ဇာဂနာထုတ်မယ့် အမှားပြင်ဆင်ချက် ဂျာနယ် - မာဂျေ

ကိုသူရ (ဇာဂနာ)က ဖုန်းဆက်တယ်။ ကိုမာဂျေရေ ကျွန်တော် ဂျာနယ်တစ်စောင် ထုတ်မလို့ ရှယ်ယာပါမလားတဲ့။ ဒါနဲ့ မာဂျေက ဘာဂျာနယ် ထုတ်မလို့လဲဗျ။ ဂျာနယ်တွေ ဒီလောက် များနေရတဲ့ အထဲမှာ အခုနောက်ထပ် ၁၂စောင် ထပ်ချ ပေးလိုက်သေးတယ်။ ဂျာနယ် ဈေးကွက်က မလွယ်တော့ဘူးနော်လို့ ပြောတော့ ခင်ဗျား ကျွန်တော့်ကို အစိုးရကို ယုံသလို ယုံစမ်းပါဗျာတဲ့။ အဲဒါကြောင့် ပိုပြီး မယုံရဲတာပဲဗျာလည်း ပြောရော  ထုံးစံအတိုင်း သူ့အသံ အက်ကွဲကွဲကြီးနဲ့ ရီပြီး ဒီလိုဗျ၊ ကျွန်တော် ထုတ်မဲ့ဂျာနယ်က အမှားပြင်ဆင်ချက် ဂျာနယ်။ ထွက်သမျှ ဂျာနယ်တွေထဲက အမှားတွေကို လိုက်ထောက်ပြပြီး ဒါကတော့ ဒီလို မဟုတ်ဘူး မှားနေတယ်။ ဒါလေးတော့ စာလုံးပေါင်းတောင် မမှန်ပါလား။ ဟောဒီမှာတော့ စာတွေ အပိုဒ်လိုက် ပြုတ်ကျန်နေတယ် ဆိုပြီး အမှားတွေကို ပြင်ပေးမဲ့ ဂျာနယ်ဗျာ။ အဲဒီအထဲမှာ ခင်ဗျားရဲ့ Tomorrow ဂျာနယ်က ထိပ်ဆုံးက ပါနေတယ်တဲ့။

သူကဆက်ပြီး စကားမစပ် မေးပါရစေ ဦး၊ ခင်ဗျားက မျက်စိကြီး နားကြီးမိုလို့ပါ၊ လယ်ဆည် ၀န်ကြီးကို ဘယ်တုန်းက အသစ်ခန့် လိုက်တာလဲတဲ့။ မာဂျေက ကျွန်တော်လည်း မကြားမိပါဘူးဗျာ၊ လက်ရှိ ၀န်ကြီးကတော့ ထမင်းတစ်နပ်စား ဦးမြင့်လှိုင်ပဲလေလို့ ပြန်ဖြေလိုက်တော့ ခင်ဗျားတို့ ဂျာနယ်မှာ လယ်ဆည်ဝန်ကြီး အသစ်ခန့်ထားတယ်။ ပါးရိုက် ဦးအုန်းမြင့်ကို မွေးရေနဲ့ ကျေးလက် ၀န်ကြီးဌာန ကနေပြီး လယ်ဆည်ဝန်ကြီး အဖြစ် ခင်ဗျား ဂျာနယ်မှာ ပြောင်းခန့် ထားတယ်တဲ့။ ဒီတော့မှ မာဂျေ့ ဂျာနယ် မှားတာကို သူနှိပ်ကွပ်နေမှန်း သိတော့တယ်။

ခက်တာက မီဒီယာလောကြီးက ရုတ်တရက် ကြီးထွားလာတော့ လူသား အရင်းအမြစ် ရှားလာတယ်။ လာလျှောက်တဲ့သူ အကုန်ခန့် လုပ်နေရတယ်။ အရင်က သတင်းထောက် အလိုရှိသည် ကြေညာရင် လူသုံးဆယ်လောက် လာလျှောက်တယ်။ အဲဒီအထဲကမှ အင်တာဗျူး နှစ်ခါလောက် ထိုင်ပြီး သုံးလေးယောက် ခန့်တာ။ အခုတော့ လာလျှောက်ရင်ပဲ ၀မ်းသာနေရတဲ့ ဘ၀။ ဆရာ ဇော်သက်ထွေး စကားနဲ့ ပြောရရင် မီးကျိုးမောင်းပျက်တွေနဲ့ အလုပ်လုပ်နေရတဲ့ ဘ၀ပါ။ ဂျာနယ်လစ်တွေကလည်း ကိုယ့်ရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ကြိုးစားသူက နည်းနည်း။ ချေးကျရာ လောက်ပျော် ဆိုသလို ဒီဂျာနယ်မှာ မပျော်ရင် နောက်ဂျာနယ် လွယ်လွယ်ပြောင်းလို့က ရနေလေတော့ ကြိုးစား အားထုတ်မှုလည်း မရှိကြဘူး။ ကိုယ်ရေးတဲ့ သတင်းတောင် ကိုယ်တာဝန် မခံရဲသူတွေ တွေ့လာ နေရတယ်။ ပြောရရင် သူတို့ယိုတဲ့ ချေးကို နောက်က အယ်ဒီတာ အဖွဲ့နဲ့ ဘုတ်အဖွဲ့က လိုက်ကျုံး ပေးနေရတယ်။ တစ်ခါတစ်လေကျတော့ အင်္ဂလိပ်စာလုံးတွေ အမှားတွေ အများကြီး ခပ်တည်တည်နဲ့ ထည့်သုံး တတ်ကြသေးတယ်။ နေ့ဘက်ထွန်းတဲ့မီး Day Lightကို Day Likeလို့ သုံးတာမျိုး၊ မော်တော်ကားရဲ့ ရှဲလ်ကို Shallလို့ ခပ်တည်တည် ရေးတာလဲ တွေ့ရတယ်။ အင်္ဂလိပ်လို မတတ်ရင် မြန်မာလို ရေးပေါ့ဗျာ။ အခုတော့ အင်တာဗျူး ဖြေတဲ့သူက ပြောတဲ့ အသံထွက်ကို မသိရင် သိတဲ့လူ လာပြီးမမေးပဲ ထင်ရာ ရမ်းကြိတ်လိုက်တော့ ရှက်စရာတွေ ဖြစ်ကုန်တာပေါ့။ ဟိုတုန်းက လေယာဉ်တွေ မြေပြင်မှာသွားတဲ့လမ်း  Taxiwayကို ခပ်တည်တည်နဲ့ လေယာဉ် အငှားလမ်းကြောင်းလို့ ရေးမိလို့ လေယာဉ်မှူးတွေက ၀ိုင်းဟားခဲ့တာလည်း ကြုံဖူးပါတယ်။ ဂျာနယ်လစ်ဆိုတာ နယ်ပယ် အားလုံးမှာ စပယ်ရှယ်လစ် မဖြစ်ပေမဲ့ ကိုယ်မသိတဲ့ မရေရာတဲ့ စာလုံးတော့ သိတဲ့သူကို မေးသင့်ပါတယ်။ ကဲဗျာ၊ အခုဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ကို ဆန္ဒပြနေကြတယ်။ ကန့်ကွက်နေကြတယ်။ အဲဒီပုဒ်မက ဘာလဲဆိုတာရော သိကြရဲ့လား။ ရေးတော့ ရေးနေကြတာပဲ။ အခုကျောင်းသားတွေ အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒ ပြနေတယ်ဗျာ။ သူတို့ ဘာအချက်တွေကို မကြိုက်လို့ ဆန္ဒပြနေတာလဲ။ ရေးတဲ့သူ ကိုယ်တိုင်ရော သိရဲ့လား။

ဆရာဇော်သက်ထွေး ထောင်က လွတ်လာတော့ လေယာဉ်ကွင်းမှာ မိုက်ကရိုဖုန်း ထိုးပေးပြီး ဆရာ အခု ဘာဆက်လုပ်မယ် စိတ်ကူးပါသလဲ။ ထောင်က လွတ်တာကို ဘယ်လိုခံစားရပါသလဲ မေးပြီးမှ ဆရာ့ နာမည် ပြောသွားပါဦး၊ ဆရာက ဘာလုပ်တာလဲ ဆက်မေးတဲ့ ဂျာနယ်လစ်တွေ တွေ့ဖူးပါတယ်။ အဲဒီထက် ဆိုးတာက ဒီမှာကျွန်တော့ လိပ်စာကတ်ပါ၊ သတင်းထူးရင် လှမ်းပေးပါလို့ ပြောတဲ့သူတောင် ရှိခဲ့တယ်။ ဘယ်နှယ်လုပ်ကြမလဲ။

ဒီကနေ မေးချင်တယ်ဗျာ။ ကိုယ့်ကိုကိုယ် အမှတ်ပေးကြပေါ့။ မြန်မာနိုင်ငံက ပြည်ထောင်စု အစိုးရမှာ ၀န်ကြီးဌာနပေါင်း ဘယ်နှခု ရှိသလဲ။ ၀န်ကြီး အရေအတွက် ဘယ်လောက်ရှိသလဲ။ အစိုးရ အဖွဲ့မှာ ဦးစီးဌာန၊ လုပ်ငန်းပေါင်း ဘယ်နှခု ရှိသလဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ဌာနပေါင်း ဘယ်နှခု ရှိသလဲ။ လက်ရှိမြန်မာနိုင်ငံမှာ စာစောင်မျိုးစုံ ၃၀၀လောက် အပတ်စဉ် လစဉ် ထုတ်နေတယ်။ အစောင် တစ်ရာလောက်ကို နာမည်ရွတ်နိုင်သလား။ ကိုယ့်လိုပဲ ထုတ်နေတဲ့ ဂျာနယ်တိုက် လိပ်စာ ဘယ်နှခုလောက် သိသလဲ။ သတင်းဂျာနယ်က ဘယ်နှစ်စောင်၊ အနုပညာ ဂျာနယ်က ဘယ်နှစောင်၊ အားကစား ဂျာနယ်က ဘယ်နှစောင် ထုတ်ပြီး အဲဒီအထဲက ဘယ်နှစောင်ကို သိလဲ။ တစ်ပတ် တစ်ပတ်ကို သူများတွေရဲ့ ဂျာနယ်နဲ့ သတင်းစာနဲ့က ဂျာနယ် ဘယ်နှစောင်ကို မှန်မှန်ဖတ်လဲ။ ဒီမေးခွန်းတွေကို ကိုယ့်ဟာကိုယ် ဖြေကြည့်ပြီး ကိုယ်ဘယ်လောက် သိနေသလဲ။ တော်နေသလဲ ကိုယ့်ဟာကိုယ်သာ ဆုံးဖြတ်ကြပါ။ ပြည်သူလူထုကို သတင်း အချက်အလက်တွေ သုတရသတွေပေးမဲ့ သူတွေ အနေနဲ့ ကိုယ်တိုင်လည်း အရည်အသွေး ပြည့်မီအောင် စာတွေဖတ်ဖို့၊ လေ့လာဖို့ လိုတယ်ဆိုတာ ပြောချင်တယ်။ မပြောကောင်း မဆိုကောင်း မီဒီယာ လောကကြီး ကျုံ့သွားခဲ့ရင် အရည်အသွေးနဲ့ အရည်အချင်းရှိတဲ့ သူတွေပဲ ဒီအလုပ်နဲ့ ဆက်လုပ်စားလို့ ရတော့မှာဗျ။

လောလောဆယ်တော့ ကိုယ့်ဂျာနယ်က အမှားတွေအတွက် ရှက်လည်း ရှက်ပါတယ်။ စာဖတ် ပရိသတ်ကိုလည်း အရမ်း အားနာပါတယ်လို့ မာဂျေက ဒီနေရာက ပြောချင်ပါတယ်။ ရေးတဲ့ သူတွေ စစ်ရမဲ့ သူတွေ တည်းဖြတ်ရမဲ့ သူတွေကတော့ အားနာသလား မျက်နှာပူသလား မသိဘူး။ မာဂျေကတော့ မျက်နှာလည်း ပူပါတယ်။ ပရိသတ် အားပေးလို့ရတဲ့ ငွေကို ညာယူနေသလို ခံစားရပါတယ်။ ဒါကြောင့် ကိုဇာဂနာခင်ဗျား.... ခင်ဗျား ထုတ်မဲ့ ဂျာနယ်ကို အားပေးပါတယ်။ ရှယ်ယာလဲ ထည့်ပါ့မယ်။ ဒါပေမဲ့ အဲဒီဂျာနယ်မှာပါ ထပ်မှားနေရင် ဘာလုပ်မလဲ ဆိုတာလေးတော့ စဉ်းစားထားစေချင်ပါတယ်။ ကိုယ့်အမျိုးတွေရဲ့ အရည်အချင်းကို ခင်ဗျားလဲ သိသားနဲ့

မာဂျေ

 

Category: 

Share