ကိုပါကြီးအတွက် မေးခွန်းများစွာ ရှိနေဆဲ - ဇော်သက်ထွေး

အောက်တိုဘာလ ၂၃ ရက်နေ့ (ဒီပါဝလီနေ့) ညနေ ၅နာရီ ၂၀မိနစ်မှာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)ကို တပ်မတော်မှ သတင်းထုတ်ပြန်ချက် တစ်ရပ် ပေးပို့ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲက ရွှေဝါချောင် ကျေးရွာမှာ ကင်းစောင့် စစ်သည်ရဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးရန် ကြံစည်တဲ့ KKO အဖွဲ့က ဗိုလ်ကြီးအောင်နိုင်ကို ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ရွှေဝါချောင် ကျေးရွာတောင်ဘက် မီတာ ၈၀၀ ခန့်အကွာမှာ ကောင်းမွန်စွာ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြောင်း ပါရှိပါတယ်။

ဒီသတင်းထုတ်ပြန်ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံ ပြည်တွင်းထဲရော ပြည်ပမှာပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ နိုင်ငံတကာ သတင်း အေဂျင်စီတွေနဲ့ နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကို ပေးပို့တဲ့ ဒီသတင်းဟာ မြန်မာ့ တပ်မတော်က ပေးပို့တာ ဟုတ်၊မဟုတ် အတည်ပြုချက် ရယူကြသလို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)ရဲ့ လုပ်ဆောင်ချက်တွေကို အပြစ်ဆိုချင်သူတွေကတော့ တပ်မတော်က ပေးပို့တဲ့ သတင်းတွေကို နောက်တစ်နေ့မှ မီဒီယာတွေကို ပေးပို့တဲ့ အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းပြန့်သွားပြီးတဲ့နောက်  အောင်ကျော်နိုင် (ခ) ကိုပါကြီးဟာ ၁၉၈၈ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံ အတွင်း ဒေါ်အောင်ဆန်းစုကြည် အနီးကပ် လုံခြုံရေး သုံးရောင်ခြယ် အဖွဲ့ထဲတွင် ပါဝင် ဆောင်ရွက်ခဲ့သလို လောလောဆယ် အလွတ်တန်း သတင်းထောက်အဖြစ် ဆောင်ရွက်နေတဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လူသိများသူ ဖြစ်ကြောင်းလည်း online စာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပါတယ်။

ကိုပါကြီးဟာ မီဒီယာ သတင်းသမား ဟုတ်၊မဟုတ် သူနဲ့သက်ဆိုင်တဲ့ မီဒီယာတွေက ထောက်ခံမှု မပြုခဲ့တဲ့ အတွက် အတည်ပြုချက် မပေးနိုင်သော်လည်း ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ ရရဲ့လားဆိုတာ ဆန်းစစ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘယ်နိုင်ငံမှာမဆို နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး (Citizen Right) ဆိုတာ ရှိပါတယ်။ ကိုပါကြီး အနေနဲ့ အလွတ်တန်း သတင်းထောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ KKO တပ်ဖွဲ့ရဲ့ ဗိုလ်ကြီး အောင်နိုင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့မှာ နိုင်ငံသား တစ်ယောက်ရဲ့ ဥပဒေ အကာအကွယ်ကို ရသင့်ပါတယ်။ အကယ်၍ စစ်မြေပြင်မှာ ဖမ်းဆီး မိတယ်ဆိုရင်လည်း Prisoner Of War (POW) လို့ သတ်မှတ်ရမှာ ဖြစ်ပြီး ဂျနီဗာ ကွန်ဗင်းရှင်းက ပြဋ္ဌာန်းချက်တွေကို လိုက်နာသွားရမှာ ဖြစ်ပါတယ်။  

ဒါပေမဲ့ တပ်မတော်က ထုတ်ပြန်တဲ့ သတင်းတွေထဲမှာ ကျိုက်မရော မြို့နယ်အတွင်း တပ်မတော် လုံခြုံရေး တပ်စိတ်၊ နယ်မြေခံတပ်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပူးပေါင်း အဖွဲ့ကို ထိန်းသိမ်းခဲ့ပြီး လက်နက်များ ယူဆောင်၍ ကျိုက်မရောမြို့ အရှေ့ဘက်ရှိ အတ္ထရံမြစ်အား ဖြတ်ကူးကာ အရှေ့ဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက် နံနက် ၉ နာရီခွဲတွင် အမှတ်(၂၀၄)၊ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး စိုးဇေယျာလင်း ဦးစီးတပ်စုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်လှေဆိပ် ၀င်ထွက်မှုအား စစ်ဆေးနေစဉ် KKO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင်ကို တွေ့ရှိ စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် သိမ်းဆည်းထားသော လက်နက်များ အနက် တချို့က ၀ှက်ထား၍ ဆက်လက် ဖော်ထုတ်ရန်အတွက် နယ်မြေခံတပ် လှုပ်ရှားစစ်ကြောင်းကို လွှဲပြောင်းပေးခဲ့ကြောင်း ထိုနေ့မှာပင် ရွှေဝါချောင် ကျေးရွာအနီး တစ်ဝိုက်၌ ဖော်ထုတ်ခဲ့ရာ လက်နက်ငယ် ၃လက်အား ရှာဖွေတွေ့ ရှိခဲ့ကြောင်း၊ ကျန်လက်နက်များကို ဆက်လက်ရှာဖွေရန် ရွှေဝါချောင် ကျေးရွာ၌ ညအိပ် အခြေပြုစဉ် ည ၇နာရီ ၄၅မိနစ်၌ အပေါ့သွားရန် အကြောင်းပြချက်ဖြင့် အောင်နိုင်က ကင်းစောင့်စစ်သည်အား ရုတ်တရက် လုံးထွေးပြီး လက်နက် လုယူ၍ ထွက်ပြေးရန် ကြိုးပမ်းစဉ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေသွားတယ်လို့ ဆိုပါတယ်။ အလောင်းကိုလည်း ရွာရဲ့ တောင်ဘက် မီတာ ၈၀၀ခန့် အကွာတွင်  ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်းလည်း ဆိုပါတယ်။

ဒီသတင်းရဲ့ အဆုံးမှာတော့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အနေနဲ့ မိသားစုဝင်များကို ခေါ်ယူပြီး ဖြစ်စဉ် အခြေအနေများကို အသိပေးသွားပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများလည်း ပေးအပ်သွားမယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းတွေ နောက်မှာတော့ ကိုပါကြီးဟာ KKO စောဆန်းအောင် အဖွဲ့က ဗိုလ်ကြီး အောင်နိုင် အမှန်တကယ် ဟုတ်ရဲ့လား။

အမှန်တကယ် ကင်းစောင့် ရဲဘော်ထံကနေ လုံးထွေးပြီး သေနတ်ကို လုယူခဲ့သလား။

ကင်းစောင့်ရဲဘော်က သူ့ကို ပစ်ခတ်လိုက်သောအခါ ဘယ်ကို ထိမှန်သွားတာလဲ။

သူ့ကို ဘယ်လိုသင်္ဂြိုဟ်ခဲ့တာလဲ။ အလောင်းကို မြေမြှုပ်ခဲ့တာလား။ ဒါမှမဟုတ် မီးရှို့ပြီး ပြာဖြစ်အောင် လုပ်ခဲ့တာလား။

သူ့ရဲ့အလောင်းကို ဘာဖြစ်လို့ သက်ဆိုင်ရာ မိသားစုကို မပေးနိုင်ခဲ့တာလဲ။

သူသေဆုံးပြီးတဲ့နောက် ရက်ပေါင်း ၂၀ကျော်မှ ဘာဖြစ်လို့ သတင်းထုတ်ပြန်ရတာလဲ။

သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ KKOရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အောင်နိုင်ရဲ့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ နှစ်များစွာက ဒီမိုကရေစီ လှုပ်ရှားမှု ကျောင်းသားတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုကိုအောင်တို့နဲ့အတူ ဗိုလ်နှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံနေတဲ့ ဓာတ်ပုံလို့ ပြောနေတာ ဟုတ်ပါသလား။

သူဟာ ရန်သူ့တပ်ဖွဲ့က ဗိုလ်ကြီးတစ်ယောက် ဖြစ်နေရက်နဲ့ ဘာဖြစ်လို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးရတာလဲ။

အပြင်မှာ ဖြစ်ပေါ်နေတဲ့ သတင်းအရ ကိုပါကြီးကို တပ်မတော်မှ နှိပ်စက်ညှဉ်းပန်းပြီး လက်လွန်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေကို ချေဖျက်ဖို့ ခိုင်မာတဲ့ သက်သေ သာဓကတွေ ထုတ်ပြန်ပေးမှာလား။

တပ်မတော်က နိုင်ငံတကာနဲ့ ပြည်သူတွေ အားလုံးက စွပ်စွဲနေတဲ့ သတင်းအချက်အလက်တွေကို တိတိကျကျ ပြန်လည်ဖြေရှင်းဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မှာလား။

ဒါမှမဟုတ် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)နဲ့ တွေ့ဆုံစဉ်က သတင်းထုတ်ပြန်ရေး အဖွဲ့ကို ထားရှိပေးမယ်ဆိုတဲ့အတိုင်း အခုကိစ္စမှာရော တပ်မတော်က သတင်းထုတ်ပြန်ပေးမယ့် အရာရှိကြီးတွေကို ဆက်သွယ်လို့ ရမှာလား။ သူတို့က ပြန်လည် ဖြေကြားပါ့မလား။

မေးခွန်းတွေကတော့ မြောက်မြားစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကိုပါကြီး သေဆုံးမှုကတော့ ပဟေဠိအဖြစ် ရှိနေဆဲပါပဲ။ ကိုပါကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အောင်ဆန်းကွင်းဘေးမှာ လက်ဖက်သုပ်ဆိုင်လေး ဖွင့်တုန်းက စားသုံးသူတွေကို ပျော်ပျော်ရွှင်ရွှင် စားပွဲထိုး ပေးနေပုံတွေ၊ ဟံသာဝတီဆရာ ဦးဝင်းတင် ဆုံးတုန်းက အုတ်ဂူကို သန့်ရှင်းပေးနေပုံတွေကို မြင်ယောင်မိပါသေးတယ်။ သူကတော့ ဒေါက်တာ ဟိုဆေးရီဇော်စကားနဲ့ ဒီတိုင်းဌာနေကနေ ထာဝရ ထွက်ခွာသွားခဲ့ပါပြီ။

“ကျွန်တော်ချစ်တဲ့ ညီအစ်ကို သူငယ်ချင်းတွေ
ချစ်ဖွယ်သော သူစိမ်းတရံစာတွေ
အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်
ကျွန်တော်ဟာ ကျေးကျွန်တွေ မရှိတဲ့နေရာ
အာဏာပါးကွက်သားတွေ မရှိတဲ့နေရာ
ကျွန်တော်တို့ရဲ့ ယုံကြည်ရာကို မနှိပ်ကွပ်နိုင်တဲ့ နေရာသို့ သွားပါပြီ
သေခြင်းဟာ အနားယူခြင်းပါပဲ”

 

ဇော်သက်ထွေး

 

Category: 

Share