ထောင်ကထွက်လို့ သုံးနှစ် အကြာ (၉) - ဇာဂနာ

ကနေဒါနိုင်ငံကို ရောက်ရတာလဲ ပြဿနာတွေ အထုပ်ဆွဲ ပါလာဆဲပါပဲ။ ကနေဒါနိုင်ငံ တိုရွန်တို လေဆိပ် စဆင်းကထဲက ပြသနာတွေ တစ်ခုပြီး တစ်ခု တက်လာတော့တာပါပဲ။ အောတ္တ၀ါမြို့မှာ ကနေဒါ မိတ်ဆွေများ အဖွဲ့က စီစဉ်တဲ့ ပွဲတစ်ပွဲ ရှိနေပါတယ်။ အဲဒီပွဲက  အင်ဂျင်နီယာ တက္ကသိုလ်မှာ လုပ်တာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Video အမေးအဖြေခန်း တိုက်ရိုက်လုပ်မယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ တကယ်လို့ အင်တာနက် အဆက်အသွယ် ခြေချော်လက်ချော် ဖြစ်ခဲ့ရင် အစားထိုးဖို့ ကျွန်တော့်ကို အောတ္တ၀ါ လာစေချင်ပါသတဲ့။

ဖိတ်တာက ကျွန်တော့် သူငယ်ချင်း ဇော်ထူးဦးရဲ့ ညီပါ။ ကျွန်တော် လာတာက တခြားကိစ္စနဲ့ပါ။ ရောက်လာတာကလဲ တိုရွန်တို၊ အောတ္တ၀ါ မဟုတ်ပါဖူး။ တစ်ခါ သည်ဇော်ထူးဦးရဲ့ညီ ကိုတင်မောင်ထူးရဲ့ အစီအစဉ်နဲ့ လာတာမဟုတ်ပါဖူး။ သည်တော့ ခုပဲလေဆိပ် ရောက်၊ နောက်လေယာဉ် တစ်စင်း လက်မှတ်ဝယ်၊ အောတ္တ၀ါကို ချက်ချင်းသွား၊ နောက်တစ်နေ့ မနက်မှာ စောစောကပြောတဲ့ တက္ကသိုလ်မှာ အဆင်သင့်သွား စောင့်နေရလောက်အောင် ကျွန်တော်ဟာ စက်ရုပ်မဟုတ်ပါဖူး။ ဒီလိုလုပ်ချင်ရင်လဲ အစောကြီးတည်းက ကျွန်တော့်အတွက် လေယာဉ်လက်မှတ် ၀ယ်ပို့လိုက်ပေါ့။ ခုတော့ သူများ အစီအစဉ်နဲ့ ရောက်လာတဲ့ ကျွန်တော့်ကို လွယ်လင့်တကူ ကောက်စားလိုက်တာ မျိုးကိုတော့ ကျွန်တော်ဘယ်လို လက်ခံရပါ့မလဲ။ တိုတိုပြောရရင် ကျွန်တော် အဲဒီပွဲကို မတက်နိုင်ခဲ့ပါဖူး။ ဒီတော့လဲ တစ်ချို့ တိုင်းရင်းသား မောင်နှမတွေက ကျွန်တော်ရှိနေတဲ့ဆီကို လိုက်လာ တွေ့ဆုံကြပါတယ်။ သူတို့က တွေ့ချင် မေးချင်တာတွေ တပုံတပင်နဲ့ပေါ့။ ဒါကို ကျွန်တော် လက်ခံတယ် နားလည်ပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံမှာ လေးရက်ပဲ နေခွင့်ရတဲ့ ကျွန်တော့ အနေနဲ့ ဘယ်ကိုမှ အလည် မလိုက်နိုင်ခဲ့ပါဖူး။ နာမည်ကျော် နိုင်ရာဂရာ ရေတံခွန်ကြီးကိုတောင် လိုက်မကြည့်နိုင်ခဲ့ပါဖူး။ နိုင်ငံခြားရေး ၀န်ကြီးရုံးမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ လောက်ထိ မရပ်မနား စကားတွေ ပြောခဲ့ရပါတယ်။ ညကျပြန်တော့ (မှတ်မှတ်ရရ) ဆယ်နာရီ ဆယ်မိနစ်မှာ Pen Canadaက စီစဉ်တဲ့ပွဲ သွားတက်ရပါသေးတယ်။ သူတို့ပေးတဲ့ One Humanity ဆုကို လက်ခံပြီး ကျွန်တော် ထောင်ထဲမှာ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ပြ ခဲ့ရပါတယ်။ မြစ်ကြီးနား ထောင်ထဲမှာ ရေးခဲ့တဲ့ ကဗျာပါ။ Where am I? တဲ့ ။

Where am I?
By the river
Can’t see the river
Where am I?
Under the moon
Can’t see the moon
Where am I?
Just remind the world
That I can’t be involved
Where am I?

ဇာတ်ရုံထဲက ပြန်ထွက်ချိန်မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ ဒူးဆစ်လောက်ထိ မြုပ်နိုင်တဲ့ နှင်းထုကြီးက ဆီးကြိုလို့ ရယ်။ မျက်နှာ တစ်ပြင်လုံးကို ရေခဲတုံးနဲ့ တဖုံးဖုံး ပစ်ပေါက် နေသလိုပါပဲ။ နှင်းပြင်ပေါ်မှာ စီးရတဲ့ ဖိနပ်မပါလို့ သုံးခါတိတိ တဗိုင်းဗိုင်း လဲကျတာလဲ တော်တော် အီစလံ ဝေပါတယ်။ အဲသလို ရုပ်ပျက်နေတဲ့ ကျွန်တော့် အဖြစ်ကို ဘယ်သူသိနိုင်ပါ့မလဲ။ တည်းခိုရာ ဟော်တယ်ကို ရောက်တော့ ည ၁၂ နာရီ။ မနက် ၅ နာရီမှာ လေယာဉ်ကွင်း ဆင်းရပါတော့တယ်။

ကနေဒါ နိုင်ငံကနေ အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်ပြန်တော့လဲ တည်းခိုရမဲ့ နေရာကို မသွားရပါဖူး။ ရေဒီယိုစီတီး (စီးကရက်ပူးလိစ်) ဇာတ်ရုံကြီးကို တန်းသွားခဲ့ရပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက် ကြီးမားခမ်းနားလှတဲ့ ဇာတ်ရုံကြီးမျိုး သည်တစ်ခါပဲ တွေ့ဖူးပါတယ်။ ကျွန်တော် အ၀တ်လဲရတဲ့ အခန်းက ခြောက်ထပ်မှာပါ။ ဇာတ်ခုံနဲ့ အ၀တ်လဲခန်းကို ဓာတ်လှေကားနဲ့ အတက်အဆင်း လုပ်ရပါတယ်။ ရုပ်ရှင်မင်းသားကြီး လီယန်နီဆင်တို့၊ ဟာသမင်းသား ဘင်စတေလာ၊ ဒရာမာ မင်းသား တင်(မ်)ရိုသ်၊ လူရွှင်တော်ကြီး ဂျွန်စတီးဝပ်၊ ရပ်ဆဲလ် ဘရန်း (ဒ်) တို့နဲ့ ဆုံရတာလဲ တော်တော် ကုသိုလ်ထူးတာပါ။ အော်စကာဆုတွေ တသီတတန်းကြီး ရသွားတဲ့ ရှင်းဒလားလစ်ထဲက မင်းသားကြီး လီယန်နီဆင်က ကျွန်တော့ကို ပရိသတ်နဲ့ မိတ်ဆက် ပေးရတာပါ။ ကျွန်တော်တို့ဆုံတဲ့ အချိန်မှာ သူရိုက်နေတဲ့ ဇာတ်ကားအကြောင်း မေးကြည့်တော့ Takenတဲ့။ ခုတော့ သည်ဇာတ်ကား တအား အောင်မြင်လို့ အပိုင်း (၂)တောင် ရုံတင်နေပါပြီလေ။

Amnesty internationalလို့ ခေါ်ကြတဲ့ ကမ္ဘာ့ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ နှစ် ၅၀ ပြည့်ပွဲ ဆိုတော့လဲ ခမ်းနားတာပေါ့လေ။ ပွဲသိမ်းတော့ ညက ဆယ့်တစ်နာရီ။ ကျွန်တော့် သူငယ်ချင်း စုတ်ဖွားရဲ့ အိမ်ရောက်တော့ သန်းခေါင်။ ဒါပေမဲ့ ကျွန်တော့်ကို လာစောင့်နေတဲ့ ကျွန်တော့်ညီမောင် အာယုနဲ့ ကိုရင်ထွေးတို့က အိမ်ရှေ့ခန်းမှာ တခေါခေါနဲ့ရယ်။ ကျွန်တော် ရန်ကုန်ကို ပြန်ရမဲ့ လေယာဉ်ပျံက ၀ါရှင်တန်ကနေ စီးရမှလေ။ သည်တော့လဲ နယူးယောက်ကနေ ၀ါရှင်တန်ဆီ ကားစီးပြီး ပြန်လာခဲ့ရပါတယ်။ ဒီလောက် တစ်နေရာကနေ တစ်နေရာ ကူးချည်သန်းချည် လုပ်နေရတော့လဲ အ၀တ် သေတ္တာတွေ သယ်မနေ အားတော့ပဲ ကြုံရာအိမ်မှာ ထားထား ပစ်ခဲ့ပါတယ်။ ရန်ကုန်ကို ပြန်လာတဲ့ အခါမှာတော့ ကျွန်တော့် သေတ္တာ နှစ်လုံးထဲမှာ စာအုပ်တွေချည်း ပါပါတော့တယ်။ အပိုကြေးပေးပြီး သေတ္တာ နှစ်လုံးကို ပြန်သယ်လာခဲ့တာပေါ့။ ဘာလက်ဆောင် ပါသလဲလို့ မေးကြရင်တော့ စာအုပ်တွေပဲ ပေးရမှာပေါ့။

တကယ်တမ်း ကျွန်တော်တို့ မြန်မာပြည်က လူတွေ ငတ်နေတာ စာအုပ်ကောင်းတွေပါ။ နိုင်ငံရေး အရ လေ့လာဖို့လဲ စာအုပ်တွေ လုံလုံလောက်လောက် မရှိဖူးလေ။ စတန်းဖို့ တက္ကသိုလ်က ပရော်ဖက်ဆာ လယ်ရိဒိုင်းမွန်း ပေးလိုက်တဲ့ စာအုပ်တွေ၊ NEDက ပေးလိုက်တဲ့ စာအုပ်တွေ၊ စုစုပေါင်း အုပ်ရေ ခြောက်ဆယ်လောက် ရှိပါတယ်။ သည်တော့လဲ တခြားမိတ်ဆွေတွေ ပေးလိုက်တဲ့ အင်္ကျီတွေ၊ ဘောင်းဘီတွေ။ ဖိနပ်တွေကို ကျွန်တော့် ညီမောင် အာယုအိမ်မှာ ထားခဲ့ပြီး ပြန်လာခဲ့တာပါ။

ဝါရှင်တန်ကနေ၊ ဂျပန်။ တိုကျိုကနေ၊ ဘန်ကောက်ရောက်တော့ ည ၈နာရီ ထိုးပါပြီ။ နောက်တစ်နေ့ မနက် ၈ နာရီထိုးမှ ရန်ကုန်ကို ပြန်ရမှာဆိုတော့ ဘန်ကောက် လေဆိပ်ထဲမှာပဲ အိပ်ရတော့မှာပေါ့။ ဖြစ်ချင်တော့ ကျွန်တော့်မှာ ထိုင်းနိုင်ငံထဲ ၀င်ဖို Visa မပါပါဖူး။ ဒေါ်ဘောက်ဂျာကတော့ ဘန်ကောက်မြို့ထဲ ၀င်နိုင်ပါတယ်။ အမေရိကားမှာ ကထဲက သူက Visa လျောက်ခဲ့တာကိုး။ တစ်ခါလေ ယာဉ်တစ်စင်းနဲ့ တစ်စင်း အချိန် ကွာခြားချက်က ၁၀နာရီကျော်နေ ပြန်တော့ သေတ္တာတွေ ပြန်ရွေးရမယ်တဲ့။ ပြီးတော့မှ မနက်ကို ထွက်မဲ့ လေယာဉ်ဖြစ်တဲ့ MAI လေကြောင်းရုံးမှာ စာရင်း ပြန်သွင်းရမှာတဲ့။ တော်တော် ဇယားရှုတ်တာပဲဆိုပြီး စိတ်တောင် ညစ်မိပါတယ်။ နောက်ပြီး သုဝဏ္ဏဘုမ္မိ လေဆိပ်မှာ ထိုင်း ၀န်ထမ်း တော်တော်များများဟာ မြန်မာဆိုရင် ဆက်ဆံရေး တော်တော် ကျဲပါတယ်။ မေးတာမြန်းတာကအစ အကြည့်ကအစ နှိမ်ချင်တဲ့ မျက်နှာပေးနဲ့ပါ။ ဖြစ်နိုင်ရင် သူတို့လေဆိပ်မှာ ၀င်ဝင်ပြီး လေယာဉ်ပျံ ပြောင်းစီးရတဲ့ ဒုက္ခကနေ ဝေးချင်လှပါတယ်။ ကျွန်တော် အပါအ၀င် မြန်မာလူမျိုး တော်တော်များများ ထိုင်းလေဆိပ်က လုံခြုံရေးတွေ၊ ၀န်ထမ်းတွေရဲ့ ကျောပြီး ဆက်ဆံတာကို ခံဖူးကြမှာပါ။ ထားပါတော့လေ။

သည်လိုနဲ့ All Nippon air linesမှာသွားပြီး ပစ္စည်းရွေးရ တော့တာပေါ့။ အဲသည်မှာတင် ကျွန်တော့ ရင်ဝကို လောင်ချာ တည့်တည့်မှန်သွားသလို ခံစားလိုက် ရပါတော့တယ်။

ကျွန်တော့်သေတ္တာတစ်လုံးပါ မလာတော့ပါဖူးတဲ့။

(ဆက်ပါမည်)

ဇာဂနာ

 

Category: 

Share