ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ နိုင်ငံအနှံ့ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၂၁၀၀၀ ကျော် လှူဒါန်း

ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ ပြင်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပြည်သူအပေါင်း ရေဘေးဒုက္ခသင့်ခဲ့ရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ကလေးမြို့က စတင်၍ မြန်မာနိုင်ငံ အောက်ပိုင်း  ဟင်္သာတ၊ ဇလွန်မြို့အထိ ရေကြီးလျက်ရှိရာ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇအုပ်စု အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း ဦးဆောင်၍ အကူအညီ လိုအပ်လျက်ရှိသော ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာထားခြင်း ခံရသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အတွက် Life Jacket ၄၀၀၀ကျော်အား ဖြန့်ဝေထားပြီး ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ရေး ပစ္စည်းများ၊ အသင့်စား အစားအစာများ၊ အရေးပေါ် ထမင်းထုပ်များ၊ ဆေးဝါးများ၊ သောက်ရေသန့်များ၊ ငွေကြေးများကို နေ့စဉ် ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။

 သြဂုတ်လ ၄ ရက်နေ့တွင် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ဦးဆောင်သော အဖွဲ့မှ ကလေးမြို့နှင့် ဟားခါးမြို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်များ၊ အ၀တ်အထည်များ၊ အခြားအလှူပစ္စည်းများနှင့် အလှူငွေများအား လည်းကောင်း၊ သြဂုတ်လ ၅ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ဆင့် မြောက်ဦးမြို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ အလှူပစ္စည်းများနှင့် အသက်ကယ် အင်္ကျီများ၊ အသက်ကယ်ဖောင်များ၊ မိုးရေကာဖျင်များ၊ ဆေးဝါးများ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းများ၊ အ၀တ်အထည်များ၊ စောင်များနှင့် အလှူငွေများအား ရေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် အလေအလွင့် အပျက်အစီးမရှိဘဲ စနစ်တကျ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကမ္ဘောဇဘဏ် လီမိတက်နှင့် ကမ္ဘောဇအုပ်စု အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေဘေးသင့် ပြည်သူများ အတွက် ယနေ့အထိ လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ်သိန်း ၂၁၀၀၀ ကျော် လှူဒါန်းခဲ့ပြီဖြစ်၍ အလှူရှင် မိဘပြည်သူများ သာဓုခေါ်ဆိုနိုင်ရန် ဖော်ပြအပ်ပါသည်။

 

 

 

Category: 

Share