Gender ခွဲခြားမှု... တာဝန်... လူ့အခွင့်အရေးနဲ့ အိမ်ထောင်ရှင်မများရဲ့ အနာဂတ် - နော်ရာမောင်

"နေမကောင်းလည်း မတတ်နိုင်ဘူးလေ ကလေးတွေ ကိစ္စဆိုရင် ငါပဲလုပ်ရမှာပဲ၊ သူကသူ့နားရက် တစ်ရက်ပဲ ရတာဆိုပြီး မိသားစု ကိစ္စတွေကို ဘာမှကူညီပေးချင်တာ မဟုတ်ဘူး၊သူ့ကိုစိတ်ပျက်လို့ ဘာမှထပ်မပြောချင်တော့ဘူး၊ သူကသူ တစ်ယောက်ပဲ ဒီမိသားစုကို ဦးဆောင်ရှာကျွေး နေရတယ်ဆိုပြီး ငါ့ကိုကျွန်လို့ပဲ သတ်မှတ်ထားပုံပဲ ငါအရမ်း ရုန်းထွက်ချင်နေပြီ သူငယ်ချင်း"လို့ ဆိုလာသူက ကလေးနှစ်ယောက် မိခင် အသက် ၂၉နှစ်အရွယ် အိမ်ရှင်မ ဝေေ၀။

"ကျွန်မအခု အရမ်းစိတ်ဆင်းရဲနေရတယ်၊ သူက သီတာလမ်းမှာ ကွမ်းယာဆိုင်ဖွင့်တာ၊ အဲ့ဒီကနေ ဆိုင်သိမ်းပြီး ပြန်လာရင် ည၁၁နာရီကျော်နေပြီ၊ အဲ့ဒီအချိန် ပြန်လာရင် မူးလာပြီ၊ ပြီးရင်ကျွန်မကို ရိုက်တယ်၊ မခံနိုင်လွန်းလို့ ရပ်ကွက်ကို တိုင်တာလည်း များနေပြီ၊ နောက်ဆုံး အမျိုးသမီး ရေးရာကို သွားတိုင်တော့ အဲ့ဒီက ဘာပြောလဲဆိုတော့ ကျွန်မတို့က ဘာသာခြား ကိုးကွယ်သူဖြစ်လို့ သူတို့အနေနဲ့ ဖြေရှင်းပေးလို့ မရတဲ့ အပိုင်းတွေရှိတယ်၊ ကျွန်မမှာ ကလေး သုံးယောက်နဲ့၊ သမီးကြီးကတောင် တော်တော်ကြီးနေပြီ၊ ဘာဆက်လုပ်ရမလဲ မသိဘူး၊ လမ်းပျောက်နေပြီ"ဆိုသူကတော့ ကလေးသုံးယောက် မိခင် အသက်၄၀ နီးပါးရှိ အိမ်ရှင်မတစ်ဦး။

"သူပဲအတင်း အလုပ်က ထွက်ခိုင်းတယ်၊ အခုချိန်မှာ ငါ့မှာ ကလေးတစ်ယောက်နဲ့ မလောက်မင ဖြစ်နေတော့ သူလည်း ဘာမှ ပိုရှာပေးနိုင်တာ မဟုတ်ဘူး၊ ငါ သူ့ကို ယုံကြည်မိခဲ့ပြီး အလုပ်ထွက်တာ ငါ့အမှားပဲ၊ အရမ်းကို မှားသွားပြီ သူငယ်ချင်း"ဆိုသူကတော့  ကုမ္ပဏီ စာရင်းကိုင် မန်နေဂျာ လုပ်ခဲ့ဖူးသူ ၈လသား အရွယ်ကလေး မိခင်၊ အသက် ၃၄နှစ်အရွယ် အိမ်ရှင်မ မသွယ်။

သူတို့.. သူတို့ရဲ့ ဒီလို အသံတွေကတော့ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ၊ အထူးသဖြင့်  ကျောင်းကြိုရင်း၊ မုန့်စားရင်း၊ ဈေးသွားရင်း၊ သူငယ်ချင်းတွေ ဆုံကြရင်း မိန်းကလေးတွေ သီးသန့် တွေ့ဆုံချိန်တိုင်းမှာ မရိုးနိုင်အောင် ကြားရလေ့ရှိတဲ့ စကားတွေပါပဲ။ ဒါက ဘာကိုရည်ညွန်းလာသလဲဆိုရင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး မသာယာမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကို မီးမောင်းထိုးပြလို့ နေပါတယ်။

ကျွန်မတို့ နိုင်ငံမှာ Genderနဲ့ ပက်သက်ပြီး အများကြီး အသိပညာ ပေးနေတာတွေ ရှိပေမယ့် လုပ်ငန်းခွင်တွေထဲမှာ၊ မိသားစုထဲမှာ၊ အထူးသဖြင့် အိမ်ထောင်ရှင်တွေ ကြားထဲမှာ ထဲထဲဝင်ဝင်ကို အငြင်းပွားဖွယ်ရာတွေ ဖြစ်နေတာတော့ မီးခဲပြာဖုံးလို အားလုံးက မသိသလို သိလိုဖြစ်နေတာတော့ အသေချာပါပဲ။

"သူနဲ့ကျွန်မ အလုပ်လုပ်ရတာချင်း အတူတူ၊ ရုံးသွားရချင်း အတူတူတောင် အနားယူရင် သူပဲ နားချင်တယ်၊ ကျွန်မကတော့ အိမ်ပြန်ရောက်တာနဲ့ အိမ်မှုကိစ္စတွေ ကလေးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ လုံးဝ မနားရဘူး၊ ဒါကိုလုပ်ရလို့ ပြောတာမဟုတ်ဘူး၊ သူကဒီလို လုပ်ရတာကို လွယ်လွယ်လေးလို့ ထင်နေတာ၊ ဒါပေမယ့် အဲ့ဒီလို ထင်နေတာကိုတောင် တစ်ခါတစ်လေမှာ ကူညီပေးဖို့ စိတ်ကူး လုံးဝ မရှိဘူး၊ သူတို့စိတ်ထဲမှာ ရှိနေတာက အဲ့ဒါဟာ အိမ်ရှင်မဖြစ်တဲ့ ကျွန်မတို့ရဲ့ အလုပ်ပဲ၊ ဒီတာဝန်ဟာ ကျွန်မတို့မှာပဲ တာဝန်ရှိတယ်လို့ ယူဆထားပုံပဲ၊ ရုံးမှာ ပင်ပန်းလာလို့၊ နေထိုင်မကောင်းလို့ မနက်ပိုင်း ကျွန်မ အိပ်ပျော်သွားရင် ကျွန်မကိုယ်စား ကလေးတွေကို ရေမိုးချိုး အစာပြေကျွေးပြီး ကျောင်းကားပေါ် တင်ပေးဖို့ဆိုတာမျိုးတော့ ဖခင်တစ်ယောက် အတွက် မပြောပဲ သိသင့်တာမျိုး မဟုတ်လား၊ ဒါပေမယ့် သူတို့တွေဟာ အဲ့ဒီလို မိသားစုကို ကူညီဖို့ တစ်ခါမှ မတွေးခဲ့ကြဘူး၊ အရမ်းကို နေနိုင်ကြပြီး အတ္တကြီးကြတယ် ထင်တယ်"ဟု ရုံးဝန်ထမ်း တစ်ဦးဖြစ်သူ အသက်၃၅နှစ် အရွယ် အိမ်ထောင်ရှင်မ မသက်ဖြူက ရင်ဖွင့်ပြောပြခဲ့သည်။

သို့ဆိုရလျှင် မိသားစု၏ တာဝန်အ၀၀မှာ မည်သူ့မှာ တာဝန်အရှိဆုံးဟုဆိုလျှင် အိမ်ထောင်ရှင်မမှာသာ တာဝန်ရှိသည်ဟု ဆိုကြလိမ့်မည်။ မှန်ပါသည်။ မိသားစုရဲ့ တာဝန်မှာ အိမ်ရှင်မများတွင် အများဆုံး တာဝန်ရှိပါလိမ့်မည်၊ ဒါပေမယ့်လည်း မိသားစု တာဝန် အိမ်ရှင်မများတွင်သာ ပို၍ တာဝန်အရှိဆုံး ဆိုသည်မှာ လွန်ခဲ့သော နှစ်၅၀ခန့်မှစကာ တစ်ရိပ်ရိပ် ကျန်ရစ်ခဲ့ပြီ ဆိုသည်ကိုတော့ ယခုခေတ် အိမ်ထောင်ဦးစီးများ သိသင့်နေပါပြီ။

ယခင် ခေတ်ကာလများက မိသားစုများမှာ အိမ်တွင်ကလေး ဘယ်နှစ်ယောက် ရှိနေပါစေ အိမ်ထောင်ဦးစီး တစ်ဦး၏ ၀င်ငွေဖြင့် မိသားစု တစ်ခုလုံး ဖူလုံစွာ စားသုံး ရပ်တည်နိုင်ကြတာမို့ အိမ်ရှင်မများမှာ မိသားစု အတွက် ငွေရေးကြေးရေးများတွင် ၀င်ရောက် စွက်ဖက်စရာ မလိုပဲ ပူပင်ကြောင့်ကြကင်းစွာ မိသားစုကို ထိန်းသိမ်းနိုင်ကြသည်။ သို့သော် ယခုခေတ် မိသားစုတွင်တော့  ခင်ပွန်းရော၊ ဇနီးသည်ပါ အလုပ် ထွက်လုပ်မှသာ မိသားစုအတွက် လောက်ငစွာ နေထိုင်နိုင်မည့် အခြေနေတွင် ယောင်္ကျားများနှင့် ဒိုးတူဘောင်ဘက် ရုန်းကန်လာကြသည့် အိမ်ရှင်မများ၏ အခန်းကဏ္ဍသည်လည်း ပြောင်းလဲလာသည်ကို မိသားစုဝင်တိုင်း သတိပြုမိဖို့ လိုအပ်နေပါပြီ။

"သူက ကျွန်မကို ကမ္ဘာကြီးနဲ့ အဆက်သွယ် ပြတ်နေစေချင်တယ်၊ ဖုန်းတောင် ဟိုးရှေးရှေးတုန်းက ဖုန်းပဲပေးသုံးတာ၊ ကျွန်မ ဖုန်းမှာ ဖေ့ဘုတ်သုံးလို့ မရဘူး၊ ဖေ့ဘုတ်ဆိုတာ သူများတွေပြောမှ ပြမှမြင်ရတာ၊ အခုခေတ်မှာ ဖေ့ဘုတ်တောင် မသိတဲ့သူက တုံးတဲ့အဆင့်တောင် မဟုတ်တော့ဘူး၊ အရမ်းကို စိတ်ပျက်ဖို့ ကောင်းလောက်အောင် ထုံလွန်းသူဆိုတာ မပြောပဲလဲ သိသာပါတယ်။ သူက  ကျွန်မကိုအိမ်မှာ သူ့သားသမီး ကိစ္စတွေနဲ့ လုံးပမ်းနေဖို့ပဲ လိုလားတယ်၊ တစ်လ တစ်ကြိမ် အိမ်အသုံးစရိတ် ပေးတယ်၊ အဲ့ဒီထဲကနေ ကလေးတွေ ကျောင်းစရိတ် အတွက်ပါ ကျွန်မ သုံးရတယ်၊ အခု ကုန်ဈေးနှုန်းတွေ တအားတတ်လာတာလည်း သူသိတာပဲ၊ ဒါပေမယ့် ပိုက်ဆံတိုးပေးဖို့ သူမစဉ်းစားဘူး၊ ကိုယ်က ပြောပြန်ရင်လည်း မိသားစုလို၊ ကိုယ့်ဇနီးမယားလို ပြန်ပြောတာ မဟုတ်ပဲ စကားတွေက ငါရှာကျွေးနေရတာပဲ ပြောချင်တိုင်း ပြောလို့ရတယ်ဆိုတဲ့ ပုံစံတွေနဲ့ ရင့်သီးလာတော့ ပြောချင်စိတ် မရှိတော့ဘူး၊ ကျွန်မရဲ့ ဘ၀က အိမ်ထောင်ကျပြီး ကလေးတွေ ရပြီးကတည်းကအားလုံး ပြီးဆုံးသွားပြီလို့ ခံစားနေရတယ်.."လို့  ကလေးနှစ်ယောက် မိခင်အသက် ၃၀အရွယ် အိမ်ရှင်မ မသန္တာက ပြောခဲ့သည်။

ဒီလိုစိတ်ခံစားချက်တွေနဲ့ လည်ပတ်နေရတဲ့ မိသားစု ဘ၀တွေမှာ သာယာမှု ဆိုတာထက် ညှိနှိုင်းဖို့နဲ့ အဖြေရှာဖို့ လိုအပ်နေပြီ ဖြစ်သလို အသက် ၃၀အရွယ် အရွယ်ကောင်း အမျိုးသမီး တစ်ယောက်ရဲ့ ဘ၀ကလည်း စိတ်ပျက်ငြီးငွေ့ဖွယ်ရာ မိသားစုကြားမှာ အနာဂတ် ပျောက်လို့နေတာကို လူ့အခွင့်ရေး ဆုံးရှုံးနေရတယ်လို့ ပြောရင်လွန်မယ် မထင်ပါ။

ကျွန်မတို့ မြန်မာအမျိုးသမီး အများစုဟာ မိသားစု တစ်ခုကို တည်ဆောက်ခဲ့ပြီးလို့ သားသမီးလေးတွေ ရရှိလာပြီဆိုရင် ဘယ်လို အကြောင်းပြချက်နဲ့မှ မိသားစု ပြိုကွဲစေမယ့်လမ်းကို ဦးတည် မသွားချင်ကြသလို အိမ်ထောင်ပြိုကွဲလို့ ကလေးငယ်တွေ မိဘတစ်ကွဲစီ ဖြစ်သွားမှာကိုလည်း အရမ်း ကြောက်တာကြောင့် မြန်မာအမျိုးသမီး တော်တော်များများဟာ သူတို့ရဲ့ ဘ၀တွေကို မသာယာမှန်း၊ ရှေ့ဆက်မရမှန်း သိသိကြီးနဲ့တောင်  သားသမီးအတွက်ဆိုပြီး နစ်မြုပ်ခံ နေကြရတာ များပါတယ်။

ဒီလိုပါပဲ မီးဖွားပြီးစ မိန်းမက ခေါင်းမှာ အနှီးစကိုချည်ပြီး အိမ်ရှေ့ ကျောက်ဆည်ပိုင်းထဲက အေးစက်နေတဲ့ ရေနဲ့ အနှီးတွေ၊ အ၀တ်တွေ လျှော်နေချိန်မှာ ယောင်္ကျား ဖြစ်သူက ပက်လက် အိပ်ရင်း ဂျာနယ်ဖတ်နေတဲ့ မြင်ကွင်းကလည်း အမျိုးသမီး တစ်ယောက်အတွက် ဖော်ပြလို့ မရတဲ့၊ ရှင်းပြဖို့ခက်တဲ့ စိတ်မကောင်းခြင်းတွေ ရှိနေမှာပါပဲ။

ဒီလိုတွေရေးလို့ မိသားစုတိုင်းက အိမ်ထောင်ရှင်မတွေ ဘ၀ ဆုံးနေကြတယ်လို့ ဆိုလိုတာ မဟုတ်သလို အိမ်ထောင်ဦးစီးတိုင်းဟာ မိသားစုအပေါ် ကူညီရကောင်းမှန်း၊ မသိတတ်ကြသူများသာ ဖြစ်တယ်လို့ စွပ်စွဲနေတာ မဟုတ်ပါဘူး၊ သာယာပြီး နေပျော်စရာကောင်းတဲ့ မိသားစုတွေလည်း အများကြီး ရှိနေသလို ခင်ပွန်းဖြစ်သူနဲ့ ဇနီးဖြစ်သူ ပြောင်းပြန်လို့ ပြောရလောက်အောင် မိသားစု အတွက် အစစ အရာရာ ဖြည့်ဆည်း ဆောင်ရွက်ပေးနေတဲ့ အိမ်ထောင် ဦးစီးတွေလည်း ဒုနဲ့ဒေး ရှိနေမှာပါပဲ။

ဒါပေမယ့် ကျွန်မ ပတ်ဝန်းကျင်မှာတော့ အသက်၄၀ မတိုင်ခင်မှာပဲ မသာယာတဲ့ မိသားစုထဲမှာ ဘ၀တွေ နစ်မြုပ်ခံနေရတဲ့ အိမ်ရှင်မတွေ တဖြည်းဖြည်း တိုးပွားလာတာကို စိတ်မကောင်း ဖြစ်စရာ မြင်တွေ့နေရသလို ဘ၀ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ဖို့တောင် အင်အားမရှိတော့တဲ့ အိမ်ရှင်မများကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။

ဒီလို အိမ်ထောင်ရေးမှာ လူ့အခွင့်ရေး ချိုးဖောက်ခံနေရတဲ့ အမျိုးသမီးတွေ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ စကားတစ်ရပ်ကို အနောက်နိုင်ငံက လာတဲ့ စာစောင်တစ်ခုမှာ ဖတ်လိုက်ရပါတယ်၊ အဲ့ဒါကတော့ ပြိုကွဲသွားတဲ့ မိသားစု တစ်ခုက ထူးချွန်ကျောင်းသာ တစ်ယောက်ရဲ့ စကားသံလေးပါပဲ၊ သူပြောထားတာကတော့ "ကျွန်တော်အခု အရမ်းစိတ်ချမ်းသာတယ်၊ ဘာလို့လဲဆိုတော့ အခုဆို ကျွန်တော့်ကို အဖေကရော၊ အမေအပါ နှစ်ဖက်စလုံးက ဂရုစိုက်ပြီး ချစ်လာကြတယ်၊ ပြီးတော့ နှစ်ဖက်လုံးက ပံ့ပိုးပေးတယ်၊ အဖေနဲ့အမေကို ကြည့်ရတာလည်း အရင်ကလို မဟုတ်ပဲ ပြုံးရွင်နေတာပဲ၊ အရင်ကဆို ကျောင်းကနေ အိမ်ပြန်ရမှာ ကြောက်ခဲ့တယ်၊ သူတို့ရန်ဖြစ်ရင်လည်း အရမ်း စိတ်ဆင်းရဲရတယ်၊ ဒီလို ပျော်စရာကောင်းမှန်းသိရင် အဖေနဲ့ အမေကို အစောကြီး ကွာရှင်း ခိုင်းခဲ့ပါတယ်"တဲ့။      ။

နော်ရာမောင်

 

Category: 

Share