ဒီမိုကရေစီ ဘီယာဆိုင် - (မာဂျေ)

“အစ်ကိုကြီးရ အစ်ကိုကြီးရ အစ်ကိုကြီး ...ဟာဒီလောက် ခေါ်နေတာ ပြန်လဲ မထူးပါလား၊ ခင်ဗျားကြီး နားပင်း သွားပြီလား” ...ဆိုတဲ့ မေးသံ နဲ့အတူ စောစော စီးစီး တပည့်ကျော် မောင်ကြွက်နီ ရောက်လာ ပါတယ်။

“နင့်အဘ နားပင်း ရမှာလား၊ အခုတလော လူတွေ ဘာပြောပြော မှားတာနဲ့ အင်တာနက် ပေါ်ကနေ ရော၊ သတင်းစာ မျက်နှာတွေပေါ်က တွယ်နေလို့ ငါလည်း စကား မမှားအောင် ၀စီပိတ် ကျင့်နေတာ”...လို့ ပြန်ဖြေလိုက်ရင်ပဲ။

“သူများတွေ စကားမှားတာက တိုင်းသိပြည်သိ ဖြစ်မှာပေါ့။ အဲဒီ လူတွေက လွှတ်တော် အမတ်တွေ၊ ၀န်ကြီးတွေ၊ ပါတီတွေရဲ့ တာဝန်ရှိ သူတွေ...ခင်ဗျားကြီးက ဘာကောင်မှ မဟုတ်တာ၊ ခင်ဗျားကြီး စကားမှားတာကို ဘယ်သူက အဖက် လုပ်ပြီး စာမျက်နှာ ပေါ်တင်မှာလဲ၊ ကြံဖန်ပြီး ဘ၀င်မြင့် နေသေးတယ်”...ဆိုပြီး ဆရာကောင်း တပည့် ပီပီ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပက် ပါလေရော။

“မင်းကတော့လေ၊ ငါ့ဆိုရင် တစ်စက်လေးမှ မလေးစားဘူး။ ဒါပေသိ မင်းသိဖို့က တိုင်းကျော် ပြည်ကျော် လူမှ မဟုတ်ဘူး၊ အခုလို လူတိုင်း ဒိဗ်္ဗစက္ခုရနေတဲ့ အင်တာ နက် ခေတ်ကြီးမှာ သာမန် ဂျာနယ် ထုတ်ဝေသူက သူ့ဝန်ထမ်းတွေကို ဆဲတာလဲ အင်တာနက်ပေါ် တက်တာပဲ မဟုတ်လား၊ ကြွက်နီရယ် မင်းငယ်ပါသေးတယ်..ဟဲဟဲဟဲ”

“တော်စမ်းပါ၊ သွားလေသူ ၀န်ကြီးချုပ် ဦးနု လေသံနဲ့ လာပြော မနေနဲ့၊ အခု ခင်ဗျားကြီး ဘာတွေ ကြံနေသလဲ သိချင်တယ်” ...ဆိုပဲ

“ငါ့ဟာငါ ဘာကြံကြံ မင်းကို ပြောစရာလား၊ မင်းကသိတာနဲ့ တစ်မြို့လုံး လှည့်ပြောဦးမဲ့ကောင်” ...ဆိုပြီး ငေါက်လိုက်တော့မှ လေသံ ပျော့လေးနဲ့။

“မဟုတ်ပါဘူး၊ အစ်ကိုကြီးရယ်၊ စီးပွားရေး မကောင်းလို့ အစ်ကိုကြီးဆီမှာ မှီခိုကပ်ပါး လုပ်မလို့ပါ”....တဲ့။

“ဒါဆိုရင်တော့ အခုငါက ဒီမိုကရေစီ ဘီယာဆိုင် ဖွင့်မလို့၊ မင်းကို မန်နေဂျာ ခန့်မယ် လုပ်မလား” ...မေးတော့။

“အောင်မယ်လေးဗျာ၊ ဒီလောက် အထွဋ်အမြတ် နိုင်ငံရေး စနစ်တစ်ခုရဲ့ နာမည်ကို ခင်ဗျားကြီးက ဘီယာဆိုင် နာမည် လုပ်မလို့၊ မတော်ပါဘူးဗျာ၊ စဉ်းစားပါဦး” ...တဲ့။

“ဟာဟာဟ...မင်းသိထားဖို့က မြန်မာနိုင်ငံမှာ ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်။ ကုန်ကုန် ပြောမယ်ကွာ၊ ခရိုနီလောက် မပြောနဲ့ အာဏာရှင်ကလည်း ဒီမိုကရေစီ ဆိုတဲ့ နာမည်နဲ့ မီဒီယာ လောကထဲ ၀င်ရှုပ်လို့ရတယ်၊ အဓိကက မင်းမှာ ငွေရှိဖို့ပဲ။ ငါက ဒီမိုကရေစီ ဆိုတဲ့ နာမည်နဲ့ စာစောင် ထုတ်မလို့။ ဒါပေသိ ငါ့ရှေ့မှာ ဦးသွားတဲ့ သူတွေ ရှိနေတယ်။ ဒါကြောင့် ဘီယာဆိုင် ဖွင့်ဖို့ လုပ်လိုက် ရတာ”

“ဒါပေမဲ့ စဉ်းစားပါဦးဗျာ၊ ခင်ဗျားလုပ်မဲ့ အလုပ်နဲ့ ဒီနာမည်နဲ့က အမြင်မတော် ဆင်တော်နဲ့ ခလောက်များ ဖြစ်နေသလားလို့” ဆိုပြီး သူက ပြန်တရားချနေလို့။

“တော်စမ်းပါ ကြွက်နီရာ၊ ဆယ်စုနှစ် နှစ်ခုလောက် ပြည်သူကို ဖိနှိပ်ခဲ့တဲ့ အာဏာရှင် ကလည်း အခု ဒီမိုကရေစီလို့ အသံတွေပေး၊ တစ်သက်လုံး အာဏာရှင် အစိုးရနဲ့ ပေါင်းစားခဲ့တဲ့ မီဒီယာတွေ ကလည်း အရှက်မရှိ ဒီနာမည် သုံးနေတဲ့ အချိန်မှာ တစ်ချိန်လုံး အာဏာရှင် စနစ်ကို တိုက်ခဲ့တဲ့ ငါက လိပ်ပြာ သန့်သန့်နဲ့ ဘီယာဆိုင် ဖွင့်မှာကွ၊ မပြီးခင် ဗမာ မမြင်စေနဲ့ ဆိုပေမဲ့ မင်းကို အခုကတည်းက ကြိုပြောထား လိုက်ဦးမယ်၊ အဲဒီဘီယာဆိုင် အောင်မြင်ရင် ဒီမိုကရေစီ အနှိပ်ခန်းတို့၊ ဒီမိုကရေစီ ကာရာအိုကေဆိုင်တို့ ထပ်ဖွင့်ဦးမှာနော်”

“ခင်ဗျားကြီးကတော့ မနိုင်ပါလားဗျာ။ ဒါထက ဒီလောက် မှိုလိုပေါက်နေတဲ့ ဘီယာဆိုင်တွေထဲမှာ ခင်ဗျားကြီးဆိုင်က ဘယ်လိုလုပ် ရောင်းရမှာလဲ”

“ဟာဟာဟ...ဒီအတွက် ကြံပြီးသွားပြီ။ ဘီယာရဲ့ အရင်းက တစ်ခွက်ကို ၃၅၀ကျပ်၊ ဒါပေသိ ငါက ၂၀၀နဲ့ ရောင်းမှာ”

“ဗျာ... ခင်ဗျားက ဦးနာအောက်လို ချမ်းသာလို့လား၊ များများ ရောင်းရလေ၊ များများ ရှုံးလေ ဖြစ်နေမှာပေါ့”

“ဒါကတော့ ငါ့အကွက်နဲ့ ငါပါကွာ၊ ခရိုနီ တစ်ယောက် ငွေထုတ်ပေးတဲ့ သတင်းစာ တစ်စောင်တောင် တစ်နေ့ သိန်းလေးဆယ် အရှုံးခံပြီး ထုတ်နိုင်နေသေးတာ၊ ငါ့ဘီယာဆိုင်က အဲဒီလောက် မရှုံးပါဘူး။ ငါလည်း ခရိုနီ တစ်ယောက်ကို ချုပ်ထားတယ်၊ မင်းတို့အခေါ် ဖားကြီးတစ်ကောင် မိထားတယ်ပေါ့။ သူ့ကိုငါက ဘီယာဆိုင်မှာ ရှယ်ယာထည့်၊ ခင်ဗျားအတွက် ပိုက်ဆံဆိုတာ ဘယ်လောက် ချမ်းသာလို့ ချမ်းသာမှန်းတောင် ရေနိုင်တာ မဟုတ်ဘူး။ သိန်းတစ်သောင်းလောက်(အဲလေယောင်လို့၊ သူများ ရတာတွေကိုကြားပြီး လိုချင်လောဘ တက်လာလို့) သိန်းတစ်ထောင် လောက်ပစ်ထည့်လိုက်ရင် ရန်ကုန် တစ်မြို့လုံးက ဒီဆိုင်မှာ လာသောက်ကြမှာ။ ပြီးမှ အကင်တို့ ဘာတို့ ပေါ်ကနေ ပြန်ပြီး ၀ိုက်ကြတာပေါ့လို့ စည်းရုံးလိုက်တာ တော်တော် အဆင်ပြေသွားတယ်။ ပြီးတော့ ဒီမိုကရေစီ နာမည်တပ် လိုက်တော့ ခင်ဗျား မဟုတ်တရုတ် လုပ်ထားတာတွေလဲ ပျောက်သွားတာပေါ့လို့ ပြောလိုက်တာနဲ့ အဲဒီငတိက သဘောတွေ ကျသွားတယ်။ ငါလဲ ငါလုပ်ချင်တာကို ငါ့ပိုက်ဆံတစ်ပြားမှ မပါပဲလုပ်လို့ ရသွားတာပေါ့။ ငါသွားသောက်ရင် အမြှုပ်တွေပဲ လှိမ့်ထည့်ပေးတဲ့ ဘီယာဆိုင်တွေတော့ သေဖို့သာပြင်”

“ခင်ဗျား လုပ်ပေါက်က ငွေအင်အားရှိတာ တစ်ခုတည်းနဲ့တင် ကိုယ်မရင်းနှီးတဲ့ လုပ်ငန်းထဲ ၀င်ရှုပ်တာပဲ၊ နေစမ်းပါဦး၊ အရင်းထက် လျော့ရောင်းလို့ရော ရလို့လား”
အမေရိကန်လို နိုင်ငံတွေမှာတော့ ကိုယ့်မှာ ငွေထုပ်ကြီးကြီး ရှိတိုင်း နေရာတကာ ၀င်ပါပြီး သူများကို လှိမ့်ရိုက်မှာ စိုးလို့ Anti Trust Law ဆိုတာနဲ့ ကာကွယ်ထားတယ်၊ မင်းလို နလပိန်းတုံး နားလည်အောင် ပြောရရင် ကိုယ့်ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် လျှော့ရောင်းပြီး သူများကို သတ်လို့ မရဘူး၊ ဒါပေသိ ဒါက မြန်မာနိုင်ငံ၊ လုပ်လို့မရတာကို အကုန်လုပ်လို့ရတဲ့ သားရေကွင်း ဥပဒေနိုင်ငံ၊ ဒါကြောင့် ဒီလိုကြံလိုက်တာ”

“ခင်ဗျားကြီးမှာ ဒီထက်ကြီးတဲ့ အကြံတော့ ရှိဦးမယ်ထင်တယ်”

“အောင်မယ်၊ မင်းတောင် ငါနဲ့ပေါင်းပြီး တိုးတက်လာပြီ၊ ခရုမှာလဲ အဆံနဲ့၊ ငါ့မှာလဲ အကြံနဲ့ကွ၊ ၂၀၁၅ ရွေးကောက်ပွဲ နီးလာရင် ငါ့ဘောစိ ခရိုနီ မဲထည့်စေချင်တဲ့ သူတွေ မဲရအောင် ခုကတည်းက ဘီယာဆိုင် ထောင်ထားတာ၊ အဲဒီနေ့ကျရင် ဘီယာချောင်းစီး အလှူကြီး ပေးပစ်လိုက်ဦးမယ်၊ မင်းမှတ်ထား၊ အရေးအကြီးဆုံးက လောကမှာ သောက်ရှက် မရှိဖို့ပဲ၊ ခုစာကလေး ခုဆီထမင်းကြော် ပြောရဲရတယ်၊ ဒီမိုကရေစီ ဘက်တော်သားတွေဆို အရင်က အသံတောင် မကြားချင်ပေမယ့် အခုဆို ကိုယ့်လောက် ဒီမိုကရေစီ ချစ်မြတ်နိုးသူ မရှိတဲ့ပုံ ဖမ်းရတယ်၊ အရင်က ဒီမိုကရေစီ အရေးလှုပ်ရှား သူတွေကို ထောက်လှမ်းရေးကို လက်တို့ပြီး သတင်းပေး အင်ဖော်မာ လုပ်ခဲ့ပေမယ့် ဒီမိုကရေစီ အရေးတော်ပုံကို ကိုယ်ကပဲ စောင့်ရှောက် ကာကွယ်ခဲ့ သယောင် မျက်နှာပြောင် တိုက်ရဲရမယ်၊ ပြောရရင် ခေတ်ကာလ ပြောင်းတဲ့ အရောင်အတိုင်း လိုက်ပြောင်းတတ်ဖို့ပဲ၊ ဒါမှ မင်းဘ၀ အရောင်တောက်မှာ၊ မင်းကိုထင်ပေါ်တယ်ဆိုပြီး မဟုတ်တာ လုပ်ထားတဲ့ သူတွေက စင်တော်ပေါ် ကောက်တင်မှာ”

“အစ်ကိုကြီး ပြောတာ ကြားရတာနဲ့ အားအတော် ရှိသွားပြီ။ ကဲဘယ်နေ့စ အလုပ်ဆင်း ရမလဲ၊ ဒီမိုကရေစီ ဘီယာဆိုင်ရဲ့ မန်နေဂျာ ကြွက်နီတဲ့ကွ၊ ဒီမိုကရေစီ ဆိုတာ ပိုက်ဆံရှိရင် ၀ယ်လို့ ရမှန်း အခုမှသိတယ်” ...ဆိုပြီး ထကြွေးကြော် နေလို့ ...

“ဟ... မောင်ကြွက်နီရ၊ သူများတွေ ကြားကုန်ပါဦးမယ်၊ ခေတ်ကြီးက ကောင်းတာ မဟုတ်ဘူး၊ သူများဘာလုပ်မလဲ ချောင်းပြီး အာဏာပိုင်တွေနဲ့ ဦးအောင်ပေါင်းပြီး လုပ်တဲ့သူတွေ ပေါတဲ့ ခေတ်ကြီးမှာ အသံမထွက်ရဘူးကွ”...ဆိုပြီး သူ့ပါးစပ်ထပိတ် လိုက်ရတယ်။ ကဲ မာဂျေ ပြောတာ မဟုတ်ပေလားဗျာ၊ စာဖတ် ပရိသတ် မျက်မြင်ပဲလေ၊ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ။

 

Category: 

Share