မန္တလေးမြို့ရှိ သံဃာတော်များ၏ ရည်ရွယ်ချက် လမ်းကြောင်း အပြောင်းလဲများမှာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေဟုဆို

မန္တလေးမြို့ရှိ ကျောင်းတိုက် အသီးသီးမှ ရဟန်း သံဃာတော်များ၏ ရည်ရွယ်ချက် လမ်းကြောင်း အမျိုးမျိုး ဖြစ်ပေါ်နေခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း မြို့ခံလူထုအချို့က သုံးသပ် ပြောကြားခဲ့သည်။

“၂၀၁၅ ရွေးကောက်ပွဲ ကာလအနီးမှာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက တစ်မျိုးစီပဲ ဖြစ်နေတယ်။ မန္တလေးမြို့မှာရှိတဲ့ သံဃာထု အတွင်းမှာကို ဦးတည်ချက် အမျိုးမျိုး ဖြစ်နေကြတယ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်မှု မ.ဘ.သဘက်က အမျိုးစောင့် ဥပဒေ ဖြစ်ပေါ်လာဖို့ ဦးတည်သလို၊ သံဃာထု အတွင်း စိတ်ဝမ်းကွဲတာမျိုး မဖြစ်စေချင်ဘူး၊ သံဃာအချို့ကတော့ ၂၀၀၇ ခုနှစ်က ရွှေဝါရောင် ကွန်ယက်(ယာယီ)ကို ပြန်ဖွဲ့စည်းပြီး ပြည်သူတွေအတွက် အကျိုးပြုနိုင်မယ့် ရွှေဝါရောင် စိတ်ဓာတ်ကို ပြန်အသက်သွင်းမယ် ဆိုတယ်၊ အချို့ ဆရာတော် သံဃာတော်တွေကတော့ နိုင်ငံတော် သံဃာ မဟာနာယက အသစ်တင်ဖို့ လက်ရှိ ဆရာတော် သံဃာတော်ကြီးတွေရဲ့ လုပ်ဆောင်ချက်ကို သဘောမကျလို့ လက်မှတ်ရေးထိုးကြတာတွေ လိုက်ကောက်နေတယ်၊ စိုးရိမ်မိတာက သံဃာတော်တွေ စိတ်ဝမ်း ကွဲပြားကြမှာကိုပဲ၊ နိုင်ငံ့အရေးမှာ တကယ်တမ်း အားကိုးရတဲ့ သံဃာတော်များ အနေနဲ့ ရည်ရွယ်ချက်လမ်း တစ်မျိုးစီ စိတ်ဝမ်းကွဲများ ဖြစ်သွားရင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် စိုးရိမ်စရာ ဖြစ်တယ်”ဟု မြို့မိမြို့ဖတစ်ဦးက Tomorrowအား ပြောသည်။

သံဃာတော်တွေ အနေနှင့် ပြီးခဲ့သည့် အောက်တိုဘာ (၃၀)ရက်နေ့က အမျိုးစောင့် ဥပဒေ ပြဌာန်း ဖော်ဆောင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နိုဝင်ဘာ (၁၄) ရက်တွင်လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်မည့် သံဃာတော်များ စုစည်း၍ ရွှေဝါရောင် ကွန်ရက် (ယာယီ)ကို ဦးဆောင်သံဃာ (၁၁)ပါးနှင့် ဖွဲ့စည်းခဲ့ကြောင်းနှင့် နိုဝင်ဘာ(၁၉)ရက်နေ့တွင် ဆရာတော် သံဃာတော်ကြီးများ (၄၇)ပါးဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော် သံဃာမဟာ နာယကသည် သံဃာ အရေးအရာများ ဖြေရှင်း ဆောင်ရွက်ရာတွင် အာဏာပိုင်တို့၏ အလိုသဘောထား အတိုင်းသာ ဆုံးဖြတ် ဆောင်ရွက်နေသည်ဟုဆိုကာ သံဃာမဟာ နာယက အသစ် ပြန်လည်ရွေးရန် ဆရာတော်အချို့က ဦးဆောင်ပြီး မန္တလေးမြို့ရှိ ကျောင်းတိုက် အသီးသီးမှ သံဃာများထံ လက်မှတ် ကောက်ယူနေသည်များလည်း ရှိကြောင်း သိရသည်။

ဆွေနိုင်စစ်

Category: 

Share