်ရယ်၊ နောက်နောင်မေးရင် ဖြေချင်စိတ်ကလေး ပေါ်အောင်ရယ် ရေးပြရတာ ဖြစ်ပါတယ်။ ဒီလိုရေးတော့ မာဂျေကြီးကို ဘယ်ဆောက်လုပ်ရေး လုပ်ငန်းရှင်က ငွေဘယ်လောက်ပေးပြီး ခါးပိုက်ထဲ ထည့်တယ်လို့ အမနာပ စွပ်စွဲကြဦးမယ်။ မာဂျေတို့မလဲ ဟိုသူဌေးနဲ့ ပေးစားတာခံရ ဒီသူဌေးနဲ့ ပေးစားတာခံရနဲ့ နာမည်ကြီး ထမင်းငတ် ဖြစ်နေလို့ပါ။ ပေးမဲ့သူရှိရင် လာခဲ့စမ်းပါဗျာ။ ယူချင်လွန်းလို့ပါ ---- ဟာဟာဟ

မာဂျေ

 

Category: 

Share