နိုးလော့…. ထလော့ ဧရာဝတီ

Tomorrow ဂျာနယ်သည် မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအနက် မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ဒေသများအနှံ့ ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

သို့သော်  ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများနှင့် ထိုင်းလူမျိုးများက ဒုက္ခရောက်နေသော ပြည်သူများကို စာနာထောက်ထား၍ ကူညီထောက်ပံ့ရေး ပစ္စည်းများကို ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့သည့် အတွက် Tomorrow ဂျာနယ်မှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီ-မဲဆောက်တွင် သွားရောက် လက်ခံယူခဲ့ပါသည်။ ယခုအခါ စတုတ္ထမြောက် ခရီးစဉ်အဖြစ် ထိုလှူဒါန်းသည့် ပစ္စည်းများအား ဧရာဝတီတိုင်း၊ သာပေါင်းမြို့ရှိ ဘုရားငူကျေးရွာ အုပ်စု၊ လင်းတာကျကျေးရွာ အုပ်စု၊ ဒါးက-မန်ကျည်းကုန်း ကျေးရွာအုပ်စု၊ ဇီးပင်ကွင်းကျေးရွာ အုပ်စု၊ သမင်ကုန်းကျေးရွာ အုပ်စု၊ င၀န်ဒေါင်ကြီးကျေးရွာ အုပ်စု၊ ကင်းတက်ကျေးရွာ အုပ်စုများအား ဧရာဝတီ ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းအဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လူမှုကူညီ ထောက်ပံ့ရေးအဖွဲ့ (မဟာချိုင်-ဘန်ထိုလတ်)တို့၏ ကိုယ်စားလှယ်များ နှင့်အတူ လှူဒါန်းနိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း ရေဘေးဒုက္ခ ရင်ဆိုင် ကြုံတွေ့နေရသည့် နိုင်ငံသားများထံသို့ Tomorrowမှ ဆက်လက် ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဦးညွန့်ဆွေ (ဒုဝန်ကြီးငြိမ်း) မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ (မြန်မာ)
“အခုလို လှူဒါန်းမှုတွေ ပြုလုပ်နိုင်အောင် စီစဉ်ပေးတဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို ထိုင်းနိုင်ငံ အနေနဲ့ လာရောက်ကူညီတာ တကယ်ကို ထိရောက်တဲ့ ကူညီမှုမျိုးပါ။ အခုလို လာရောက်လှူဒါန်းတဲ့ အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လူမှုကူညီထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘိုဝင်း

“မြန်မာနိုင်ငံမှာ ရေဘေးသင့်နေတဲ့ ဒေသတွေကို လာရောက်လှူဒါန်းနိုင်ဖို့ ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေကတစ်ဆင့် ဒီအစီအစဉ် ဖြစ်အောင်လို့ စည်းရုံးရပါတယ်။ စည်းရုံးပြီး သူတို့လှူဒါန်းတဲ့ ပစ္စည်းတွေကို ထိုင်းဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေ အကုန်လုံးကို စုဆောင်းပြီးတော့မှ သက်ဆိုင်ရာ နယ်မြေတွေက လုပ်အားပေးတဲ့ ကလေးတွေနဲ့ စနစ်တကျ ပြန်လည်ထုပ်ပိုးပြီး ဒီကိုပစ္စည်းတွေ သယ်လာတာပါ။ မြ၀တီကနေ ဒီအထိရောက်ဖို့ ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းကူညီရေး အဖွဲ့ကို အကူအညီ တောင်းပါတယ်။ အဲဒီလို အကူအညီ တောင်းရတာက သယ်ယူပို့ဆောင်ရေးစရိတ် သက်သာအောင်ပါ။ အဲဒီလို သက်သာသွားတဲ့ အတွက် အလှူရှင်တွေရဲ့ အကူအညီတွေက ရေဘေးသင့် ပြည်သူတွေကို ပိုပြီးတော့ ကူညီပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်တွင်းမှ လှူဒါန်းနိုင်ဖို့အတွက် ကူညီမယ့် အဖွဲ့အစည်းကိုရှာတော့  Tomorrow ဂျာနယ်နဲ့ ချိတ်ဆက်မိပါတယ်။ Tomorrowက တာဝန်ရှိသူ ဖြစ်တဲ့ ဦးဝဏ္ဏက ဒီကို ရောက်လာဖို့ အစစအရာရာ ကူညီပေးပါတယ်။ ဒီကိုရောက်လာပြီးတဲ့ အချိန်မှာလည်း Tomorrow ဂျာနယ်ရဲ့ အစီအစဉ်နဲ့ပဲ သွားရောက်လှူဒါန်းမှာပါ။ ပထမဦးဆုံး အကြိမ် လာလှူတာပါ။ ပစ္စည်းတန်ဖိုးက သိန်း ၃၀၀ ကျော်ပါတယ်။နောက်ပိုင်း ပြန်လည်ထူထောင်ရေးအထိ အကူအညီပေးသွားဖို့ကို ရည်ရွယ်ထားပါတယ်။ ဖြစ်အောင်လည်း လုပ်သွားမှာပါ။

ကျွန်တော်တို့ မကြာခင် အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်လှူဒါန်း နိုင်တော့မှာပါ။ ဒါကလည်း အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်လို့ ရရှိတဲ့ အကျိုးတရားပါပဲ။ ယခုလို ရေဘေးသင့် ဒေသတွေကို သွားရောက်လှူဒါန်းနိုင်အောင် ကူညီပေးကြတဲ့ ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်း၊ ဧရာဝတီ ဖောင်ဒေးရှင်း ၊ Tomorrow ဂျာနယ်နှင့် အလှူရှင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။

 

 

 

Category: 

Share