၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အင်အားစုနှင့် တပ်မတော်ကြားတွင် “ကျီးရိုသေ ဘုတ်ရိုသေ”ဖြစ်ရန် လိုအပ်ဟု ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

နိုဝင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၁း၃၀)နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ကာကွယ်ရေး ဦးစီးချုပ်မှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) လိုင်ဇာဌာနချုပ်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ဦး သေဆုံးခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယခုကိစ္စ မဖြစ်ခင်က မန်စီမြို့နယ်တွင် တပ်မတော် တပ်ရင်းများအား တိုက်ခိုက်ခဲ့မှု ရှိသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်မှာစိုးသည့် အတွက် သတင်း မထုတ်ပြန်ခဲ့ကြောင်း ယခုကိစ္စတွင်လည်း တပ်မတော်မှ ပြုလုပ်နေကျ သတိပေး ပစ်ခတ်မှုများ ပြုလုပ်ရာတွင် မထင်မှတ်ဘဲ ဗိုလ်သင်တန်း ဆင်းနေမှန်း မသိဘဲ ထိမှန်၍ အထိအခိုက်များ ဖြစ်ရသည်ဟု ရိုးရိုးသားသား ပြောကြားလိုကြောင်း၊ တပ်မတော်ဆိုင်ရာ သတင်းများ မီဒီယာမှ အမြန်ဆုံးနှင့် ပွင့်ပွင့်လင်းလင်း သိရှိနိုင်ရေး အတွက် မကြာခင် မြ၀တီ ၀က်ဘ်ဆိုက်မှတစ်ဆင့် အသိပေးရန် ဆောင်ရွက်လျက်ရှိကြောင်း မီဒီယာများအနေဖြင့် သတင်းများ ကို အတည်ပြုရန်နှင့် မေးမြန်းရန် အတွက် အီးမေးလ်လိပ်စာမှတစ် ဆင့် ဆက်သွယ်မေးမြန်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူး သဖြင့် မီဒီယာနှင့်တပ်မတော်ကြား ကောင်းမွန်သော ဆက်ဆံရေး လမ်းကြောင်း တည်ဆောက်ရေး အတွက် ရန်ကုန်မြို့တွင် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ သိလိုသည့်အချက်များ မေးမြန်းရာတွင် တပ်မတော်မှ နောက်ကြောင်း ပြန်သွားရန် မရှိကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ တွင် အကယ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပါကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်တွဲ ဆောင်ရွက်သွားမည်သာ ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတရန် ကာကွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၅တွင် အနိုင်ရမည့် နိုင်ငံရေး အင်အားစုများနှင့် တပ်မတော်ကြားတွင် ဥပဒေကို လေးစားလိုက်နာပြီး “ကျီးရိုသေ ဘုတ်ရိုသေ” ဖြစ်ရန်လိုကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံပွဲအား စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ အပါအ၀င် ကိုးဦးတက်ရောက်ခဲ့သလို တပ်မတော်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်ရေးချုပ် ဗိုလ်ချုပ်စန်းဦး၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်ညိုစော၊ ဗိုလ်ချုပ်အောင်ရဲဝင်း၊ ဗိုလ်မှူးချုပ် စိုးနိုင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Category: 

Share