၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံခြင်း

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အပြင် လွှတ်တော်ထဲတွင်လည်း အမျိုးသားများနှင့် ရင်ဘောင်တန်း၍ ပြိုင်ဘက်ကိုယ်စားလှယ်များကိုလည်း မကြောက်မရွံ့ဘဲ အဆိုတင်သွင်းမှုများ ပြုလုပ်သွားမည်ဆိုသော အမျိုးသမီး ကိုယ်စားလှယ်လောင်းများနှင့် Tomorrow ဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

 

ဒေါ်နန်းစန်းစန်းအေး
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD)

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ အခုလို ၀င်ပြိုင်ဖြစ်တာက ပါတီရဲ့ မူဝါဒတွေ ဖြစ်တဲ့ ၂၀၀၈ ဥပဒေပြုပြင်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ပါတီရဲ့ မူဝါဒ တွေက ကျွန်မရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းမို့ ၀င်ပြိုင်ဖြစ်တာပါ။ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်တဲ့ အခါမှာလည်း ပါတီမှ အလုပ် အမှုဆောင်တွေက မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရရှိခဲ့တဲ့ အတွက် ရွေးချယ်ခံရခြင်း ဖြစ်တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး လွှတ်တော်ရောက်တဲ့အခါမှာ ဒေသအတွင်းရှိ ပညာရေး၊ ကျန်းမာရေးတွေကို အဓိကထားပြီး အဆိုတင်သွင်းမှာ ဖြစ်ပါတယ်။ အဆိုတင်သွင်းရာမှာလည်း အမျိုးသမီး ဖြစ်ပေမယ့် ကိုယ်နဲ့ပြိုင်ဘက် ဖြစ်မယ့် အမျိုးသားတွေကိုလည်း ယှဉ်နိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ အခု လက်ရှိအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံတကာက ပညာရှင်တွေ သင်ကြားပေးနေတဲ့ သင်တန်းလည်း တက်နေပါတယ်။ ဒီသင်တန်းတက်ရတဲ့အတွက် စည်းရုံးရေး ကာလမှာ စည်းရုံးရေးဆင်း တဲ့အခါ အခတ်အခဲတွေ မရှိနိုင်ပါဘူး။

ဒေါ်ခင်သက်နိုင်
(မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ အစ်မရဲ့ နယ်မြေက တောင်သူလယ်သမားတွေ များပါတယ်။ အစ်မကိုယ်တိုင်ကလည်း တောင်သူလယ်သမား ဖြစ်ပါတယ်။ ဒီအတွက် လွှတ်တော်ထဲ ရောက်ရင်တော့ တောင်သူလယ်သမားနဲ့ ပတ်သက်တဲ့ အဓိက အဆိုတွေကို တင်သွင်းသွားမှာပါ။ လက်ရှိလွှတ်တော်ထဲမှာ ရှိနေတဲ့သူတွေက တောင်သူလယ်သမားတွေ ဘယ်လို ဒုက္ခတွေ ခံစားနေရတယ်။ ဘယ်လိုပြဿနာတွေ ဖြစ်နေတယ်ဆိုတာ သူတို့တွေ မသိဘူး။ လွှတ်တော်ထဲမှာ ဒီကိစ္စတွေကိုလည်း ထဲထဲဝင်ဝင် ဆွေးနွေးတာလည်း မရှိဘူး။ ဒါ့ကြောင့် အစ်မအနေနဲ့ လွှတ်တော်ထဲ ရောက်ရင်တော့ တောင်သူလယ်သမား အရေးကို ကိုယ့်အရေးလို့ သဘောထားပြီး တင်ပြဆွေးနွေးမှာပါ။ တောင်သူ လယ်သမားတွေ ဒုက္ခရာက်နေရင် ကျွန်မလည်း ဒုက္ခရာက်နေတယ်လို့ သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မက ဧရာဝတီတိုင်းသူ တစ်ယောက် ဖြစ်ပြီး ကိုယ်တိုင်လည်း လယ်လုပ် နေရလို့ပါ။

ဒေါ်နန်းအုန်းမြိုင်
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရတ်တစ်ပါတီ) (ကျားဖြူ)

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် (၂)ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ကျွန်မအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့ ဒေသအတွင်းမှာ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကိစ္စများ၊ အမျိုးသမီး အများစု ခံစားနေရတဲ့ ကိစ္စများ၊ ခံစားချက်နဲ့ ခက်ခဲမှုတွေကိုလည်း အမျိုးသမီး တစ်ယောက်အနေနဲ့ ရပ်တည်ပေးချင်လို့ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ကျွန်မက ပလောင်တိုင်းရင်းသူ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မကို ပါတီကရွေးချယ်ရတဲ့ အကြောင်းအရင်းကလည်း ရှမ်းတွေ ပလောင်တွေဟာ တသွေးတသားတည်း ရှိနေတယ်ဆိုတဲ့ အကြောင်းပြချင်လို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်ရင်လည်း ပြည်သူတွေရဲ့ အခက်အခဲ တိုင်းရင်းသားတွေရဲ့ အခက်အခဲ အားလုံးကို တတ်စွမ်းသရွေ့ အလုပ်အကျွေး ပြုသွားမှာပါ။

ဒေါ်ယဉ်မင်းအေး
(အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ-NDF)

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပုဇွန်တောင်မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကို ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ အစ်မက လက်ရှိ ပရဟိတလုပ်ငန်းတွေလည်း လုပ်ပါတယ်။ NDFပါတီကနေ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးချယ်ခံရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အစ်မ လက်ရှိလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေကို ထပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်ချင်တယ်။ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း အများကြီးရှိတယ်။ အဲဒါတွေကိုလည်း ဖြေရှင်းပေးချင်တယ်။ အစ်မက ပြည်သူတစ်ယောက်ဆိုတော့ လက်ရှိအချိန်မှာ ပြည်သူတွေ ဘယ်လို ဒုက္ခရာက်နေတယ်ဆိုတာ သိပါတယ်။ ဒါကိုလည်း လွှတ်တော်ထဲမှာ ဆွေးနွေးတင်ပြချင်ပါတယ်။ လွှတ်တော်ထဲ ရောက်ရင်လည်း ဒီအကြောင်းကိုပဲ အဓိကထားပြီး ဆွေးနွေးမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် ပြည်သူတွေ အဆင်ပြေပြေ နေသွားနိုင်အောင်လို့လည်း အဓိကထားပြီး အစွမ်းကုန်ကြိုးစားသွားမှာပါ။ အစ်မက မိသားစုလည်း ရှိပါတယ်။ ဒါပေမဲ့ လွှတ်တော်ကိစ္စကိုလည်း ဆောင်ရွက်သလို မိသားစု ကိစ္စကိုလည်း ဆောင်ရွက်သွားပါမယ်။

 

Category: 

Share