ကမ်းလင့်လက်များဆီသို့ တစ်ခေါက်.... ဆန်တစ်အိတ်... မကုန်ခင် ပြန်လည်ထူထောင်နိုင်ကြပါစေ... - နော်ရာမောင်

“ဒီဒေသက လူတွေက ရေဘေးရဲ့ အတွေ့အကြုံ မရှိသေးတော့ တကယ်ဖြစ်လာချိန်မှာ မကြောက်ကြဘူး၊ အိမ်အကြီးနဲ့ နေသူတွေက အိမ်အောက်မှာ ရေမြုပ်ရင် အိမ်အပေါ်ကို တက်နေတယ်၊ အဲဒီအိမ်အပေါ်ထိလည်း ရေရောက်လာရော ကုတင်တွေ၊ ခုံတွေပေါ်ခုပြီး တတ်နေကြတယ်၊ နောက်ဆုံး အရမ်းကြီး မြုပ်လာတော့မှသာ နေအိမ်ကို စွန့်ခွာပြီး ပြေးကြတာ၊ အလှူရှင်တွေ လှူကြတာကတော့ တကယ့်ကို ကြက်သီးထစဖွယ် ကောင်းပါတယ်”ဟု မင်းဘူး၊ ချမ်းသာကြီး ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး ဆရာတော် ပညာသိရိကက ရေဘေးအတွက် လိုက်လံလှူဒါန်းရင်း မိန့်ကြားခဲ့ပါတယ်။

ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရအောင် သမိုင်းဝင်ခဲ့တဲ့ ယခုရေကြီးမှုတွင်တော့ ပွင့်ဖြူမြို့ပေါ်နှင့် အနီးဝန်းကျင် ရွာအားလုံး နစ်မြုပ်ခဲ့ပြီး ရေပြန်ကျချိန်တွင်တော့ ပွင့်ဖြူလမ်းမကြီး ဘေးဝဲယာရှိ နှစ်၅၀ကျော် သက်တမ်းရှိ သက်တမ်းရင့် အပင်ကြီးများပင် အတုံးအရုံး ပြိုနေသလို၊ ရေကျန်များ၊ ရွံ့နွံများ၊ အပင်ပုပ်၊ အကောင်သေပုပ်များ၏ အနံသက်များဖြင့် တစ်မြို့လုံးနီးပါး ခြုံလွှမ်းလို့နေသည်။

မကွေးရေဘေး ကယ်ဆယ်ရေးအတွက် Tomorrow ဂျာနယ်နှင့် KBZ Bank ပူးပေါင်းလှူဒါန်းမှုအရ ရေဘေးသင့် ဒေသများကို သွားရောက်လှူဒါန်းကြရာမှာတော့ Tomorrow အဖွဲ့ဝင်များ အနေနဲ့ ကွန်တိန်နာ နှစ်စီးထဲမှာ ရေသန့်ဆေး၊ မုန့်၊ အ၀တ်အထည်၊ မြန်မာဆေး၊ နိုင်ငံခြားဆေး၊ ဓာတ်မီး၊ သွားတိုက်ဆေး၊ သွားတိုက်တံမှအစ ခြင်ဆေးနဲ့ ဂတ်စ်မီးခြစ်အဆုံး လူသုံးကုန်ပစ္စည်းတွေ အပြည့်ပါတဲ့ ပစ္စည်းတွေအပြင် သယ်ယူရ မလွယ်ကူပဲ လေးလံတဲ့ ဆန်နဲ့ ဆီတွေကို မင်းဘူးမြို့မှာ အိတ်ပေါင်းထောင်နဲ့ချီ ၀ယ်ယူထားပြီး လှူဒါန်းခဲ့ကြပါတယ်။

လှူဒါန်းဖို့အတွက် လူကြီးတွေ စီစဉ်ရာမှာတော့ အဖွဲ့အလိုက်သွားရမယ့် နေရာတွေ ကွဲသွားပြီး ကျွန်မအပါဝင်၊ ကိုပြည့်ဖြိုးဆန်နီ၊ ကိုကွန်းဇော်ပါတဲ့ အဖွဲ့ဝင် နှစ်ယောက်ပါ အဖွဲ့ကတော့ ပွင့်ဖြူ အနောက်ဘက်အခြမ်းကို သွားရောက်လှူဒါန်းဖို့ မင်းဘူး၊ ချမ်းသာကြီး ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး ဦးဆောင်သော မင်းဘူးမှ ဆရာတော်များစွာ ပါဝင်တဲ့ အဖွဲ့နဲ့ လိုက်လံ လှူဒါန်းဖို့ ဖြစ်ခဲ့ပါတယ်။

တစ်အိမ်ထောင် ဆန်တစ်အိတ်နဲ့ လူသုံးပစ္စည်းအစုံ
ပထမဆုံး ကျွန်မတို့ လှူဒါန်းဖြစ်ခဲ့တာကတော့ ရေဘေးသင့် ရွာတွေမှာ အိမ်ထောင်စု အနည်းဆုံး စာရင်းဝင်လို့ ပြောလို့ရတဲ့ မဲဇလီဆည်အနီး လမ်းမတစ်လျှောက်မှာ ရှိနေတဲ့ ပွင့်ဖြူမြို့နယ်၊ ကျွဲတံခါး ကျေးရွာအုပ်စု မအူပင်ကျေးရွာက အိမ်ခြေ(၄၉)အိမ်ကို စတင်လှူဒါန်း ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အလှူမှာတော့  အိမ်ထောင်စု တစ်ခုကို အ၀တ်အထည်၊ လူသုံးကုန် ပစ္စည်း အပြည့်အစုံအပြင်၊ ဆန်တစ်အိတ်နဲ့ ဆီတစ်ပုလင်းပါ လှူဒါန်းနိုင်ခဲ့တာတော့ အင်မတန်မှကို စိတ်ကြည်နူးစရာ ကောင်းလွန်းလှပါတယ်။

ဒီလိုလှူဒါန်းရာမှာတော့ မြန်မာလူမျိုးတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်နေချိန်မှာတောင် တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကပ်သတ်တဲ့ ပုံစံမျိုးတွေကို မြင်တွေ့ခဲ့ရပြီး ကားလမ်းမ တစ်လျှောက် နေနေရတဲ့ သူတို့ရွာမှာပဲ အရှေ့အနောက် ကွဲနေပုံရကာ လှူဒါန်းသူ အများစုက ဆိုင်းဘုတ်ရှိရာ နေရာမှာသာ ကားရပ်လှူဒါန်းသည့်အပေါ် အရှေ့ဘက်ကျကျ နေရာတွင် ရောက်ရှိနေသူများက ကျေနပ်ပုံမရပဲ အနည်းငယ် ကတောက်ကဆ ဖြစ်ပွားကြတာကို မြင်ခဲ့ရပါတယ်။

မွန်မြတ်တဲ့ အလှူဒါန

ကျွန်မတို့အဖွဲ့ ရွာသားတွေကို လှူဒန်းနေစဉ်မှာပဲ ဦးဇင်းတချို့က လာပြောပါတယ်၊ ကျွန်မတို့က အလှူရှင် မရောက်တဲ့ နေရာတွေအထိ ဆင်းပြီးလှူမယ်ဆိုတော့ ရန်ကုန် အဖွဲ့တစ်ခုက ကျွန်မတို့ နဲ့အတူ သူတို့ရဲ့ အလှူပစ္စည်းတွေကိုပါ အလှူရှင် မရောက်တဲ့ နေရာတွေဆီ ထည့်ဝင် လှူဒါန်းချင်ပါတယ်တဲ့၊ သူတို့ရဲ့ ကားအခြေနေကလည်း မကောင်းတော့လို့ပါလို့ ဆိုပါတယ်၊ ဦးဇင်းက ကားဆံ့သေးရင် လက်ခံလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရတာနဲ့ ကားပေါ်ကို ပစ္စည်းတွေတင်လိုက်တာဆိုတာ ကျွန်မတို့လှူလို့ လျှော့သွားတဲ့ ဆန်အိတ်တွေ တခဏချင်း ပြန်ပြည့်သွားပါတယ်။ ဒီလိုပေါင်းပြီး လှူဖို့ထည့်ပေးရာမှ သူတို့ အနေနဲ့ ဘာဓာတ်ပုံ မှတ်တမ်းမှ ရိုက်ထားပုံတောင် မရသလို ကျွန်မတို့ အဖွဲ့အပေါ် ဘာအထောက်အထားမှကို မယူပဲ ယုံကြည်မှုရှိရှိကို ထည့်ဝင် လှူပေးလိုက်တာကို သာဓုမခေါ်ပဲ မနေနိုင်အောင်ပါပဲ။

ဒီလိုပဲ ကျွန်မတို့ အဖွဲ့လှူဒါန်းဖို့ ဦးဆောင်သူ ဆရာတော်တွေမှာလည်း ဆန်အိတ်၂၀၀နဲ့ အခြား အလှူပစ္စည်း မြောက်များစွာ ပါရှိလာသလို အခုလို လမ်းတစ်ဝက်မှာ ၀င်ဝင်လာတဲ့ အလှူရှင်တွေကြောင့်လည်း တစ်အိမ်ထောင် ဆန်တစ်အိတ်တောင် ဘာလို့ လှူဒါန်းနိုင်ခဲ့လဲဆိုတဲ့ အဖြေရခဲ့ပါတယ်၊ ဒီလို ပူးပေါင်းပါဝင်မှု မရှိရင် အလှူက ဒီလောက်ကြီးလာမယ် မထင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က အဖွဲ့ကြီးက ခွဲထွက်ပြီး လိုက်လှူရတဲ့ အဖွဲ့ငယ်တစ်ခု မဟုတ်လား။

ကျေးရွာရပ်မိရပ်ဖဆိုတဲ့ အထောက်အထား ဘယ်မလဲတဲ့

အဲ့ဒီရွာပြီးတော့ ကျွန်မတို့ အဖွဲ့နောက်ထပ် တစ်နေရာအဖြစ် အိမ်ခြေ(၄၀၂)ရှိတဲ့ လယ်မနဲ့ အိမ်ခြေ (၂၄၇)ရှိတဲ့ ကျွဲခြံဘက်ကို လှူဖို့ဆင်းပါတယ်။ အဲ့ဒီနေရာမှာတော့ အလှူရှင်တွေ တော်တော်များများ ရောက်နေတာ တွေ့ရပြီးတော့ အလှူအတွက် လက်ခံမယ့် ရွာသားတွေကလည်း တော်တော်လေးကို လူရည်လည်တာ တွေ့ရပါတယ်၊ ပထမဆုံး ကျွန်မတို့က ရွာနှစ်ရွာက တာဝန်ရှိသူတွေကို ခေါ်လိုက်တော့ ရွာမက ရာအိမ်မှူးဆိုသူ ဦးဇော်မင်းအောင်နဲ့ ကျွဲခြံက ရပ်မိရပ်ဖ ဦးမောင်မောင်တို့ ရောက်ရှိလာပါတယ်၊ ရွာနှစ်ရွာမှာရှိတဲ့ လူ၇၀၀နီးပါးကို လှူဒါန်းဖို့အတွက် ပစ္စည်းစာရင်း အတိကျနဲ့ ဆန်အိတ်ခွဲဝေဖို့ ပြောရင်း ရွာနှစ်ရွာ အလှူပစ္စည်း ပိုလိုချင်လို့ လုယက်ငြင်းခုံရင်း ပြောဆိုကြတာကို တွေ့ခဲ့ရပါတယ်၊ အဲ့ဒီလိုပြောနေတုန်း ကျွန်မတို့ဆီကို ပင်နီတိုက်ပုံဝတ် အသက်၄၀ကျော်ခန့်ရှိ လူတစ်ဦး ၀င်လာပါတယ်။ ရင်ဘတ်မှာလည်း ပါတီတစ်ခုရဲ့ တံဆိပ်တပ်ထားတော့ ကျွန်မတို့ကို ကူညီမယ့်သူတွေထင်ပြီး ကျွန်မပြုံးပြီး နှုတ်ဆက်လိုက်ပေမယ့် သူက ကျွန်မနဲ့စကား ပြောနေတဲ့ ရွာသားတွေကို ရူတည်တည်နဲ့ ကြည့်ပြီး
“ခင်ဗျားတို့က ဘာတွေလဲတဲ့” ရွာသားတွေက “ကျွန်တော်တို့ ဒီရွာကပါ ခင်ဗျာ”
“အလှူအတွက် ခင်ဗျားတို့က ဘာတာဝန်ယူထားလဲ”
 “ရပ်မိ ရပ်ဖပါ”
“ရပ်မိရပ်ဖဆိုတဲ့ အထောက်အထား ဘယ်မလဲ”တဲ့
“အထောက်ထား မပြနိုင်ရင်တော့ ကျွန်တော်တို့က လှူခဲ့မှာ မဟုတ်ဘူး”ဆိုပဲ...။

ဒီလို ဒီလို အခြေတင်တွေ မာမာထန်ထန် ပြောနေတဲ့ အဲ့ဒီလူကို ကျွန်မတော်တော် စိတ်တိုလာတာနဲ့          “နေစမ်းပါဦး၊ အစ်ကိုကဘာလဲ”လို့  ကျွန်မ မေးလိုက်တယ်၊ အဲ့ဒီတော့မှ သူကဖြေတယ် “အလှူရှင်ပါတဲ့” “အလှူရှင်ဆိုရင်လည်း ပြီးတော့မှသူတို့နဲ့ စီစဉ်လိုက်ပါ”ဆိုတော့ သူကထပ်ပြောတယ်.. “ကျွန်တော်တို့က ဒီလူတွေဆီ မလှူဘူး၊ ရွာသားတွေ တစ်ဦးချင်းစီ လက်ထဲလှူမှာ၊ ခင်ဗျားတို့ကို မယုံလို့ မဟုတ်ဘူးနော်”တဲ့ အဲ့ဒါနဲ့ ကျွန်မတို့လည်း “အဲ့ဒါကောင်းတယ်လေ၊ အခုကျွန်မတို့ လှူဖို့ ပြောနေတာနဲ့ ဘာပက်သက်လို့လဲ”ဆိုတော့ “ဘာမှမပက်သက်ပါဘူးတဲ့” စကားဆုံးတော့ သူခဏနေပြီး ရင်ဘက်က တံဆိပ်ကို ကျွန်မမြင်အောင် ဆတ်ခနဲ ဆွဲပြရင်း ၀ုန်းဝုန်းနဲ့ ထွက်သွားပါတယ်၊ သူဘာဖြစ်ချင်လဲ မသိသလို အလှူရှင်ဆိုတာနဲ့ပဲ ဒီလိုလေသံနဲ့ ပြောဆိုတဲ့ ပုံစံကိုတော့ ဘ၀င်မကျ ဖြစ်ရင်းနဲ့ ကျွန်မတို့အလှူကို ဆက်လှူ ဖြစ်ခဲ့ပါတယ်။

လမ်းမပေါ်မှကပ်ကျော်  အိမ်ခြေ (၂၂) အိမ်

လယ်မ၊ ကျွဲခြံက အပြန်မှာတော့ ကျွန်မတို့အဖွဲ့ ကားတွေဟာ မဲဇလီမြစ်ကူး တံတားကြီးကနေ ပြန်ဆင်းလာခဲ့ကြပါတယ်၊ အဲ့ဒီလို ပြန်လာရင်း မြစ်ကမ်းနံဘေး၊ တံတားခြေရင်းမှာ ပျက်စီးပြိုကျနေတဲ့ နေအိမ်တစ်ချို့ကို လှမ်းမြင်လိုက်ပါတယ်၊ ပြီးတော့ လူတစ်ချို့ရဲ့ ယာယီနေအိမ်တဲလေးတွေကလည်း  တံတား အဆင်းက ဘောင်လေးမှာ နေရာယူထားပါတယ်၊ ကားက အရှိန်နဲ့ သွားနေတာ ဖြစ်ပေမယ့် ကျွန်မရဲ့ အသဲသန် ပြူးတူးပြဲတဲ ကြည့်နေပုံကိုမြင်ပြီး ခေါင်းခန်းမှာပါလာတဲ့ မင်းဘူးချမ်းသာကြီးက ကျောင်းထိုင် ဆရာတော်ကြီးက ဆင်းကြည့်ချင်လို့လားလို့ မေးတာနဲ့ ကျွန်မလည်း ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်ရင်း ကားရပ်တာနဲ့ ပြေးဆင်းပြီး သွားကြည့်ခဲ့ပါတယ်။

ကျွန်မတံတားပေါ် ပြေးတတ်နေ ကတည်းက ကျွန်မနောက်ကို ရွာသားနှစ်ယောက် ပြေးလိုက်လာတာ တွေ့ပါတယ်၊ အဲ့ဒါနဲ့ သူတို့ကို ဖြစ်ကြောင်းကုန်စင် မေးလိုက်တော့မှ သူတို့ဟာ တံတားခြေရင်းနား ကမ်းနားက ဆယ်တော်ကျေးရွာ (ကွက်သစ်)ရွာသားတွေ ဖြစ်ကြောင်း သိခဲ့ရပြီး အလှူရှင်တွေ ကပ်ကျော်နေတဲ့ ရွာဖြစ်ကြောင်းလည်း သိခဲ့ရပါတယ်။

“ကျွန်မတို့ ရွာမှာအိမ်ခြေ (၂၂)အိမ်ပဲ ရှိပါတယ်၊ ကျွန်မတို့ အိမ်ခြေ ရှစ်အိမ်ကတော့ ရေထဲကို လုံးဝ မျှောသွားပါတယ်၊  ကျန်အိမ်တွေကတော့ ပျက်စီးသွားပေမယ့် မပြိုပါဘူး၊ ကျွန်မတို့ တဲတွေက တံတားလမ်းဆုံမှာ ရှိနေတော့ အလှူရှင်ကားတွေ လာပြီး ရပ်ကြ၊ နားကြတယ်၊ ဒါပေမယ့် အခုချိန်ထိ ကျွန်မတို့ ရွာကို တစ်ဦးတစ်ယောက်မှ လာမလှူသေးပါဘူး၊ ရွာလူကြီးက အဆင်ပြေသလို နေကြဖို့နဲ့ အလှူမခံဖို့ မှာထားပါတယ်”ဟု ဆယ်တော်ကျေးရွာ (ကွက်သစ်) ရွာသူတစ်ဦးမှ ပြောပြခဲ့ပါတယ်။

အဲ့ဒီရွာလေးမှာတော့ ဆရာတော်တွေက လှူဒါန်းဖို့ပါလာတဲ့ ဆန်အိတ် ၂၀၀ထဲက စတင်ဈေးဦးပေါက် လှူဖြစ်ခဲ့ပြီး ရွာသားတွေလည်း အတိုင်းမသိ ပျော်နေတာ မြင်ရသလို ကျွန်မတို့အလှူ မတိုင်ခင်မှာ တစ်ဦးလှူဖို့ ပြင်ဆင်နေတာလည်း တွေ့ခဲ့ရပါတယ်။

အလှူရှင် လုံးဝမရောက်သေးတဲ့ ရေပက်လယ်ဝိုင်းနေသော အိမ်ခြေ (၂၀၀)ကျော်ရှိ ရွာနှစ်ရွာ

အဲ့ဒီရွာတွေပြီးတော့ နောက်တစ်နေရာကတော့ တစ်ကယ့်ကို စိတ်ချမ်းမြေ့စေခဲ့ရပါတယ်၊ ဒါကတော့ ဘယ်အလှူရှင်မှ မရောက်သေးတဲ့ ရွာနှစ်ရွာကို ဘုန်းဘုန်းတွေ အကူအညီနဲ့ ခက်ခက်ခဲခဲ ရှာဖွေပြီး သွားလှူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွာလေးကတော့ မုန်းချောင်းထဲကို စီးဆင်းနေတဲ့ချောင်း လက်တတ်လေးရဲ့ တစ်နေရာမှာ ရှိနေတဲ့ ကျွဲတံခါးနဲ့ ရေရင်ဆိုတဲ့ ရွာလေးနှစ်ရွာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ရွာက ရေတွေပက်လယ်ဝိုင်းနေတာ၊ ဟိုဘက် အခြမ်းကနေလည်း ဆင်းလာလို့ မရသလို ဒီကနေလည်း ဆက်သွားလို့မရ ဖြစ်နေတယ်၊ ပြီးတော့ ကျွန်တော်တို့ ရွာလေးကို ဘယ်သူမှလည်း မသိကြဘူး၊ အခုတောင် ရွာက ကျောင်းထိုင်ဆရာတော် ဘုရားကတဆင့် သိရပြီး အမတို့ အလှူရှင်တွေနဲ့ ချိတ်မိခဲ့တာပါ၊ ကျွန်တော်တို့ ရွာလေးကို သွားမယ်ဆိုရင် အခုမြင်နေရတဲ့ လက်ဖြစ်ဖောင်လေးနဲ့ သွားရင်တော့ ရပါတယ်”ဟု ကျွဲတံခါးရွာ အုပ်ချုပ်ရေးမှူး ကိုတင်အောင်လင်းက ပြောပြခဲ့သည်။

အဲ့ဒီရွာလေးနှစ်ရွာအတွက် ကတော့ အခြားရွာတွေထက်ပိုတဲ့ အလှူပစ္စည်းတွေကို လှူဖြစ်ခဲ့သလို  လက်ကျန် ဆန်အိတ်တွေ အားလုံး လှူဒါန်းပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကျွန်မတို့ ဆယ်တော်ကျေးရွာ (ရွာမ)၊ ဆယ်တော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းနဲ့၊ ပွင့်ဖြူမြို့ပေါ်က ပရဟိကျောင်း၊ သီလရှင် စာသင်တိုက်တွေကို သွားရောက်လှူဒါန်း ဖြစ်ခဲ့ပြီး ကျွန်မတို့ရဲ့ လှူဒါန်းမှု အစီစဉ်ကို ည ၈ နာရီ ၃၀ မိနစ်မှာ မနည်းကို အပြီးသတ်ပြီး Tomorrow တစ်ဖွဲလုံး တည်းခိုရာ မင်းဘူးမြို့က ကိုဇော်သက်ထွေးရဲ့ ခမ်းနားလှပတဲ့ အိမ်ကြီးဆီကို ပြန်လာခဲ့ကြပါတယ်၊ ကျွန်မတို့ အဖွဲ့ရဲ့ အပြန်လမ်းခရီးမှာတော့ မောပမ်းမှု၊ ကြည်နူးမှု ပေါင်းစုပြီး အတွေး ကိုယ်စီနဲ့ တိတ်ဆိတ်လို့ နေပါတယ်..။     ။

နော်ရာမောင်

 

 

 

Category: 

Share