ဖိအားပေးတဲ့အကျင့် မပျောက်သေးတဲ့ တိုင်းပြည် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဆိတ်ကြီးဘက်က ကျောင်းသား ကျောင်းသူ ကလေးတွေ ဆန္ဒပြနေတဲ့ သတင်းဓာတ်ပုံတွေ အများအပြားကို နိုင်ငံသား ပြည်သူတွေ အနေနဲ့ သတင်းဂျာနယ်တွေ၊ လူမှုကွန်ရက်တွေ မှတစ်ဆင့် စိတ်မကောင်းကြီးစွာ တွေ့မြင်လာခဲ့ရပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင်းမှာ တက္ကသိုလ် ကျောင်းသားတွေ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြမှုတွေ လေးရက်တိုင်တိုင် ဖြစ်ပွားခဲ့ပါသေးတယ်။

ယခု မူလတန်း၊ အလယ်တန်း အရွယ် အဖြူအစိမ်း ကျောင်းသားလေးတွေ ဆန္ဒပြနေတဲ့ ဖြစ်ရပ်ကတော့ သမ္မတကြီး ပြောသလို မိဘပြည်သူများအဖို့ ပိုပြီးစိတ်မကောင်းစရာ ဖြစ်မိကြရပါတယ်။ တကယ်ကတော့ နှစ်ပေါင်းများစွာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသားတွေဟာ အန္တရာယ်ကြားက သမ္ဗန်ငယ်တွေနဲ့ ကြည့်မြင်တိုင် ဘက်ကမ်းကို နေ့စဉ်ကူးသန်းကြပြီး ကျောင်းတက်ကြ၊ သက်မွေးဝမ်းကျောင်း ရှာဖွေ စားသောက်ကြ အလုပ်တက် အလုပ်ဆင်း လုပ်နေကြတာ နှစ်ပေါင်းများစွာ အချိန်ကတည်းကပါ။

လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ အလုံမြို့နယ် ကမ်းနားက ဦးမြငါးစင် သမ္ဗန်ဆိပ်ကို မောင်လေးမောင်ခိုင်ချောင်း သမ္ဗန်ဆိပ်ဘက် ပြောင်းရွှေ့ထားတယ်ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အမိန့်စာတစ်စောင် ထုတ်ပြန်လာပါတယ်။ အဲ့ဒီလို အမိန့်ထုတ်ရတဲ့ အကြောင်းရင်း ကတော့ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MECက တည်ဆောက်နေတဲ့ အလုံမြို့နယ် ကမ်းနားက နောင်တုံနဲ့ အရုဏ်ဦး စီမံကိန်းကြောင့် ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အလုံဘက်ကမ်းက ပေ ၂၀ အကျယ်၊ အရှည်ပေ ၁၈၀၀ရှိတဲ့ လူသွားလမ်းကို စီမံကိန်းဖွင့်ပွဲ အကြောင်းပြချက်နဲ့ သိမ်းယူခဲ့ပြန်ပါတယ်။

နှစ်ပေါင်းများစွာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက နိုင်ငံသား ဆင်းရဲသား ပြည်သူတွေ၊ ကျောင်းသား ကျောင်းသူလေးတွေ ကူးသန်းသွားလာနေတဲ့ လမ်းပန်းဆက်သွယ်မှုကို စီမံကိန်းဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်းနဲ့ အမိန့်စာတစ်စောင် ထုတ်ပြန်ပြီး အုပ်ချုပ်သူတွေဘက်က သိမ်းယူလုပ်ချင်သလို လုပ်မှုဟာ ယနေ့နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ပြောပြောနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်လျက် ရှိနေပါပြီဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု ရှိပါ့မလား စဉ်းစား ဝေဖန်စရာ ဖြစ်လာရပါတယ်။

နိုင်ငံတော် တိုးတက်ဖွံဖြိုးရေး အတွက် အစိုးရ စီမံကိန်းများ တည်ဆောက်မှုသည် အရေးပါမှု အပေါ် နိုင်ငံသား ပြည်သူများ အနေဖြင့် အငြင်းပွား ကန့်ကွက်စရာ မရှိသော်လည်း အဲဒီလို စီမံကိန်းနှင့် ဆက်စပ်နေတဲ့ နိုင်ငံသား ပြည်သူများရဲ့ ဘ၀ရပ်တည်ရေး အခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေနှင့် လူမှုဘ၀ တည်ဆောက်ရေး အခြေအနေများကိုတော့ အဆင်ပြေ ချောမွေ့စေရန် စီမံကိန်း တည်ဆောက်ရေးတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

MECရဲ့ဆိပ်ကမ်း စီမံကိန်းကြောင့် လမ်းပိတ်ဆို့လိုက်တဲ့ အတွက် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ကျေးရွာတွေကနေ လှေတွေ၊ သမ္ဗန်ငယ်တွေနဲ့လာပြီး ကျောင်းလာတက်တဲ့ ကျောင်းသား ကျောင်းသူတွေဟာ ပုံမှန်သွားနေကျ လမ်းကနေ သူတို့တက်နေတဲ့ အထက (၇) ကျောင်းကိုသွားဖို့ ခက်ခဲသွားတော့ကြောင်း သိရပါတယ်။ အုပ်ချုပ်သူတို့ ချမှတ်ပေးတဲ့ လမ်းက ကျောင်းကိုရောက်ဖို့ ဝေးသွားတဲ့အပြင် သမ္ဗန်နဲ့ ရန်ကုန်ဘက်ကမ်း နေ့စဉ်ကူးသန်းဖို့ ရေစီးကလည်း သန်တယ်၊ ပြီးတော့ ၀ဲကလည်းရှိတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူးလို့ ကျောင်းသား မိဘတစ်ဦးက ပြောပြပါတယ်။ အလုံမြို့နယ်မှ ပြည်သူများကလည်း ကျောင်းသားလေးတွေ နေ့စဉ်ဒီလမ်းကလေးက ကျောင်းတက် ကျောင်းဆင်း သွားလာနေမှုအပေါ် သူ့အမြင်ကို ပြောပြရာမှာလည်း “ကျောင်းသူ ကျောင်းသားကလေးလေးတွေ ဒီလိုမျိုး နေ့တိုင်းဘယ်လို ကျောင်းတက်ကြမလဲ။ အမိန့်ပေး အုပ်ချုပ်သူတွေ သူတို့သားသမီးမြေးတွေကို ဒီလိုမျိုး ကျောင်းတက်ခိုင်းရင်ရော ဘယ်လိုနေကြမလဲ။ ရန်ကုန်မြစ် တစ်ဖက်ကမ်းကနေ သမ္ဗန်နဲ့ကူးပြီးမှ လာကြရတာ မိုးတွင်းဆို ဘယ်လို လုပ်ကြမလဲဗျာ”လို့ ကရုဏာသက်စွာ ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

တစ်ချိန်က ပြည်သူပိုင် လူသွားလမ်းကို MECက အုတ်တံတိုင်းနဲ့ အသေပိတ်ကာခဲ့တာ ၂လလောက်ရှိပြီး ယာယီ ပြန်ချပေးတဲ့ သမ္ဗန်ဆိပ်ဝင်းထဲက လမ်းကိုဖြတ်သွားတဲ့ အပေါက်ကိုလည်း နိုဝင်ဘာ ၁၅ရက်က စတင်ပြီး သံဆူးကြိုးနဲ့ ပိတ်ကာခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၁၇ရက် ကစပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဆိတ်ကြီးက ကျောင်းသားတွေ၊ မိဘတွေဟာ သံဆူးကြိုးတွေ ရှေ့မှာ ဆန္ဒထုတ်ဖော်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို လမ်းပြန်ဖွင့်ပေးဖို့ သူတို့ သွားလာရေးလေး အဆင်ပြေစေဖို့ တောင်းဆိုနေခဲ့ကြပါတယ်။

တောင်းဆိုရခြင်း အဓိက အချက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MECက ပြောင်းရွှေ့ဖို့ ပေးထားတဲ့ သမ္ဗန်ဂိတ်ဟာ ရေလမ်းကြောင်း ကြမ်းတမ်းပြီး ၀ဲကတော့များ ရှိနေသဖြင့် မိုးတွင်းကာလတွင် အဆင်မပြေခြင်း၊ ၁၀ မိနစ်ဖြင့် ရောက်ရှိသော နေရာအား တစ်နာရီနီးပါး ကျောင်းသားလေးများ သွားလာရမည်ဖြစ်ခြင်း မိဘများ အနေဖြင့် သားသမီးများ နေ့စဉ် ကျောင်းတက် ကျောင်းဆင်းတွင် ရေလမ်းကြမ်းတမ်းသည့် နေရာမှ ဖြတ်ကူးရမည့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေရသောကြောင့် ကလေးတွေကို ကျောင်းမလွှတ်ရဲတော့ပဲ မိဘများ ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပါတယ်လို့ မိဘတစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ (၂၀)ရက်မှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် အလုံ၊ ကြည့်မြင်တိုင်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် အလုံ အထက (၇)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်တို့ ဆန္ဒထုတ်ဖော်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ထိုသို့ လာရောက်ကြသူ အုပ်ချုပ်သူ ကိုယ်စားတာဝန်ရှိ နိုင်ငံဝန်ထမ်းများက ပြေလည်အောင် ညှိနှိုင်းခြင်း မရှိဘဲ ပြောင်းရွှေ့သတ်မှတ်ပေးသော သမ္ဗာန်ဂိတ်မှသာ အသုံးပြုကြရန်နဲ့ ယခုဆန္ဒထုတ် ဖော်နေမှုအပေါ် ခြိမ်းခြောက်ဖိအား ပေးမှုများနှင့်သာ ကြုံတွေ့ခဲ့ရကြောင်း ဆန္ဒ ထုတ်ဖော်နေသူ ကျောင်းသား မိခင်တစ်ဦးက ပြောပြပါတယ်။

တကယ်တော့ ယခုပြဿနာမှာ ဆိပ်ကမ်းစီမံကိန်း လုပ်ကိုင်ခွင့် ရရှိထားသူ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC အနေဖြင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းနေ ပြည်သူများ မြစ်ကူးချောင်းခြား သွားလာရေး အဆင်ပြေချောမွေ့နိုင်ရန် အတွက် မဖြစ်မနေ တာဝန်ယူ ဆောင်ရွက်ပေးရမည်သာ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဆိပ်ကမ်း စီမံကိန်း ပြီးစီးပါက MEC အနေဖြင့် အကျိုးအမြတ် များစွာ ရရှိမည်ဖြစ်ရာ အဆိုပါ ၄င်းတို့ရရှိလာမည့် အကျိုးအမြတ်များနှင့် နှိုင်းယှဉ်ပါက ဆင်းရဲသား ပြည်သူ မိသားစုများ၊ ကျောင်းသားကျောင်းသူများ အတွက် သွားလာနိုင်ရေးကို စေတနာထား သီးသန့် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် မူလက အချိန် (၁၀)မိနစ်ခန့်သာ သွားရမည့် နေရာမှ အချိန် တစ်နာရီကြာမျှ ဆိပ်ကမ်း နေရာသစ်သို့ ကျောင်းသူကျောင်းသားများ အဆင်ပြေလွယ်ကူစွာ နေ့စဉ်သွားလာနိုင်ရေး အတွက် သီးသန့် မော်တော်ယာဉ် အကြိုအပို့ စီစဉ်ထားပေးရန် ( သို့မဟုတ် ) ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ပြည်သူများ မြစ်ကူးရာတွင် အန္တရယ် ကင်းရှင်းစေမည့် ရေယာဉ်မျိုး စနစ်တကျ စီစဉ်ပေးရန် စသည်တို့ကို စီစဉ် ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေဖြင့်လည်း လုပ်ငန်းစီမံကိန်း လုပ်ခွင့်ရထားသူ MECသို့ ညွှန်ကြား ပေးသင့်ပါတယ်။

ဒါ့အပြင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆန္ဒ ထုတ်ဖော်နေသည့် နေရာသို့ ရောက်ရှိလာစဉ်ကလည်း “ပေ (၂၀)လောက် လမ်းကလေး တစ်လမ်းကို MECက ပြည်သူတွေ အတွက် သီးသီးသန့်သန့်လေး ပြန်ဖွင့်ပေးလိုက်ရင် အဲဒီစီမံကိန်း အတွက် ဘယ်လောက်များ ထိခိုက်နစ်နာသွားမှာမို့လို့လည်း၊ နောက်ပြီး ကလေးတွေ ပညာသင်ကြားခွင့် အတွက်လည်း ထိခိုက်အောင် ဘယ်သူမှ လုပ်လို့မရဘူး၊ ဘာကြောင့်ပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်း စည်းကမ်းဥပဒေနဲ့ ကျောင်းသားတွေကို ဖိနှိပ်ဖို့ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ အခုကိစ္စက အရေးပေါ်ဖြစ်လာတာ ဖြစ်ချင်လို့ဖြစ်တာ မဟုတ်ဘူး။ အမြဲသွားလာနေတဲ့ လမ်းကို ပိတ်ဆို့လိုက်တဲ့ အတွက် အရေးပေါ် ဖြစ်လာတာ၊ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးတွေ အနေနဲ့ အများကြီး တာဝန်ရှိတယ်၊ လက်ရှိအနေနဲ့ မြို့နယ်၊ တိုင်းဒေသကြီး အဆင့်က ယာယီအားဖြင့် လမ်းပြန်လည် ခွင့်ပြုနိုင်ရေးကို ကြိုးစားရမယ်၊ ဒီလမ်းမပိတ်ဘဲ ဖွင့်ထားလို့ ဘာတွေထိခိုက် နစ်နာဆုံးရှုံးသွားမှာမို့လဲ၊ ဒီလမ်းက ပိတ်လိုက်တဲ့ အကျိုးကတော့ ပြည်သူလူထု ပုံမှန် သွားလာရေးကို ထိခိုက်သွားတဲ့ ကိစ္စ ဘယ်လိုကုစား ပေးမလဲ၊ ဒီကိစ္စကို ကျွန်တော်က တိုင်းဒေသကြီး အဆင့်နဲ့ မရရင် ပြည်ထောင်စု အဆင့်ကို ဆက်လက်တင်ပြ ဆွေးနွေးသွားမယ်၊ ဒီကိစ္စကို လွှတ်တော်မှာလည်း တင်ပြမယ်၊ ကျွန်တော် လွှတ်တော်ပြန်ရောက်တာနဲ့ အရေးတကြီးအဆို အဖြစ် တင်ပြသွားမယ်”ဟု ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

နိဂုံးချုပ်အားဖြင့် နေ့စဉ်မြစ်ကူး ကျောင်းတက်နေကြရသည့် အနာဂတ် တိုင်းပြည်ရဲ့ ကြယ်ပွင့်လေးများ ဖြစ်ကြသော ကျောင်းသူ ကျောင်းသားလေးများ အတွက် နိုင်ငံတော် အစိုးရ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့မှ ယခုလို ခက်ခဲမှု၊ အဆင်မပြေမှု အတွက် ဆန္ဒဖော်ထုတ်နေကြသည်ကို စာနာနားလည်မှု၊ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးမှုများဖြင့်သာ မိမိတို့ နိုင်ငံသား ပြည်သူများ အပေါ် ဆက်ဆံသင့်ပါကြောင်းနှင့် ယနေ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ပြည်သူများ၏ လူမှုဘ၀ ပြဿနာများ၊ နစ်နာမှုများ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများ စသည်တို့အား ဖိအားပေး ခြိမ်းခြောက် ဖြေရှင်းမှုများ မလုပ်သင့်တော့ပါကြောင်း နိုင်ငံသား တစ်ယောက် အနေဖြင့် တင်ပြလိုက်ရပါသည်။

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

Category: 

Share