မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အရှေ့၌ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ သေဆုံးခဲ့သူများ အတွက် အရပ်ဖက် အဖွဲ့အစည်းများ ဆန္ဒပြ

ကချင် လွတ်မြောက်ရေး တပ်မတော် ဗိုလ်လောင်း သင်တန်းကျောင်းထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဗိုလ်လောင်း သင်တန်း တက်ရောက်နေသော သင်တန်းသားများ သေဆုံးခဲ့ခြင်း ၀မ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများက နိုဝင်ဘာလ ၂၃ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) အရှေ့၌ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခု သေဆုံးခဲ့တဲ့ သူတွေကလည်း ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှမတွေ ဖြစ်တာရယ်။ အခုလို အဖြစ်အပျက်ကလည်း အင်မတန်မှ ၀မ်းနည်းဖွယ် ကောင်းသလို၊ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အတွက်လည်း ထိခိုက်နိုင်တာတွေကြောင့် ဆက်လက်ပြီး ဒီလိုတွေ မဖြစ်ဖို့အတွက်ရယ် သေဆုံးသွားတဲ့သူတွေ အနေနဲ့လည်း ကောင်းရာဘုံဝဘကို ရောက်ရှိစေဖို့ ဆုတောင်းခြင်းပဲ ဖြစ်ပါတယ်”ဟု ဆုတောင်းမှုတွင် ပါဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် ဆုတောင်းမှုကို အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ လူငယ် တစ်ရာကျော်တို့က ၀မ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် တီရှပ်များကို ၀တ်ဆင်ကာ ၀မ်းနည်းခြင်း ပန်းခွေ၊ ပန်းခြင်းများနှင့် နှင်းဆီပန်းများကို ကိုင်ဆောင်ကာ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ အနီးရှိ ပဒုမ္ပာပန်းခြံ အရှေ့မှ စတင်ကာ မြန်မာ့ငြိမ်းချမ်းရေး စင်တာ အရှေ့ထိ လမ်းလျှော်ခဲ့ကြပြီး၊ ပန်းခွေ ပန်းခြင်းများ  ဖယောင်တိုင်များအား မီးထွန်းညှိကာ ဆုတောင်းမှုများကို ပြုလုပ်ခဲ့သည်။

ဗိုလ်လောင်းများမှာ နိုဝင်ဘာ ၁၉ရက်နေ့တွင် သေဆုံးခဲ့ကြရခြင်း ဖြစ်ပြီး ယင်းသို့ အရပ်ဖက် လူမှု အဖွဲ့အစည်းများမှ ဆုတောင်းမှုများနှင့် ပက်သက်၍ ကမာရွတ်မြို့မ ရဲစခန်းအား ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးမှ ဆုတောင်းမှုတွင် ပါဝင်သူများအား လက်ရှိ အချိန်ထိ အရေးယူမှု တစ်စုံတစ်ရာ မရှိဟု ပြန်လည်ဖြေကြားခဲ့သည်။

ကိုလူသစ်၊ ကွန်းဇော်

Category: 

Share