ဒုတိယမြို့တော် ဇင်းမယ်နှင့် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပထမအိပ်မက်များ - ဇော်သက်ထွေး

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင် (Chiang Mai)ကို အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်း ခရစ်ယာန် မိတ်သဟာယရဲ့ ပထမအကြိမ် နှစ်ခြင်း လူငယ်ညီလာခံကို တက်ရောက်ခဲ့ရပါတယ်။ IMBFရဲ့ ပထမအကြိမ် ညီလာခံကို ကနေဒါ၊ အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေက လူငယ် ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကို ဘန်ကောက်မှာ နေထိုင်တဲ့ သိက္ခာတော်ရ ဆရာ ဦးထွန်းသန်းက ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက လူငယ်တွေနဲ့ ဆွေးနွေး ဟောပြောဖို့ ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ ကိုဇာဂနာ၊ အမေရိကန် နိုင်ငံရေး သိပံ္ပပညာရှင် ဒေါက်တာ နက်ဂျင်းပေါင်ခစ်ပ်ဂင်၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အတိုင်ပင်ခံ ပညာရှင် ဒေါက်တာသိန်းဆွေ၊ ဒေါက်တာ သာထွန်းဦးနဲ့ ကျွန်တော့်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါ တယ်။ ညီလာခံကို ၃ရက် ကျင်းပတဲ့အတွက် ဆွေးနွေးကြတဲ့ ခေါင်းစဉ်တွေ များပြားသလို ချင်းမိုင်မြို့ကိုလည်း လေ့လာခွင့် ရခဲ့ပါတယ်။

တကယ်တော့ ချင်းမိုင်ဟာ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ဖြစ်ပြီး မြန်မာတွေ အနေနဲ့ ဇင်းမယ်လို့ လူသိများခဲ့တာပါ။ ဇင်းမယ်ကို မြန်မာဘုရင်တွေ သိမ်းပိုက်ခဲ့ဖူးသလို ဇင်းမယ်က ယဉ်ကျေးမှုတွေလည်း မြန်မာနိုင်ငံထဲကို ရောက်ရှိခဲ့ဖူးပါတယ်။ နန်းတွင်း အီနောင်ဇာတ်ဟာ ဇင်းမယ်က လာသလို “ဇင်းမယ်ထဘီ”တွေကိုလည်း လွန်ခဲ့တဲ့နှစ် ၃၀၊ ၄၀က မြန်မာ အမျိုးသမီးတွေ နှစ်နှစ် ခြိုက်ခြိုက် ၀တ်ဆင်ခဲ့ကြဖူးပါတယ်။ ချင်းမိုင်နဲ့ ရန်ကုန် ယဉ်ကျေးမှုချင်း မကွာခြားပါဘူး။ ကျွန်တော်တို့မှာ အတာသင်္ကြန် ရှိသလို ချင်းမိုင်မှာလည်း ရှိပါတယ်။ ကျွန်တော်တို့မှာ သီတင်းကျွတ် မီးထွန်းပွဲ ရှိသလို ချင်းမိုင်မှာလည်း ရှိတာပါပဲ။ ကွာခြားသွားတာကတော့ ချင်းမိုင်မှာ နိုင်ငံခြားသား တိုးရစ်တွေ သန်းချီလာပြီး မြို့တော်ရဲ့ အောက်ခြေသိမ်း အလုပ်တွေကိုတော့ ကျွန်တော်တို့ မြန်မာတွေ လုပ်နေရတာပဲ ဖြစ်ပါတယ်။ ချင်းမိုင်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။ သူတို့အားလုံးရဲ့ အများစုဟာ ထိုင်း-မြန်မာ နယ်စပ်မြို့တွေက လာရောက် အလုပ်လုပ်သူတွေ ဖြစ်ပါတယ်။ ချင်းမိုင် Phucome Hotelမှာ အလုပ်လုပ်နေတဲ့ မွန်လူမျိုး မိလှကြည်က ပေါင်မြို့နယ် ဇာတိဖြစ်ပြီး သူ့ဒေသမှာ ဘာအလုပ်မှ ရှာဖွေမရလို့ ချင်းမိုင် ရောက်လာတာ ဖြစ်ပါတယ်။ ဟိုတယ်မှာ House Keeping အလုပ်ကို တစ်ရက် ဘတ် ၂၀၀နဲ့ လုပ်ခွင့်ရပြီး ဟိုတယ်က နေစရာပေးပြီး နံနက်စာ ကျွေးပါတယ်။ ညစာကိုတော့ လုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ ချက်ပြုတ်စားသောက် ရပါတယ်။

“တစ်လ ဘတ် ၆၀၀၀ဆိုတာကလည်း မြန်မာငွေ နှစ်သိန်း လောက်ရှိတာဆိုတော့ ကိုယ့်ပြည်ထဲမှာထက် အဆင်ပြေသေးတယ်လေ။ မိသားစုနဲ့ ခွဲနေရတာကိုတော့ စိတ်မကောင်းဘူးပေါ့။ တစ်သိန်းလောက် ရရင်တောင် ကိုယ့်မြေမှာပဲ ကိုယ်လုပ်ချင်တယ်”လို့ မိလှကြည်က ဆိုပါတယ်။ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာ မြန်မာ ၁၀ယောက်လောက်ရှိပြီး အားလုံး အောက်ခြေသိမ်း အလုပ်တွေကိုပဲ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ မိလှကြည်လို ရုန်းကန်နေရတဲ့ သူတွေ အမြောက်အမြား ရှာနေပေမယ့် ချင်းမိုင်ကို လွန်ခဲ့တဲ့ ၁၀နှစ်က တာချီလိတ်ကနေ ရွှေ့ပြောင်းလာတဲ့ ကိုယောဟန်လို သူကျတော့ အဆင်ပြေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကိုယောဟန်တို့ ဇနီးမောင်နှံဟာ ချင်းမိုင်ရဲ့ နာမည်ကြီး Night Bazar ညဈေးမှာ ဆိုင်တွေ ဖွင့်ထားပါတယ်။ သူတို့က ဆိုင်တွေ အများကြီးပိုင်ပြီး သုံးပေလောက် ကျယ်တဲ့ ဆိုင်ကို အခွန် တစ်လ ဘတ် ၈၀၀၀လောက် ပေးရပါတယ်။ သူက ဆိုင်ခန်း ၁၀ခန်းလောက် ပိုင်ပြီး ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်အိမ် ရှိပါတယ်။ ခြောက်နှစ်အရွယ် သားတစ်ယောက်၊ လေးနှစ်အရွယ် သားတစ်ယောက်ရှိပြီး တနင်္ဂနွေနေ့လိုမျိုးမှာတော့ ထိုင်း ကျောင်းတက်ရတဲ့ သားတွေကို မြန်မာစာ သင်ကြားစေပါတယ်။

“ကျွန်တော်က အဖေ၊ အမေ ဆုံးသွားပေမယ့် တာချီလိတ်ကို တစ်နှစ်နှစ်ခေါက်လောက် ပြန်တယ်။ ဆွီဒင်မှာရှိတဲ့ အစ်မက မိသားစုကို အလည်ခေါ်ပေမယ့် မသွားချင်ဘူး။ ကျွန်တော်တို့ မိသားစု အသွားချင်ဆုံးက ရန်ကုန်ပဲ။ ရန်ကုန်ကို တစ်ခါမှ မရောက်ဖူးသေးဘူး။ ကျွန်တော့် သားတွေကို ပြချင်တယ်”လို့ ကိုယောဟန်က ရင်ဖွင့်ပါတယ်။ ကိုယောဟန်တို့က ချင်းမိုင်မှာ ထိုင်းကို တရားမ၀င် အလုပ်လာလုပ်ပြီး အဖမ်းခံရလေ့ရှိတဲ့ မြန်မာတွေကို လွတ်မြောက်အောင် ကူညီတဲ့ အလုပ်တွေကိုလည်း လုပ်ပါတယ်။ သူတတ်နိုင်တဲ့ ကိစ္စကို လုပ်တာလို့လည်း ဆိုပါတယ်။

ရန်ကုန် ခ၀ဲခြံသူ မချောစုကတော့ ဘာသာရေး အလုပ်နဲ့ ချင်းမိုင်ကို ရောက်လာပြီး ရန်ကုန် ပြန်မရောက်တာ ၈နှစ်ရှိသွားပါပြီ။ သူက ချင်းမိုင်မှာ ခရစ်ယာန် အသင်းတော် အတွက် အလုပ်လုပ်နေသူ ဖြစ်ပြီး မြန်မာ ကလေးတွေကို မြန်မာစာ သင်ပေးတဲ့ အလုပ်လည်း လုပ်ပါတယ်။ သူအမြဲတမ်း ဂုဏ်ယူနေတဲ့ ကိစ္စကတော့ ချင်းမိုင်မှာ ခရစ်ယာန်လူငယ် ညီလာခံတွေ၊ နှီးနှောဖလှယ်ပွဲတွေကို လုပ်ခဲ့ရတာကိုပါ။ ၂၀၁၃ခုနှစ်က ချင်းမိုင် ခရစ်ယာန် လူငယ် ညီလာခံကို ကမ္ဘာတစ်ဝှမ်းက မြန်မာလူမျိုး ခရစ်ယာန်တွေ လာရောက်ခဲ့ကြပါတယ်။ အားလုံး ဆုံတွေ့ခဲ့ကြတဲ့အခါ ဘာသာရေးကိစ္စ သာမက ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စတွေပါ ဆွေးနွေးကြပါတယ်။ သေချာတဲ့ အချက်ကတော့ ဘယ်တိုင်းပြည်ကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်ကတော့ ဘာသာတရား မတူလည်း ခံယူချက်တူတယ်လို့ မချောစုက ဆိုပါတယ်။

ချင်းမိုင်မြို့ကို လည်ပတ် ကြည့်တော့ မြို့လယ် ကျုံးရေပြင်ကို အလှဆင်ထားပါတယ်။ ကျုံးဘေးမှာ တစ်စိတ်တစ်ပိုင်း ပြိုကျနေတဲ့ နန်းမြို့ရိုးတွေကို မပျက်စီးအောင် ထိန်းသိမ်းထားပါတယ်။ ချင်းမိုင်က နန်းမြို့ရိုးတွေဟာ မန္တလေးက နန်းမြို့ရိုးတွေလောက် ခိုင်ခိုင်မာမာ မရှိတော့ပါဘူး။ ဒါပေမဲ့ တိုးရစ်တွေကို ဆွဲဆောင် ထားနိုင်ပါတယ်။ ချင်းမိုင်ဆိုတာ တစ်ချိန်က ဇင်းမယ်မြို့တော်ဖြစ်ပြီး မြန်မာ ဘုရင်တွေရဲ့ ကျူးကျော်မှုကို အကြိမ်ကြိမ် ခံခဲ့ရတဲ့မြို့ ဖြစ်ပါတယ်။

ဆင်ဖြူရှင် လက်ထက်မှာ ဇင်းမယ်ထက် ပိုရှေးကျတဲ့ အရုဒ္ဓယကို သိမ်းယူခဲ့သလို အလောင်းဘုရား၊ ဘကြီးတော် ဘုရင်တွေကလည်း ဇင်းမယ်ကို သိမ်းခဲ့တာပါ။ ဇင်းမယ်ကို ဘကြီးတော်ဘုရား လက်ထက် ၁၈၂၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး ဇင်းမယ်က သဘင်ပညာရှင်တွေကိုပါ မြန်မာနိုင်ငံကို ခေါ်ဆောင် သွားခဲ့ပါတယ်။ ဒါကြောင့် ဇင်းမယ်နန်းတွင်း အနုပညာ ယဉ်ကျေးမှုတွေဟာ မြန်မာကို ရောက်ရှိလာခဲ့ပါတယ်။

ဇင်းမယ်ပဏ္ဍာသကျမ်းလာ ဆဒ္ဒဓန(သုဓနူဇာတ်)၊ အီနောင် ဇာတ်တွေဟာ သမိုင်းမှာ ထင်ရှားပါတယ်။

အခုတော့ ရွှေအိုရောင် အတိတ်ဟာ သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပါပြီ။ စစ်တိုက်ရမှာကို မုန်းတဲ့ ထိုင်း လူမျိုးတွေဟာ နှစ်ပေါင်း ၆၀ အတွင်း သူတို့တိုင်းပြည်ရဲ့ စီးပွားရေး အင်အား တောင့်တင်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ စီးပွားရေး အားကောင်းလာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာပြီး ဆင်းရဲတွင်း နက်နေတဲ့ မြန်မာပြည်သားတွေဟာ အခုတော့ ထိုင်းမှာ တရားမ၀င် အလုပ်လာ လုပ်နေကြရပါတယ်။ ထိုင်းကိုလာပြီး အလုပ်လုပ်တဲ့သူ တွေထဲမှာ ရှမ်း၊ ဗမာ၊ ရခိုင်၊ ကရင်၊ မွန်တွေ အများစုဖြစ်ပြီး သူတို့အားလုံးရဲ့ တူညီတဲ့ ပထမဆုံး အိပ်မက်ကတော့ စီးပွားရေး အခွင့်အလမ်းရှိမယ်ဆိုရင် မြန်မာနိုင်ငံ ပြန်ချင်တယ်ဆိုတာပါပဲ။ မီးပဲပျက်ပျက်၊ ကားပဲပိတ်ပိတ်၊ ရေပဲမလာလာ ကျွန်တော်ကတော့ အိမ်ပဲ ပြန်ချင်တယ်လို့ ချင်းမိုင်မှာ ခါးပတ်ဆိုင် ဖွင့်ထားတဲ့ ကိုပေါက်က ကြေကြေကွဲကွဲ ပြောပါတယ်။ ကျွန်တော်ကလည်း မြန်မာနိုင်ငံရဲ့ အကြောင်းကို ရှင်းပြလိုက်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့....။ ။

ဇော်သက်ထွေး

 

Category: 

Share