ကြယ်ကိုအမိုးလုပ်... လမ်းမကို ကျောခင်းနေရပေမယ့် အနာဂတ်မှာ ဘော်ဒီရုံပိုင်ရှင် ဖြစ်ချင်တယ်ဆိုတဲ့ ခုံးကျော် တံတားအောက်က ဘ၀တစ်ခု - လျှမ်းလူ

“သား သူတို့တွေကို အရမ်း ကြောက်တယ်။ အဲဒီ အထဲမှာတုန်းက အရမ်း ရိုက်ခံရတယ်။ ထမင်းလုံး တစ်စေ့ ကျတာနဲ့ ၁၀ ချက် အရိုက်ခံရတယ်။ ပြီးတော့ သူတို့ရဲ့ အ၀တ်အစား တွေကိုလည်း လျှော်ပေးရတယ်။ အ၀တ်တွေ မပြောင်ရင်လည်း အရိုက်ခံရတယ်။ ပထမတစ်ခါ ရောက်သွားတုန်းက သားကို ရိုက်တာ တစ်ကိုယ်လုံးနာပြီး ၃ရက်လောက် ဖျားတယ်။ ဒါပေမဲ့ သူတို့က အလုပ်တွေ ဆက်ခိုင်းတယ်။ အဲဒီမှာရှိတဲ့ သူတွေကို သားအရမ်း ကြောက်တယ်။ သား နောက်တစ်ခါ ပြန်မသွားချင်ဘူး”ဟု ပြောရင်း  တစ်လိမ့်လိမ့် ကျလာသော မျက်ရည်များကို ပေရေနေသော လက်ခုံဖြင့် ပွတ်ချရင်း ပြောပြခဲ့သူက လှည်းတန်း ခုံးကျော်တံတား အောက်တွင် ကြုံသလို နေနေရသော အသက် ၁၀နှစ်အရွယ်ရှိ ဖိုးတေဟုခေါ်သော ကလေးငယ် တစ်ဦး ဖြစ်သည်။

ဖိုးတေလို ကလေး တစ်ယောက်အတွက် ငိုကြွေးမှုဆိုတာ သာမာန် ကလေးတွေလို မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတော့ မဟုတ်၊ ဒါပေမယ့် အခုချိန်မှာတော့ သူ့ဘ၀ကို အရေးတယူ မေးမည့်သူ ရှိချိန်မှာတော့ ကလေးအရွယ်သာ ရှိသေးသော ဖိုးတေတစ်ယောက် ကလေးလို ငိုနေပါသည်။

ဖိုးတေဆိုသည်မှာ လှည်းတန်း ခုံးကျော်တံတား အောက်ရှိ စကိတ်ကွင်းတွင် ညအိပ်လေ့ရှိသော ကလေးတစ်ယောက် ဖြစ်ကာ  အသက်နှင့် မလိုက်အောင်ပင် မကြာခဏ ဖမ်းဆီး ခံနေရသူဖြစ်ပြီး ငှက်အော်စမ်းဟု ခေါ်သော လူငယ် ထိန်းသိမ်းရေး စခန်းသို့ နှစ်ကြိမ်ခန့် ရောက်ဖူးသူလည်း ဖြစ်သည်။

“သား ငှက်အော်စမ်းမှာ နှစ်ခါ ဖမ်းခံရဖူးတယ်။ ပထမတစ်ခါက ၄လ၊ ဒုတိယတစ်ခါက ၇လ။ ပထမတစ်ခါ အဖမ်းခံရတုန်းက လမ်းဘေးမှာ အိပ်နေတယ် ဆိုပြီးတော့ ခေါ်သွားတာ။ ဒုတိယ တစ်ခါတုန်းကကျတော့ သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာ ရန်ဖြစ်တယ်ဆိုပြီး သားကို ဖမ်းခေါ်သွားတာ။ အဲဒီကို ပြန်သွားရမှာ အရမ်း ကြောက်တယ်။ အဲဒီထဲမှာ အရမ်း နှိပ်စက်တယ်”ဟု ဖိုးတေက မျက်ရည်များကို သုတ်ရင်း ဆက်၍ ပြောသည်။

ယခင်ကတော့ ဖိုးတေသည် မိဘများနှင့်အတူ ပျော်ရွှင်စွာ နေထိုင်ခဲ့ရသော ကလေးဖြစ်သော်လည်း လွန်ခဲ့သော တစ်နှစ်ကျော်မှ စတင်ကာ မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ပြီး အရွယ်နှင့် မလိုက်အောင် ခြေဦးတည့်ရာ လျှောက်သွားရင်း လောကဓံကို ကြံ့ကြံ့ခံကာ ၀မ်းရေးအတွက် ရုန်းကန် နေရသူလည်း ဖြစ်သည်။

“သားဖေဖေနဲ့ မေမေတို့ ရှိတုန်းက အရမ်းပျော်တယ်။ သူတို့မရှိတော့ သားလည်း နေစရာ မရှိတော့ဘူး။ ရပ်ကွက်ထဲမှာ သားကို ဘယ်သူကမှ အလုပ် မခိုင်းချင်ဘူး။ သားကို ငယ်သေးတယ်လို့ ပြောတယ်။ အရင်တုန်းကတော့ အိမ်တွေက အ၀တ်လျှော်ခိုင်းတယ်။ ပြီးတော့ ၂၀၀၊ ၃၀၀ ပေးတယ်။ နောက်ပိုင်းကျတော့ သားကို မခိုင်းတော့ဘူး။ သားလည်း လုပ်စရာမရှိတော့ တောင်းစားတယ်။ မနက်ဘက်ဆို လှည်းတန်းနဲ့ မြေနီကုန်းတို့မှာ ပိုက်ဆံ လိုက်တောင်းတယ်။ ညဘက်ဆိုရင် ဒီခုံးကျော် တံတားအောက်မှာ လာအိပ်တယ်”ဟု ဖိုးတေက ဆက်ပြောပြသည်။

“မရှိခိုးနိုး” ဆိုသော စကားက ဖိုးတေတို့လို့ လမ်းဘေး ကလေးများအတွက် သီးသန့် ရေးထားတယ်လို့ ထင်ရလောက်အောင်ပင်၊ လူအများစုမှာ ဖိုးတေတို့လို စုတ်စုတ်ချာချာ ကလေးများ မြင်လျှင် တစ်ခုခုကို ခိုးယူတော့မည့်အလား သတိ ထားတတ်ကြသော်လည်း ကလေးများ ရင်ထဲမှာတော့ လူအများ ထင်ထားသလို မဟုတ်..။

“သားတို့က မခိုးဘူး။ ခိုးရင် နောက်တစ်ခါ တောင်းလို့ရမှာ မဟုတ်ဘူး။ မရှိရင် တောင်းစားတယ်။ ရှိရင် ရတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်စားတယ်။ တစ်ခါတရံ ထမင်းဆိုင်တွေက ထမင်းနဲ့ဟင်း ပေးတယ်။ ရလာတဲ့ ထမင်းနဲ့ ဟင်းကိုပဲ သားတို့ ၀ိုင်းစားကြတယ်”ဟု လူကြီးဆန်ဆန် ပြောပုံမှာ နားထောင်ရသူကိုပင် တဒင်္ဂ မှင်သက် သွားစေသည်။
 
ထိုအချိန်တွင် ဖိုးတေကဲ့သို့ ဘ၀တူ ကလေးငယ်များ ထပ်မံ ရောက်ရှိလာပြီး ဖိုးတေကို ကစားရန် လှမ်းခေါ်လေတော့သည်။ သို့သော်လည်း ခံစားချက်များကို ဖွင့်ဟ ပြောဆိုနေသော ဖိုးတေခမျာ ဆော့ကစားရန် အာရုံရှိဟန် မတူ။ ရှားရှားပါးပါး မေးမြန်းသူရှိချိန်မှာ ရင်ဖွင့်ခွင့်ရတုန်း သူ၏ ဘ၀အကြောင်းကိုသာ ဆက်လက်ပြောရန် ဆန္ဒ ရှိနေသည်။ ဖိုးတေ၏ အပြုမူကြောင့် အခြားသော ဘ၀တူ ကလေးများကပါ သွားမကစားတော့ပဲ ဖိုးတေနံဘေးတွင် ၀ိုင်းထိုင်ပြီး သူတို့၏ ဘ၀အချို့ကို ပြောပြလေတော့သည်။

ဖိုးတေ သူငယ်ချင်းများထဲမှ ကလေးငယ် တစ်ဦးက ၄င်းထံတွင် မိဘနှစ်ပါး ရှိသော်လည်း အိမ်မှာ နေရသည်ကို ပျင်းရိ၍ ဖိုးတေရှိရာ ခုံးကျော် တံတားအောက်သို့ လာရောက် ဆော့ကစားရာမှ ဖိုးတေနှင့် ခင်မင်သွားတာ။ နောက်ပိုင်းကျတော့ ဖိုးတေဆီ နေ့တိုင်း လာတယ်။ နေ့လည်ဘက်ဆို သူနဲ့အတူ လိုက်တောင်းပေးတယ်။ ညဘက်ကျရင် ဒီခုံးကျော် တံတားအောက်မှာ ဆော့တဲ့အခါ ဆော့တယ်။ ပြီးတော့ စကိတ်ကွင်းက တန်းတွေပေါ်မှာ အိပ်တယ်”ဟု ဖိုးတေထက် အသက် ၄နှစ်ခန့်ကြီးသည့် မောင်မောင်စိုး အမည်ရှိ ကလေးတစ်ဦးက ဝင်ပြောသည်။

ထိုစဉ် ကလေးငယ်တစ်ဦးမှ ကြောက်ရွံ့သော အမူအရာဖြင့် စကားအချို့ ဆိုလာခဲ့မှပင် သူတို့လို ကလေးများမှာ ညပိုင်းမှာပင် ကောင်းမွန်စွာ အိပ်စက်ရခြင်း မရှိသည်ကို သတိပြု သိရှိခွင့်ရခဲ့သည်။

“ဦးလေးက သားတို့ကို လိုက်ဖမ်းနေတဲ့ ရဲကြီးတွေ မဟုတ်ရင် သားတို့ အကြောင်းကို ပြောပြမယ်။ သူတို့က အမြဲတမ်း သားတို့ကို ဖမ်းဖို့လုပ်နေတာ။ အရင်ကလည်း ခဏခဏ အဖမ်းခံရတယ်။ ည ဘက် သူတို့ လာပြီဆိုရင် ဒီဘက် ခုံးကျော်တံတား အောက်ကနေ ဟိုဘက် ခုံးကျော် တံတားအောက်ကို ပြေးရတယ်။ တစ်ခါတုန်းကလည်း ဖိုးတေ အိပ်နေတာကို လာပြီး ဖမ်းတာ ကျွန်တော်က နိုးနေတာနဲ့ အော်တော့ ကျွန်တော်တို့ အားလုံး အိပ်ချင်မူးတူးနဲ့ ထပြေးရတာ အ၀ိုင်းထိရောက်တယ်”ဟု ဖိုးတေ၏ သူငယ်ချင်း ငထက်က ရဲများ လာရောက် ဖမ်းဆီးချိန် သည်းထိတ်ရင်ဖို ထွက်ပြေးခဲ့ရပုံများနှင့် ပတ်သက်၍ ဖွင့်ဟ ပြောဆိုခဲ့သည်။

ဖိုးတေကဲ့သို့ ကလေးငယ်များသည် လူစည်ကားရာ နေရာများတွင် လက်ဖ၀ါးနှစ်ဖက် ဖြန့်၍ ပါးစပ်မှ တတွတ်တွတ် ရွတ်ကာ တောင်းရမ်းတတ်ကြပြီး တစ်နေကုန် ခြေဗလာဖြင့် လျှောက်သွား နေကြသည်ကို မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သည်။
ဖိုးတေတို့ သူငယ်ချင်း တစ်စု  ဘ၀ဇာတ်ကြောင်းများကို ပြောပြရင်း ဖိုးတေ၏ သူငယ်ချင်း တစ်ဦးမှ မုန့်သွားစားရန် ဖိုးတေအား ခေါ်ချိန်တွင် ဖိုးတေက ဒေါသတကြီးဖြင့် “ငါတို့က ဘာပိုက်ဆံရှိလို့ သွားစားရမှာလဲ။ ငါတောင် ရေသောက်ချင်နေတာ ညနေကတည်းက အခုချိန်ထိ ရေမသောက်ရသေးဘူး”ဟု အော်ဟစ်ကာ ပြောဆိုလေသည်။

ဖိုးတေနှင့် အပေါင်းအပါများသည် နေ့စဉ် ပုံမှန် ထမင်းစားသောက်ရသည် ဟူ၍ မရှိဘဲ ဗိုက်ဆာချိန်တွင် ဆော့ကစား၍ လည်းကောင်း၊ ကြိတ်မှိတ်ကာ အိပ်စက်၍ လည်းကောင်း ယင်းခုံးကျော် တံတားအောက်သို့ လာရောက်သည့် စကိတ်စီးသူများ ၀ိုင်းဖွဲ့ကာ အရက်သေစာ သောက်စားသူများ ထံမှ မုန့်အကြွင်းအကျန်များကို စားသောက်ရင်း ကျန်ရှိသည့် အရက်၊ ဘီယာ ပုလင်းခွံများကို ရောင်းချကာ ၀မ်းရေး ဖြေရှင်းရသည်ဟု ၄င်းတို့က ဆိုသည်။

“မနက်ဘက် လိုက်တောင်းရင် တစ်နေ့ကို ၁၀၀၀ကျော်၊ တစ်ခါတလေ ၂၀၀၀လောက် ရတယ်။ အဲဒီ ရတဲ့ပိုက်ဆံကို သားတို့ မုန့်ဝယ်စားတယ်။ သားသူငယ်ချင်းတွေ ရလာရင် သားကို ကျွေးတယ်။ သားရလာရင် သူတို့ကို ကျွေးတယ်။ လှည်းတန်း ဈေးထဲက ထမင်းဆိုင် တစ်ဆိုင်က သားတို့ကို ထမင်း အမြဲ ခေါ်ကျွေးတယ်။ အခု အဲဒီဆိုင်က ပိတ်သွားပြီ။ သားတို့လည်း သွားစရာနေရာ မရှိတော့ တောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ၀ယ်စားရတယ်”ဟု ဖိုးတေက ပြောသည်။

ထို့နောက် စကားပြောနေရင်း မှအမှန်တကယ်ပင် ဗိုက်ဆာ လာပုံရကာခပ်လှမ်း လှမ်းတွင် ၀ိုင်းဖွဲ့ထိုင်၍ အရက်သောက်ကာ ဂစ်တာ တီးနေသူများထံသို့ တောင်းရမ်းရန် ထသွားလေသည်။ ဂစ်တာ တီးနေသူများနှင့် အရက် သောက်နေသူများက ဖိုးတေနှင့် သူငယ်ချင်း တစ်စုကို စိတ်ရှုပ်စွာ အော်ငေါက်နေချိန်တွင် ထိုအရက်ဝိုင်းတွင် ထိုင်နေသော အမျိုးသမီး တစ်ဦးက အာရုံနောက် သက်သာရန်အတွက် ပေးကမ်းလိုက်သော ဟောင်းနွမ်းနေသည့် ၅၀၀တန်လေးကို ဖိုးတေက လှမ်းယူလိုက်ပြီး လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဗိုက်ဆာနေသော သူ၏ သူငယ်ချင်းများ နှင့်အတူ  မုန့်စားရန်အတွက် ကလေး သဘာဝအတိုင်း ခုန်ပေါက် ပြေးလွှားလျက် လှည်းတန်း မီးပွိုင့်ဘက်သို့ ထွက်သွားလေသည်။
သူတို့ အတွက်တော့ မနက်လင်းသည်နှင့် အခြားသော ကလေးငယ်များကဲ့သို့ မျက်နှာသစ် သွားတိုက်ရန် မလို။ တစ်နေ့တာ ၀မ်းရေးအတွက် အလျင်အမြန် ထကာ တောင်းရမ်းဖို့ကိုသာ ပြေးလွှားကြရပြီ။ သူတို့အတွက်တော့ ထမင်း မစားလို့ ဆူပူမည့် မိဘ မရှိ၊ စာမလုပ်လို့ ရိုက်မည့်သူ မရှိ၊ သွေးလွန် တုတ်ကွေးအတွက် အကာကွယ်ပေးမည့် စောင်၊ ခြင်ထောင် ဘာမှမရှိ၊ မျှော်လင့် ချက်မရှိ၊ ဖိစီးမှု မရှိ၊ ဘာဆိုဘာမှ မရှိ၊ မရှိခြင်းများဖြင့် အသားကျလို့နေသည့် သူတို့ဘ၀မှာ အနာဂတ် မျှော်လင့်ချက် ကလေးတော့ ရှိလောက်မယ်လို့ မျှော်လင့်မိသည်။

ဒီလို မျှော်လင့်မိတာကြောင့်လည်း မုန့်သွားစားကြဖို့ အပြေးအလွှား ဆော့ရင်း ပြေးနေကြတဲ့ သူတို့နောက် ပြေးလိုက်ရင်း “ဟေ့ ဖိုးတေ မင်း ကြီးလာရင် ဘာလုပ်မလဲ” ဟု လှမ်းမေးလိုက်ရာ ပြေးနေရာကနေ ရပ်လိုက်ရင်း ခပ်ပြုံးပြုံး ပြန်ဖြေလိုက်ကတော့... “သားက ကားဘော်ဒီရုံ ပိုင်ရှင်ကြီး ဖြစ်ချင်တာ” တဲ့..။     ။

လျှမ်းလူ

 

Category: 

Share