လူမသတ်ပဲ လူသတ်တရားခံ ဖြစ်နေရတာပါဆိုတဲ့ သူတို့က ပြစ်မှုကျူးလွန်တဲ့ နေရာမှာကို မရှိလို့ မသိပါဘူးလို့ဆိုတဲ့၊ မြန်မာအလုပ်သမားလေးနှစ်ဦးရဲ့ ရင်ဖွင့်သံနဲ့ လိပ်ကျွန်းလူသတ်မှု နောက်ဆက်တွဲ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်း (ခ) လိပ်ကျွန်းပေါ်မှာ ဗြိတိသျှနိုင်ငံသား (၂)ဦး အသတ်ခံရမှုနဲ့အတူ မြန်မာရွေ့ပြောင်း အလုပ်သမားလေး နှစ်ဦးဖြစ်ကြတဲ့ မောင်ဇော်လင်းဦးနဲ့ မောင်ဝင်းဇော်ထွန်းတို့ လူသတ် တရားခံအဖြစ် ၀န်ခံဖြောင့်ချက် ပေးပါတယ်၊ သေဆုံးသူနဲ့ DNA စစ်ဆေးမှု တူညီပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖမ်းဆီးခံထားရတာ အချိန် (၁) လကျော်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

(၂၂-၁၀-၂၀၁၄) နေ့မှတော့ စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပါတယ်။ လေဆိပ်မှာ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဓါတ်ပုံကို ကိုင်ဆောင်လာပြီး အမှန်တရား ဖော်ထုတ်ပေးပါလို့ တောင်းဆိုမှုကြောင့်လည်း ထိုင်းသတင်း မီဒီယာများ၊ ထိုင်းနိုင်ငံပြည်သူများအဖို့ ပိုမိုစိတ်ဝင်စားစရာ ဖြစ်လာခဲ့ကြပါတယ်။

မြန်မာလူငယ်နှစ်ဦးရဲ့ မိဘများကို ထိုင်းနိုင်ငံ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နှင့် ဇနီးတို့မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ညနေ (၄) နာရီခန့်မှာ သံအမတ်ကြီး ဦးဝင်မောင်မှ၊ မြန်မာလူငယ် နှစ်ဦးရဲ့ မိဘများ၊ ထိုင်းလူ့အခွင့်ရေး ကောင်မရှင်နှင့် ထိုင်းရှေ့နေများ ကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ပါတယ်။

ထိုင်းရှေ့နေများ ကောင်စီဟာ ထိုင်းနိုင်ငံ၏ ကျွမ်းကျင်သည့် လူ့အခွင့်အရေး ရှေ့နေ (၁၆)ဦး ပါဝင်တဲ့ ကော်မီတီ ဖွဲ့စည်းခဲ့ပြီး ယခုလိပ်ကျွန်း လူသတ်မှု အရေး အတွက် မြန်မာသံရုံး နှင့်အတူ အမှုမှန် ပေါ်ပေါက်ရေး အတွက် တရားဥဒေအရ အကူအညီပေးလျက် ရှိနေကြပါတယ်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်မှ ပြောကြားရာတွင် “ယခုကိစ္စသည်၊ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာသုံးနိုင်ငံ ပြသာနာ ဖြစ်နေသည့် အတွက် ပတ်သက်နေသည့် နိုင်ငံများ အားလုံးအတွက် အဆင်ပြေစေချင်ကြောင်း၊ ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှု ဖြစ်ချင်ကြောင်း၊ အမှန်တရား အတိုင်သာ တိတိကျကျ ဖြစ်ချင်ကြောင်းနှင့် လက်ရှိ စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသားများ အတွက် မိမိအနေဖြင့် အတတ်နိုင်ဆုံး တရားဥပဒေအရ ကူညီပေးသွား မည်ဖြစ်ကြောင်း၊ ထိုင်းရှေ့နေများ ကောင်စီရုံးသို့ သွားရောက်ပြီး၊ မြန်မာအစိုးရ အနေဖြင့် တရားဝင် အမှုအပ်မည် ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

ဆက်လက်၍ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌကလည်း “ထိုင်းနိုင်ငံ လူအခွင့်အရေး ကော်မရှင်သည်၊ ထိုင်းနိုင်ငံ၏ ရဲတပ်ဖွဲ့နှင့် အစိုးရ လက်အောက်တွင် မရှိကြောင်း၊ မိမိတို့အား မည်သူမှ အမိန့်ပေးလို့မရ။ မိမိတို့ အနေဖြင့် မတရားသဖြင့် ပြုကျင့်ခံနေရသည့် သူများမှန်သမျှကို အကူအညီပေးဖို့ ဖွဲ့ထားခြင်း ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ဘာသာလူမျိုး မခွဲခြားဘဲ လူသား အချင်းချင်း ကူညီဖို့ ဖွဲ့စည်းထားခြင်းသာ ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် လက်ရှိ အစွပ်စွဲ ခံထားရသည့် မြန်မာ အလုပ်သမားများသည်၊ နှိပ်စက်ညှင်းပန်း ခံခဲ့ရသည်ဟု အကြွင်းမဲ့ ယုံကြည်ကြောင်း” ပြောပါသည်။

အဆိုပါ တွေ့ဆုံပွဲ သတင်းအား သတင်းမီဒီယာများမှ ရေးသားဖော်ပြကြရာတွင်လည်း ထိုင်းရှေ့နေများ ကောင်စီမှ အောက်တိုဘာလ (၂၁)ရက်နေ့က ဖမ်းဆီးခံ လူငယ်နှစ်ဦးအား သွားရောက် တွေ့ဆုံရာတွင် “မနေ့က ကျွန်တော်တို့ အဖွဲ့တွေ ဖမ်းဆီးခံထားရတဲ့ မြန်မာကလေး နှစ်ယောက်ကို သွားတွေ့ပါတယ်။ ထိုင်းရဲတပ်က သူတို့ကို အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။ နောက်ပြီး သူတို့က ပြစ်မှုမကျူးလွန်ဘူးလို့လည်း ပြောပါတယ်။ အဲဒါကြောင့် အမှုအတွက် ဦးတိုက် လျှောက်ထားမလားလို့ မေးတဲ့အခါ ဦးတိုက် လျှောက်ထားချင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ပြစ်မှု ကျူးလွန်ရာမှာလည်း သူတို့မပါဘူးလို့ ပြောပါတယ်”ဟု သွားရောက်မေးမြန်းခဲ့သူ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ အထူးရှေ့နေ တစ်ဦးက ပြောသည်ဟု ဖတ်မှတ်ရပါတယ်။

မြန်မာလူငယ် နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံ အခြေစိုက် မီဒီယာများနှင့် ပြည်ပ မီဒီယာများမှ သတင်းထောက် တစ်ရာကျော်ခန့် လာရောက် သတင်းယူ နေခဲ့ကြတာကို တွေ့ရပါတယ်။ ၄င်းသတင်းထောက်များဟာ မြန်မာသံရုံးရှေ့မှာ  (၂၂-၁၀-၂၀၁၄) တစ်နေ့လုံး စောင့်ဆိုင်းကာ သတင်းယူခဲ့ကြသည်ကိုလည်း တွေ့မြင်ရပါသည်ဟု မျက်မြင် သက်သေများက ပြောဆိုခဲ့ကြပါတယ်။

အဆိုပါ မြန်မာ သံအမတ်ကြီးနှင့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ တွေ့ဆုံပွဲနှင့် စပ်လျဉ်းပြီး 7 Day Dailyမှ သတင်းတစ်ခုတွင်လည်း “အခင်းဖြစ်ပွားတဲ့ နေ့ကတည်းက အမှုကို မသင်္ကာဖြစ်ခဲ့တာပါ။ ဘယ်လိုနည်းနဲ့ ကူညီပေးရမယ်ဆိုတာ စဉ်းစားနေတာပါ။ သံအမတ်ကြီးက ကူညီခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ဒီအမှုကို စစ်ဆေးဖို့ လူဦးရေ ၁၇ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီထဲကမှ ဒီအမှုကို စစ်ဆေးဖို့အတွက် ကျွမ်းကျင်တဲ့ ရှေ့နေ ၁၂ဦးနဲ့ စစ်ဆေးသွားမှာပါ။ ကုန်ကျစရိတ်တွေလည်း ပေးစရာမလိုပါဘူး”ဟု ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ ဥက္ကဋ္ဌက သံအမတ်ကြီး ဦးဝင်းမောင်အား ပြောသည်ဟု ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပင်  မြန်မာလုပ်သားနှစ်ဦး အာမခံရရှိရေး အတွက် ထိုင်းရှေ့နေများ ကောင်စီမှ ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကာ တရားရုံးမှ အာမခံပေးမည် ဆိုပါက တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀သန်းနှင့် ထိုင်းနိုင်ငံ သူဌေးလေးဦးက အာမခံ အကူအညီပေးသွားမည်ဟု ကမ်းလှမ်းထားချက် ရရှိထားပြီး ဖြစ်ပါကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းမှလည်း ပြောကြားခဲ့ပါတယ်။

(၂၄-၁၀-၂၀၁၄)နေ့တွင် စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာ လူငယ်နှစ်ဦး၏ မိဘများ အပါအ၀င် မြန်မာသံရုံး၊ ထိုင်းရှေ့နေများ ကောင်စီမှ တာဝန်ရှိသူများ အပါအ၀င် စုစုပေါင်း (၁၃) ဦး ထိုင်းနိုင်ငံ၊ ကော့စမွေ အကျဉ်းထောင်တွင် မောင်ဇော်လင်းဦးနဲ့ မောင်ဝင်းဇော်ထွန်းတို့အား တွေ့ဆုံခွင့် ရရှိခဲ့ကြပါတယ်။

 “မိဘ နှစ်ပါးနဲ့ ကျွန်တော်တို့တွေအား လုံးရှေ့မှာ အမှုနှင့်ပါတ်သက်ပြီး သူတို့လုံးဝ မပတ်သက်ရပါ ကြောင်း အရင်သတင်းတွေမှာ ဖြောင့်ချက်ပေးရတယ်ဆိုတာ ကြောက်စရာကောင်းတဲ့ခြိမ်း ခြောက်မှု၊ နှိပ်စက်မှုတွေကြောင့် အဲ့ဒီဖြေခဲ့ရကြောင်းကို ရင်ဖွင့် ထွက်ဆိုကြပါတယ်++ ဟု အဖွဲ့ ၀င်အဖြစ် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

မောင်ဝင်းဇော်ထွန်း (ခ) ဝေဖြိုးရဲ့ ပြောကြားချက်ကတော့ “မိမိအား ဖမ်းဆီးစဉ်၊ ရိုက်နှက်ခံခဲ့ရကြောင်း၊ တာဝန်ရှိ ရဲအရာရှိနှင့် မြန်မာ စကားပြန်မှ ပါးကို (၇-၈)ချက်ခန့် ရိုက်နှက်ခံ ခဲ့ရကြောင်း၊ မြန်မာစကားပြန်ဆိုသူမှာ မြန်မာသံရုံးမှ ထုတ်ပေးထားသည့်ဆိုသည့် ကဒ်ပြားကို ပြသခဲ့ပါကြောင်း၊ လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု မ၀န်ခံပါက၊ ခြေလက်များကို ဖြတ်ပြီး၊ ဂုံနီအိတ်ထဲ ထည့်ကာ၊ မြစ်ထဲမျောပစ်မည်၊ ကားတာယာကွင်းများနှင့်ပတ်ပြီး ရေနံဆီ လောင်းကာ မီးရှို့ သတ်ဖြတ်ပစ်မည်ဟု၊ ခြိမ်းခြောက်ခဲ့ပါကြောင်း၊  ထို့အပြင်၊ ချော့မော့ပြီးလဲ မေးမြန်း စည်းရုံးခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် သတ်သည်ဟု ၀န်ခံပါက၊ ထောင်(၄၊၅နှစ်)သာ ကျခံရနိုင်ကြောင်း၊ မိမိတို့ အနေဖြင့် အဆိုပါ၊ နှိပ်စက်ညှင်းပန်းမှု၊ ခြိမ်းခြောက်မှုနှင့် ချော့မော့ ဖျားယောင်းမှုများကြောင့် လိမ်လည် ထွက်ဆိုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ အနေဖြင့် သံရုံးမှဆိုပြီး ရောက်လာသည့် အဖွဲ့ကိုလဲ မယုံကြည်သည့် အတွက်၊ မိမိတို့ သတ်ဖြတ်ခဲ့ကြောင်း လိမ်လည်  ထွက်ဆိုခဲ့ခြင်းသာ ဖြစ်ပါကြောင်း” မိဘများနှင့် သံရုံးအဖွဲ့ဝင်များ ရှေ့မှောက်တွင် ရင်ဖွင့်ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး မောင်ဇော်လင်းဦးရဲ့ ပြောကြားချက်မှာတော့ “ဘီယာသွားဝယ်တဲ့ CCTVက ပုံတွေကို ပြပြီး မင်းတို့ မဟုတ်လားလို့ မေးတယ် ဟုတ်တယ်ဆိုတော့ သတ်တာလဲ မင်းတို့ဘဲဆိုပြီး ခြိမ်းခြောက် နှိပ်စက် ထိုးနှက်ပါတယ် မျက်နှာကို စွတ်ထားတဲ့ အ၀တ်ပိက်ကို ပါးစပ်ပေါ်အောင် လှန်ပြီး မျက်နှာကို မမြင်ရဘူး မြန်မာတယောက် ဘယ်သူမှန်း မသိဘူး ထမင်းလာကျွေးတယ်၊ အဲ့ဒီနောက်မှာ  ကုလား စကားပြန် ၀င်လာတယ် မင်းသတ်လား အမှန်အတိုင်းပြော မပြောရင် မင်းတို့ ဒီထက်နာမယ်။ မင်းတို့သွားတွေကို ပလာရာနဲ့ နုတ်ပစ်မယ်၊ မျက်နှာကို ခြေထောက်နဲ့ကန်တယ်။ ဒီမှာလူသတ်တဲ့ ပုံစံသိတယ်မို့လား တပိုင်းစီ ပိုင်းပြီး အင်္ဂတေနဲ့လောင်း ရေထဲမြုတ်ပစ်လိုက်မယ် ၀န်ခံရင်တော့ မင်းတို့ သက်သာမယ် ငါတို့လဲ ကူပေးမယ်ဆိုပြီး ပြောပါတယ်။ နောက်တရက်လဲ အဲ့ဒီမှာဘဲ ထားပြီး ခြိမ်းခြောက်တယ် မင်းတို့ဟာ တရားဝင်လာနေတဲ့သူတွေ မဟုတ်ဘူး အချိန်မရွေး သတ်ပြီး ကျောက်တုံးနဲ တွဲမြုပ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ၀န်ခံစေပါတယ် ပေါက်တူးနဲ့ ရိုက်ပြီးသတ်တယ်လို့ ပြောစေပါတယ် ကျွန်တော့်ကို လာဖမ်းတော့ ၃၀ရက်နေ့ပါ လစာက နောက်တစ်နေ့ ထုတ်ရမှာ အဖမ်းခံရလို့ မထုတ်လိုက်ရဘူး။ ဟုတ်ကဲ့ ပထမတခါတုံးက ဖြေစဉ်မှာ ၀ိုင်ပုလင်းနဲ့ ရိုက်တယ်ဆိုတာ မဟုတ်ပါဘူး ကျွန်တော့်တို့ လုပ်ကြံပြောခိုင်းလို့ ပြောတာပါ”ဟု မိဘများနှင့် သံရုံးအဖွဲ့ဝင်များ ရှေ့မှောက်တွင် ရင်ဖွင့်ပြောကြားခဲ့ပါတယ်ဟု ကိုယ်တိုင်ပါဝင် ကြားသိခဲ့ရသူ ဦးထူးချစ်က ပြောကြား ခဲ့ပါတယ်။

“သူတို့ လုံးဝငြင်းတယ်၊ ဒီကိစ္စမှာ ဘာမှပါဝင် ပတ်သက်ခြင်း မရှိဘူး၊ အဲဒီနားမှာ ဂစ်တာတီးမိတယ်၊ အဲဒါနဲ့ပဲ CCTVမှာ ဓာတ်ပုံတွေပြပြီး ရဲတွေက သူတို့ကိုဖမ်းပြီး၊ ညဉ်းပမ်းနှိပ်စက်တယ်၊ ၀န်ခံတယ်လို့ ဖြေရင် ဘယ်လောက်မှ ကြာကြာမနေရဘူး ငါတို့ကူညီမယ် ပြောလို့ ၀န်ခံရတယ်”ဟု အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သူ ဦးမင်းဦးမှ ပြောဆိုလိုက်ကြောင်းနှင့် မြန်မာလူငယ် ၂ဦးမှာ မိဘများနှင့် တွေ့ဆုံစဉ် ၀မ်းသာအားရ ဖြစ်နေပြီး၊ စိတ်ဓာတ်ကျဆင်းခြင်း မရှိကြောင်း တွေ့ရှိခဲ့ရတယ်ဟု ဆိုပါတယ်။

“သူတို့ပြောတာက အရမ်းရှင်းတယ်၊ အမေ ကျွန်တော်တို့ အသက်သာ အသေခံမယ်၊ ကျွန်တော်တို့ လုပ်တာ မဟုတ်ဘူး၊ ဒါပေမယ့် ဘာသာပြန်က တဆင့် ခြိမ်းခြောက်တယ် အဲဒီအချိန်မှာ ကျွန်တော်တို့ မဖြေရင် အသက် အန္တရာယ် စိုးရိမ်ရတဲ့ အတွက် ရှိနေလို့ ဖြေလိုက်တယ်၊ တရားရုံးမှာမှ အဖြစ်မှန်ကို ထွက်ဆိုမယ်လို့ ဆုံးဖြတ်ထားပြီး ဖြေပေးလိုက်တာ”ဟု မိဘများနှင့် ပြောဆိုကြောင်း ဦးမင်းဦးက ဆက်ပြောပါသည်ဟု ဧရာဝတီ သတင်းဌာနမှ ဖော်ပြချက်မှာ ဖတ်ရှုလိုက်ရပြန်ပါတယ်။

ကန့်ကွက်လွှာ တင်သွင်းမှု အတွက် “ဒီနေ့ ကလေးနှစ်ယောက်ပြောတဲ့ ထွက်ဆိုချက်တွေ သူတို့ လက်မှတ် မိဘတွေ လက်မှတ်နဲ့ ညှင်းပမ်းလို့ ၀န်ခံလိုက်တယ်ဆိုတာနဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ပြောထားတဲ့ အချက်တွေကို ကော့စမွေ ခရိုင် ဥပဒေရုံးကို တင်ခဲ့တယ်။ အဲဒီကနေ ဒီအမှုကို သေချာပြန် သုံးသပ်ဖို့ ထိုင်းရဲကို ညွှန်ကြားတယ်လို့ သိရတယ်”ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးအောင်မျိုးသန့်က ပြောကြားခဲ့ပါတယ်။ ထို့အပြင် နိုပ်စက်ညှင်းပမ်းခဲ့ကြသည့် ထိုင်းရဲတပ်ဖွဲ့များနှင့် စကားပြန်ဆိုသူ (၂)ဦးကိုလည်း ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှတဆင့် ပြန်လှန်တရားစွဲဆိုသွားရန်လည်း စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း ကြားသိရပါတယ်။

(၂၄-၁၀-၂၀၁၄) ရက်နေ့ည ထိုင်းနိုင်ငံက ညပိုင်း TV အစီအစဉ်မှာတော့ သတင်းသုံးသပ်သူက အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း သုံးသပ်မှုတစ်ခု ထုတ်လွှင့် သွားခဲ့ပြန်ပါတယ်။ ၄င်းထုတ်လွှင့် ပြောကြားချက်မှာတော့ “အင်္ဂလန် စကော့ယာဒ် ထိုင်းနိုင်ငံကို အရပ်ဝတ်နဲ့ ကြိုတင် ရောက်ရှိနေပြီးသား ဖြစ်တယ်၊ ဟန်နာကိုယ်ပေါ်က  DNAတွေ ယူလာတယ်။ ဒေးဗစ် ကိုယ်ပေါ်က DNAတွေ ယူလာတယ်  အဖမ်းခံ ကောင်လေး ၂ယောက် DNAကို ခိုးယူပြီး စစ်တယ်၊ အင်္ဂလန်က စုံထောက်တွေ တိုးရစ်တွေလို နေသွားတာ။ တကယ်က ဟန်နာက မူးပြီးသတိလစ်သလို ဖြစ်နေတယ်။ ကျွန်းပေါ်က သြဇာ  အဏာရှိတဲ့ ACဘားပိုင်ရှင် သားနဲ့အဖွဲ့က မုဒိန်းကျင့်တယ်။ ဒေးဗစ်ကတွေ့ ပြီး ၀င်တားတယ်။ မုဒိန်းအဖွဲ့က ဒေးဗစ်ကိုဖမ်းပြီး သတ်တယ်။ ပင်လယ်ထဲကို ပစ်ချလိုက်တယ်။

ဒဏ်ရာတွေကြည့်ရင် သေးငယ် ထက်မြက်ပြတ်ရှတဲ့ လက်နက်တွေကြောင့်ဆို အခုအနီဝိုင်းတွေက ဟန်နာနဲ့ဒေးဗစ်ရဲ့ သေဆုံးတဲ့ သူတွေပုံကို ကြည့်ပါ။ အင်္ဂလန် စကော့ယာဒ်အဖွဲ့ ပြောတာက ကျွန်းပေါ်က သြဇာအဏာရှိတဲ့ ဘားပိုင်ရှင်သားနဲ့ အဖွဲ့က မုဒိန်းကျင့်တာ အခုတစ်ကြိမ်ထဲ မကတော့ဖူး။

လာလည်တဲ့ တိုးရစ်တွေထဲက ကြိုက်တဲ့ အမျိုးသမီးတွေကို အခုလိုဘဲ မုဒိန်းကျင့်နေကြ။ လူမသေတော့ ဘာမှမဖြစ်ဘူးပေါ့။ ဒီတကြိမ်ကတော့ လူသေပြီး ကျော်ကြားသွားတယ်။ ဒီအတွက် ထိုင်းရဲတွေက မြန်မြန် စုံစမ်းပြီး တရားခံရှာရတော့တယ်။ လွယ်လွယ်ပါဘဲ မြန်မာတွေကို အစားထိုး လိုက်တယ်။ ကျွန်းပေါ်မှာ နေထိုင်သူတွေ အားလုံးသိနေကြတယ်။ ကျွန်းပေါ်က သြဇာအဏာရှိတဲ့ ဘားပိုင်ရှင်သားနဲ့ အဖွဲ့တွေဆိုတာ ဘယ်သူမှ မပြောရဲကြဘူးလေ။ ပြောတဲ့သူကလည်း ကျွန်းပေါ်မှာ အသက်ရှင်ရက်နဲ့ ဆက်နေခွင့် မရှိဘူးလေ။

ကျွန်းပေါ်က သြဇာအဏာရှိတဲ့ ဘားပိုင်ရှင်သားနဲ့ အဖွဲ့က လူဆိုးလူမိုက် လူသတ်သမား အဖွဲ့လေ။ ဒေးဗစ်ကိုသတ်ပြီး သတိမေ့နေတဲ့ ဟန်နာကို ဆက်မုဒိန်းကျင့် မှားမှန်းသိနေလို့ အမှုမပေါ်အောင် သတိလစ်နေတဲ့ ဟန်နာကိုပါ ပေါက်ပြားနဲ့ ထုသတ်တာ။ ကိုင်းထိုင်းပုလိပ်ချုပ်ကြီး ဘယ်လိုလဲ…. ဖြေပါအုံး။ ထိုင်းလူထုအတွက် အလုပ်လုပ်မှာလား။  ထိုင်းလူတစ်စု အတွက် အလုပ် လုပ်မှာလား”ဟု ဆိုကာ ထုတ်လွှင့်သွားခဲ့ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ  ထိုင်းနိုင်ငံကို ဗုဒ္ဓဟူးနေ့ ကတည်းက ရောက်နေတဲ့ အင်္ဂလန်က စုံထောက် ၃ ယောက်ဟာ သောကြာနေ့မှာ ဘန်ကောက်ကနေ ကော့တောင်ကို ရောက်လာခဲ့ကြောင်း၊ ဟန်နာနဲ့ ဒေးဗစ် သေဆုံးတဲ့ နေရာ၊ ACဘား၊ ၀င်းနဲ့ဇော် ဂီတာတီးတဲ့ နေရာတွေကို လိုက်ကြည့်ခဲ့ကြောင်း၊ ဒေးဗစ် ဖုန်းတွေ့တဲ့ နေရာလို့ ပြောတဲ့ Clock Towerမှာလည်း ရပ်ကြည့်ခဲ့ကြောင်း၊ ခရီးစဉ်ကတော့ ရဲတွေကို အံ့အားသင့်သွားစေခဲ့ကြောင်း လိုအပ်တဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေ ရိုက်ပြီးတဲ့ နောက်မှာတော့ ကော့တောင် မြူနီစီပါယ်ရုံးမှာ တံခါးပိတ် အစည်းအဝေး လုပ်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ သူတို့သွားတဲ့ အချိန်ကိုကြည့်ရတာ၊ မနေ့က မိဘတွေကို သတင်းထောက်တွေ အာာရုံများနေတဲ့ အချိန်ပဲ။ တော်လည်း တော်ကြပါတယ်။ အင်္ဂလန်က စုံထောက်တွေ သိုသိုသိပ်သိပ် လုပ်တတ်တာလည်း ပညာတခုပါပဲ။

ဒါကြောင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား နှစ်ဦး လူသတ် တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံ ထားရမှုဟာ တဖြေးဖြေးနဲ့ အမှန်တရား အတွက် ရုပ်လုံးပေါ်လာပြီလို့ သုံးသပ်မိပါတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းတဲ့၊ လွတ်လပ်တဲ့ တရားစီရင်ရေးရှိတဲ့၊ ဒီမိုကရေစီ ပွင့်လင်းမြင်သာမှု အားကောင်းတဲ့ ထိုင်းနိုင်ငံမှာတော့ မြန်မာလူငယ် နှစ်ဦး ပြန်လည် လွတ်မြောက်ရေးဟာ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိနေပါတယ်။ နိဂုံးချုပ်အားဖြင့် ခေတ်အဆက်ဆက်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အရေးကိစ္စ အတွက် တကြိမ်တခါမှ တာဝန်ယူခဲ့ဖူးခြင်း မရှိပေမယ့် လက်ရှိအခြေအနေမှာတော့ မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံးကို အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခင်အပတ်က ဆောင်းပါးတွင် ကျွန်တော် တိုက်တွန်းခဲ့သလို မြန်မာ အစိုးရဘက်မှလည်း ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်ပြီး အထူးအဖွဲ့ စေလွှတ်မည်ဆိုတာ သတင်းသာ ကြားနေရပြီး ယခုအချိန်အထိ မသွားကြသေးခြင်းအပေါ် နောက်မကျစေပဲ အမြန်ဆုံးစေလွှတ်ဖို့ ထပ်မံတိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

Category: 

Share