UNA နှင့် ၈၈ မျိုးဆက်တို့ တွေ့ဆုံဆွေးနွေး

၂၀၁၄ ခုနှစ် မတ်လ(၆)ရက် နံနက် ၉ နာရီခွဲ အချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်း ဦးခွန်ထွန်းဦး၏ နေအိမ်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA)နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့သည် လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့မှ ဦးနိုင်ငွေသိမ်း (မွန်ဒီမိုကရေစီ ပါတီ)၊ ဦးခွန်ထွန်းဦး (SNLS)၊ ဦးအေးသာအောင် (ALD)၊ ဦးမင်းကျော်ဝင်း (မွန်ဒီမိုကရေစီပါတီ)၊ ဦးကျင့်ဆွမ်းမန်(ZCD)၊ ဦးမျိုးကျော်(ALD)၊ ဦးစောဘာရီ (KNCD)၊ ဦးစိုင်းညွန့်လွင် (SNLD)၊ ဦးစိုင်းစောအောင် (SNLD)၊ ဒေါ်အိန်ဂျလာသောင်း(KNP)တို့ ပါဝင် တက်ရောက် ခဲ့ကြပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းနှင့် မမီးမီးတို့ တက်ရောက် ခဲ့ကြသည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် အတွက်

(က) အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးမှု ပေါ်ပေါက်ရန် ပူးပေါင်း ဆောင်ရွက် သွားမည်၊

(ခ) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန် အတွက် အခန်း(၁၂)၊ ပုဒ်မ (၄၃၆)ကို ပြင်ဆင်ရေးသည် ပထမဆုံး ခြေလှမ်း အဖြစ် လက်ခံ သဘောတူပြီး ပူးပေါင်း ဆောင်ရွက် သွားကြမည်၊

(ဂ) ဒီမိုကရေစီရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွား ကြမည် စသည့် အချက်များကို သဘောတူညီမှုများ ရရှိခဲ့ကြသည်။

 

Category: 

Share