အရွယ်မရောက်သေးသူအား အဓမ္မပြုကျင့်ပြီး ကျောက်ခဲနှင့်ထု၍ မြေမြုပ်ထားခဲ့သည့် တရားခံအား အသက်ရှင်ခွင့်ရသော ကာယကံရှင်ကလေးမကိုယ်တိုင် ဖော်ထုတ်ခဲ့သော်လည်း ကသာရဲစခန်းမှ (၇)လနီးပါး ကြာသည်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေး

မတရားပြုကျင့်ခံခဲ့ရသူ (၁၁)နှစ် အရွယ် မ-----
ထွက်ပြေး တိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူဟုဆိုသူ မင်းမင်းထွန်း

“သမီးက မေ့ချင်ယောင်ဆောင် နေလိုက်ပါတယ်၊ ခေါင်းကိုအရင် မြေကြီးထဲ ချပါတယ်၊ ပြီးမှခြေထောက်ကို ပစ်ချပါတယ်၊ သမီးက ငြိမ်နေတော့ မြေကြီးတွေ သဲတွေဖုံးပါတယ်၊ သမီးက အသက်အောင့်ပြီး နေပါတယ်၊ အတော်ကလေး ကြာတော့မှ မြေကြီးတွေကို ခြေထောက်နဲ့ တအားကန်ထုတ်ပြီး ရုန်းထွက်ခဲ့ပါတယ်” - ကံကောင်းစွာပင် အသက်ရှင်ခဲ့ရသော ကလေးငယ် ဟာဂျူလီ(ကသာ) - တွေ့ဆုံမေးမြန်းသည်

လွန်ခဲ့သော(၇)လခန့်၊ ဧပြီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော (၁၁) နှစ်အရွယ် ကျောင်းသူတစ်ဦးအား တောထဲခေါ်၍ မုဒိမ်းကျင့် ရိုက်နှက်နှိပ်စက်ကာ မီးသွေးဖိုပျက် အတွင်းသို့ ပစ်ချ၍ မြေမြုပ်ထားခဲ့သည့် တရားခံအား ကသာရဲစခန်းမှ ယနေ့အထိ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်းနှင့် ယင်းအမှုနှင့် ပတ်သတ်၍ ကံကောင်းစွာ အသက်ဆက်ရှင်ခဲ့သော ပြုကျင့်ခံခဲ့ရသူ ကလေးငယ် ကိုယ်တိုင် ဖော်ထုတ် ပြောကြားခဲ့သော်လည်း အမှုအား တိုင်ကြားခဲ့သည့် တရားလိုကိုပင် ယနေ့တိုင် ရဲစခန်းနှင့် တရားရုံးတို့မှ ခေါ်ယူစစ်ဆေးခြင်းပင် မရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယင်းနှင့်ပတ်သတ်၍ မတရားပြုကျင့် ခံခဲ့ရသည့် မိသားစုမှ အောက်ပါအတိုင်း ရင်ဖွင့်ပြောကြားခဲ့ကြသည်။

အမှုဖွင့်ခဲ့သူ မခင်ခင်ဦး (အသက် ၂၉ နှစ်)
“ကျွန်မနာမည်က မခင်ခင်ဦး ဖြစ်ပါတယ်၊ အခုလို မတရားကျင့်ခံရတဲ့ ဆဌမတန်း ကျောင်းသူ မ--- ရဲ့ ယောင်းမ ဖြစ်ပါတယ်၊ သူ့အစ်ကိုက ကျွန်မခင်ပွန်းပါ၊ သူတို့မိသားစု တစ်ခုလုံး ရိုးလွန်းကြပါတယ်၊ ဖြစ်တဲ့နေ့ ၁၁၊ ၄၊ ၂၀၁၄ရက်နေ့ မွန်းလွဲပိုင်းလောက် နတ်ရေတွင်းရွာမှာနေတဲ့ ကျွန်မဆီကို မ ---နဲ့ အတူကစားနေတဲ့ စန်းသီတာအေး (၁၄နှစ်)နဲ့ ကျွန်မယောင်းမ အငယ်ဆုံး ၈နှစ်သမီး ချိုမီသန်းတို့ လာတိုင်ကြပါတယ်၊ မ---ကို တစ်ရွာတည်းနေတဲ့ မင်းမင်းထွန်း (၃၀ နှစ်)က တောထဲကို ဆွဲခေါ်သွားတယ်ပေါ့၊ မင်းမင်းထွန်းဆိုတာက ကျွန်မတို့ရွာကပါပဲ၊ သူ့မှာ မိန်းမရှိတယ်၊ ကလေး (၂)ယောက် ရှိတယ်၊ သူ့ရဲ့သမီးအကြီးက (၉) နှစ်ဖြစ်ပြီး သားငယ်က (၁၁)လပဲ ရှိပါသေးတယ်၊ အဲဒီလိုလာတိုင်တော့ ကျွန်မလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို သွားပြီးပြောပါတယ်၊ ပြီးတော့မှ လူကြီးတွေနဲ့အတူ တောထဲကို လိုက်ဖို့ ရွာကနေ ထွက်လာကြပါတယ်၊ ကျွန်မတို့ ရွာအပြင်ဘက် ရောက်တဲ့အချိန်မှာပဲ တောထဲဆွဲခေါ်ခံသွားရတဲ့ မ---ကို ဒယီးဒယိုင်နဲ့ လမ်းလျှောက် ပြန်လာတာ တွေ့ရပါတယ်၊ သူမျက်နှာပေါ်မှာလည်း ဒဏ်ရာတွေ ညိုမည်းနေပြီး ဆံပင်တွေလည်း မြေကြီးတွေနဲ့ ပွစာကြဲနေပါတယ်၊ တစ်ကိုယ်လံုး ဖုန်တွေသဲတွေနဲ့ အောက်ပိုင်း တစ်ခုလုံးလည်း သွေးတွေ စီးကျနေပါတယ်၊ ခပ်လှမ်းလှမ်းကနေ စမြင်ရတော့ ကျွန်မယောင်းမကို ကျွန်မအပါအ၀င် ဘယ်သူမှ မမှတ်မိကြပါဘူး၊ အနားရောက်မှ မ---မှန်း သိကြရပြီး ကျွန်မကရွာထဲအထိ ကြောပိုးပြီး ခေါ်ခဲ့ပါတယ်၊ ရွာထဲကနေတစ်ဆင့် ကသာဆေးရုံကို ပို့လိုက်ရပါတယ်၊ အဲဒီနေ့မှာပဲ ကျွန်မ ကသာရဲစခန်းကို အမှုသွားဖွင့်ပါတယ်၊ ရဲက ကျွန်မကို စစ်ဆေးချက်ကို ရေးမှတ်ပြီး အမှုဖွင့်ပေးပါတယ်၊ နောက်ပြီး ကျွန်မ ယောင်းမတက်နေတဲ့ ဆေးရုံကို လိုက်လာပြီး စစ်ဆေး မေးမြန်းပါတယ်၊ ဆေးရုံပေါ်မှာ ကျွန်မယောင်းမလေးရဲ့ မိန်းမကိုယ်ကနေ သွေးတွေ အဆက်မပြတ် ထွက်နေလို့ ပလပ်စတစ်နဲ့ အောက်ပိုင်းကို ပတ်ထားရပါတယ်၊ ကျွန်မတို့ ဆေးရုံမှာ (၆)ရက် တက်ပြီး ပြန်ဆင်းလာတော့မှ ရဲတွေ ကျွန်မတို့ရွာကို ရောက်လာပြီး ကျွန်မယောင်းမ မ---ကို စစ်ချက်ထပ်ယူပါတယ်၊ တရားခံကို အရင်နေ့တွေက ဘာလို့ မဖမ်းကြတာလဲလို့ မေးတော့ ရဲတွေက သင်္ကြန်တွင်း အလုပ်ရှုပ်နေကြလို့ ဆိုပြီး ပြောပါတယ်၊ သူတို့လာတဲ့ အချိန်မှာ မင်းမင်းထွန်းက ထွက်ပြေးသွားပါပြီ၊ အဲဒီ နောက်ပိုင်းတော့ ကျွန်မတို့ကို ဘာမှလည်း မသိရတော့ပါဘူး၊ ညီမလေးကတော့ ဆေးရုံက ဆင်းလာပြီး မကြာခင် ဆော့ကစားနေရင်း မိန်းမကိုယ်ထဲက သွေးတွေ ပြန်ထွက်လာလို့ ဆေးရုံကို ဒုတိယအကြိမ် တက်ရပါတယ်၊ ရဲကလည်း ဘာမှမပြောပါဘူး၊ တရားရုံးကလည်း ခေါ်မစစ်ပါဘူး၊ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာတော့ ကျွန်မအဖေ (ယောက္ခထီး)က ရဲစခန်းမှူးဆီ သွားမေးပါတယ်၊ (၄) လကျော်တဲ့အထိ ဘာမှန်းမသိ ရလို့ပေါ့၊ ရဲစခန်းမှူးက အခြား စခန်းတွေကို စာထုတ်ပြီး တရားခံ ဖမ်းပေးဖို့ အကြောင်းကြားစာ ပို့ထားတယ်ဆိုတာပဲ ပြောတယ်၊ ကျန်တာတော့ ဘာမှ မသိရပါဘူး၊ အခုအထိလည်း တရားရုံးတို့ ရဲစခန်းတို့ ဘယ်ကမှ ခေါ်စစ်တာ မေးတာ မရှိပါဘူး၊ အခုဆို (၇) လပြည့်တော့မယ်၊ တရားခံလည်း မမိဘူး၊ ဘာမှန်းလည်း မသိရဘူး၊ ကျွန်မတို့ မိသားစု အခုဖြစ်နေရတဲ့ ခံစားမှုက တထိတ်ထိတ်နဲ့ ကျီးလန့်စာစားနေ နေရပါတယ်၊ ကိုယ့်သမီးတွေ ယောင်းမတွေရဲ့ ဘ၀ဟာ မလုံခြုံသလို ခံစားနေရပါတယ်၊ ကျွန်မကတော့ ဒီလောက်ကြီး ရက်စက်တဲ့ အမှုကို ကျူးလွန်သွားတဲ့ တရားခံကို ရဲက မိအောင် မဖမ်းနိုင်တာကို အခုလို လာပြီး ရင်ဖွင့်ရတာပါ”ဟု ပြောဆိုပါသည်။

မတရားပြုကျင့် ခံခဲ့ရသူ (၁၁) နှစ်အရွယ် မ ---

“သမီးတို့(၃)ယောက် နေ့လည်ပိုင်း ထိုင်ပြီး ကစားနေကြတုန်း ဦးမင်းထွန်း ရောက်ပြီး ခြံထဲမှာ သကြားသီး သွားခူးစားကြဖို့ ခေါ်ပါတယ်၊ သမီးတို့ကလည်း သကြားသီး စားချင်လို့ လိုက်သွားပါတယ်၊ တောထဲ ရောက်တော့ စန်းသီတာအေးနဲ့ ညီမလေးကို ဆက်မလိုက်ခဲ့ဖို့ ပြောပြီး သမီးကို တောထဲ အတင်းဇွတ်လက်ဆွဲ ခေါ်သွားပါတယ်၊ နောက်တော့ သမီးကို တွန်းလဲပြီး အပေါ်ကနေ လုံးပါတယ်၊ သမီးက ကယ်ကြပါဦးလို့ အတင်းအော်တော့ လည်ပင်းညစ်ပြီး မျက်နှာတွေကို ရိုက်ပါတယ်၊ နောက်တော့ ပါးစပ်ပိတ်ပြီး မတရားကျင့်ပါတယ်၊ နောက်ပြီးတော့မှ သမီးမျက်နှာကို ရိုက်လည်း ရိုက်တယ်၊ ကျောက်ခဲနဲ့လည်း ထုပါတယ်၊ သမီးက မေ့ချင်ယောင်ဆောင် နေလိုက်ပါတယ်၊ ဦးမင်းမင်းထွန်းက ကျွန်မကို မီးသွေးဖိုပျက် (ယခင်မီးသွေးများ ဖုတ်သည့်တွင်း)ထဲ ဆွဲခေါ်သွားပါတယ်၊ ပြီးတော့မှ ခေါင်းကိုအရင် မြေကြီးထဲ ချပါတယ်၊ ပြီးမှ ခြေထောက်ကို ပစ်ချပါတယ်၊ သမီးက ငြိမ်နေတော့ မြေကြီးတွေ သဲတွေဖုန်းပါတယ်၊ သမီးက အသက်အောက်ပြီး နေပါတယ်၊ အတော်ကလေး ကြာတော့မှ မြေကြီးတွေကို ခြေထောက်နဲ့ တအားကန်ထုတ်ပြီး ရုန်းထွက်ခဲ့ပါတယ်၊ သမီးအပေါ် ရောက်လို့ နားနေတဲ့ အချိန် ဦးမင်းမင်းထွန်း နောက်တစ်ခေါက် ပြန်ရောက်လာပြီး “ဟေ့နင့်ကို ဘယ်သူတွင်းထဲက ထုတ်ပေးတာလဲ”လို့မေးလို့ ဟိုအခင်းထဲကက ဦးလေးကြီး ထုတ်ပေးတာ၊ အခုခင်ဗျားကို ခုတ်ဖို့ တဲထဲမှာ ဓားသွားယူ နေတယ်လို့ ညာပြောလိုက်တော့ ဦးမင်းမင်းထွန်း တောထဲ ၀င်ပြေးသွားပါတယ်၊ နောက်တော့ သမီးလည်း ခေါင်းတွေမူးပြီး ရွာကို ရောက်အောင် ကြိုးစားပြီး ပြန်လာပါတယ်၊ ချောင်းတစ်ခု ကျော်လာတော့ အစ်မခင်ခင်ဦးတို့နဲ့ တွေ့ပြီး ကြောပိုးခေါ်သွားခဲ့ပါတယ်”ဟု ပြောပြခဲ့သည်။

မ --- နှင့် အတူ ကစားနေခဲ့သည်ဆိုသည့် စန်းသီတာအေး (၁၄ နှစ်)

“သမီးနဲ့ မ---ရယ် ချိုမီသန်း (မတရားပြုကျင့်ခံရသူ၏ ညီမ) အတူကစား နေကြတာပါ၊ အဲဒီအချိန်မှ ဦးမင်းထွန်း ရောက်လာပြီး တောထဲမှာ သကြားသီးသွား ခူးစားကြရအောင်လို့ ပြောပါတယ်၊ ကျွန်မတို့ကလည်း ကိုယ်နဲ့ တစ်ရွာထည်းသား သိလည်းသိနေတော့ လိုက်သွားကြပါတယ်၊ တောအတော်နက်နက်သွားပြီး ဦးကျော်ဝင်းလှိုင်ရဲ့ ခြံနားရောက်တော့ နင်တို့နေခဲ့တော့ဆိုပြီး ကျွန်မနဲ့ ချိုမီသန်းကို ဒီနေမှာပဲ နေခဲ့ဆိုပြီး မ---ကိုပဲ ဆွဲခေါ်သွားပါတယ်၊ ကျွန်မတို့ လိုက်မယ် လုပ်တော့ ဦးမင်းထွန်းက ကျွန်မတို့ကို ဆဲပြီး မောင်းထုတ်တဲ့အတွက် ကျွန်မတို့ ကြောက်ပြီး ရွာကို ပြန်ခဲ့ကြပါတယ်၊ ရွာရောက်တော့ အစ်မခင်ခင်ဦးကို သွားတိုင်ကြပါတယ်”ဟုဆိုသည်။

မတရားပြုကျင့် ခံခဲ့ရသူ၏ ဖခင် ဦးစိုးဝင်းမြင့်

“ကျွန်တော်မှာ သားသမီး (၅)ယောက်ရှိပြီး အငယ်ဆုံး (၂)ယောက်က သမီးတွေပါ၊ အမျိုးသမီး ကတော့ မနှစ်ကပဲ ဆုံးသွားခဲ့ပါပြီ၊ သမီးလေး အစော်ကားခံလိုက်ရတဲ့ နေ့က ကျွန်တော်က ကသာမြို့ရဲ့ တစ်ဖက်ကမ်းမှာ တောင်ယာ သွားလုပ်နေပါတယ်၊ နတ်ရေတွင်းကနေ ဖုန်းဆက်လို့ ကသာကို ပြန်လာပြီး ဆေးရုံကို သွားခဲ့ပါတယ်၊ သမီးချွေးမက အမှုဖွင့်ထားပါတယ်၊ ၄၊ ၅လ ကြာတဲ့အထိ အမှုလည်း မဖြစ်၊ တရားခံလည်း မဖမ်းမိလို့ (၁၆၊ ၈၊ ၁၄)ရက်နေ့ ညနေ(၃) နာရီလောက် ရဲစခန်းကို သွားပြောတော့ ပထမ အင်တင်တင် လုပ်နေပါတယ်၊ အင်တာနက်ပေါ် တင်မယ် ပြောတော့မှ စခန်းမှူးက အခြား ရဲစခန်းတွေကို စာထုတ်ပြီး တရားခံကိုတွေ့ရင် ဖမ်းပေးဖို့ စာတွေ ပို့ထားကြောင်း ပြောပြပါတယ်၊ အခုအထိ တရားရုံးကလည်း မခေါ်သေးပါဘူး၊ ရဲကလည်း မခေါ်သေးပါဘူး၊ တရားခံလည်း မမိသေးပါဘူး၊ ကျွန်တော့် ခံစားချက် ပြောရရင်တော့ ကသာရဲတွေကို စိတ်ကုန်တယ်၊ စိတ်ပျက်တယ်၊ ညံ့ဖျင်းလွန်းတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်”ဟု ရင်ဖွင့်ပြောကြားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကသာမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ရာ လာတိုင်သည့် ဧပြီ(၁၁)ရက်နေ့ ကတည်းကပင် ကသာရဲစခန်း (ပ) ၆၂/၁၄ ၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တရားခံ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အမှုမှာ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ ယခု ကသာ တရားရုံးသို့ ၂၉၊ ၈၊ ၁၄ရက်နေ့ (ဦးစိုးဝင်းမြင့် ရဲစခန်းသို့ သွားပြောပြီး ၁၃ရက်အကြာ) တရားခံပြေး အဖြစ် စွဲတင်ထားပြီး ကသာ တရားရုံးမှလည်း ရာသေးအမှတ် (၅၂)ဖြင့် အမှုလက်ခံထားကြောင်း ပြောဆိုခဲ့ပါသည်၊ ကသာမြို့မ ရဲစခန်း အပိုင်အတွင်း ဖြစ်ခဲ့သည့် အမှုကြီး အချို့မှာ တရားခံ မပေါ်ခဲ့မှုများ ရှိနေကြောင်း ပြီးခဲ့သည့်(၃)လခန့်က ဖြစ်ပေါ်ခဲ့သော သိန်း (၄၇၀) ဖောက်ထွင်းမှု တရားခံမှာလည်း မပေါ်ပေါက်သဖြင့် CIDမှလွဲပြောင်း စစ်ဆေး နေရကြောင်း၊ ထိုဖြစ်စဉ်အပေါ် အသက် (၇၀) အရွယ် အငြိမ်းစား ရဲအရာရှိ တစ်ဦးမှ ပြောကြားသည်မှာ “အရင် ဘကြီးတို့ ခေတ်ကတော့ ကိုယ့်အပိုင်ထဲမှာ အမှုကြီးဖြစ်ရင် အရေးယူခံရတာပဲ၊ အဲတရားခံများ မပေါ်ရင်တော့ သေပြီဆရာပဲပေါ့၊ အပွင့်တွေလျှော့ နယ်တွေပြောင်း ဖြစ်ကြရတော့ တရားခံမပေါ် ပေါ်အောင် မမိ မိအောင် လိုက်စုံစမ်း လိုက်ဖမ်းကြရတာကိုး၊ အခုခေတ်ကတော့ အမှုကြီးတွေ မပေါ်လည်း ဘာမှဖြစ်သံ မကြားရတော့ စခန်းမှူးတွေ မြို့နယ်မှူးတွေလည်း အလုပ်တွေ ပေါ့လာထာ ဖြစ်နိုင်တာပေါ့”ဟု သုံးသပ် ပြောကြားသွားခဲ့သည်။

 

Category: 

Share