၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲ အတွက် မဲစာရင်း မှားယွင်းမှုများစွာ ဘယ်သူ့မှာ တာဝန်ရှိနေသလဲ...?

အမှားအယွင်း အများအပြား ရှိခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ကြုံတွေ့ခဲရသည့် မဲဆန္ဒရှင် စာရင်း ထုတ်ပြန် ကြေညာခြင်းကတော့ (ရေဘေးသင့်ဒေသ အချို့မှလွဲ၍) စက်တင်ဘာ ၂၇ရက်တွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သလို မှားယွင်းနေသော အမှားများအတွက် ပြင်ဆင်ခွင့်လည်း ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ မဲဆန္ဒရှင် စာရင်းများတွင် နောက်ဆုံးအကြိမ် ထုတ်ပြန်သည်အထိ အမှားအယွင်းများ ပါဝင်နေသည့်အပေါ် ပါတီဝင်အချို့နှင့် ပြည်သူအချို့တို့၏ အသံများနှင့် ဝေဖန်မှုများကို  Tomorrow သတင်းဂျာနယ် စာဖတ်ပရိသတ် အတွက် ဖော်ပြပေးလိုက်ရပါသည်။

 

ဦးမျိုးညွန့် (ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ်-၆၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း)

အခုလို မဲစာရင်း မှားတာဟာ နိုင်ငံရေးပါတီ တစ်ခု၊ နှစ်ခုကိုပဲ ထိခိုက်တာ မဟုတ်ဘူး။ ဒီမဲစာရင်း မှားတဲ့အတွက် နိုင်ငံတစ်ခုလုံးမှာ ရှိတဲ့ ပြည်သူလူထု အားလုံးကို ထိခိုက်တာပါ။ အားလုံးအပေါ် သက်ရောက်တာပါ။ အခုပြောနေကြတဲ့ မဲစာရင်း မှားတဲ့အတွက် အတိုက်အခံပါတီက နစ်နာသွားမယ်၊ အစိုးရပါတီက ကောင်းသွားမယ် ဆိုတာမျိုးတော့ ကျွန်တော် မမြင်ဘူး။ အားလုံးအတွက် ထိခိုက်တာဖြစ်တဲ့ အတွက် ဒီလို မဲစာရင်း မှားတာဟာ သက်ဆိုင်တဲ့ သူတွေဆီမှာပဲ တာဝန်ရှိတယ်လို့ပဲ ပြောချင်ပါတယ်။
 
ဦးဝင်းမင်း (ကိုကိုးကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

ရွေးကောက်ပွဲ အတွက် မဲစာရင်း မှားတာမှ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ တိုင်းပြည် တည်ဆောက်ရေးပဲ ဖြစ်ဖြစ်၊ ပညာရေးမှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲ ဖြစ်ဖြစ် အခုဖြစ်နေတဲ့ ပုံစံက တစ်မျိုးပြီး တစ်မျိုး စမ်းတယ်။ အဲဒီတော့ မဲစာရင်းလည်း ထိုနည်းလည်းကောင်းပဲ။ အက္ခရာစဉ်လိုက် စီတယ်။ အခုကျတော့ လမ်းနာမည်တွေနဲ့ စီတယ်။ သူတို့က အမျိုးမျိုး စမ်းနေတာ ပြည်သူက ပထမ အက္ခရာစဉ်နဲ့ စီတဲ့အခါမှာ မှားတယ်ဆိုရင် နောက်တစ်ခါမှာလည်း အက္ခရာစဉ်နဲ့ပဲ ထပ်စီရမယ်လေ။ အဲဒါဆို သူတို့လည်း ကြည့်တတ်သွားတာပေါ့။ သူတို့က အမျိုးမျိုး အဖုံဖုံ လုပ်နေတာက အခုဆို နောက်ဆုံးကပ်တဲ့ မဲစာရင်းမှာဆိုရင် တော်တော် ရှာရခက်သွားတယ်။ အဲဒီတော့ ဘယ်လို မြင်လဲဆိုရင်တော့ သက်ဆိုင်ရာ တာဝန်ခံတဲ့၊ တာဝန်ယူတဲ့ အဖွဲ့အစည်းမှာ တာဝန်ရှိတယ်။ ဒီဟာက တမင်သက်သက် ရည်ရွယ်ပြီး လုပ်တာလား သို့တည်းမဟုတ် နည်းပညာကို သေချာ မလေ့လာ မကျွမ်းကျင်ဘဲနဲ့ ကော်မရှင်က ဆောင်ရွက်လိုက်တာလား ဆိုတာတော့ ကာယကံရှင် ဆောင်ရွက်တဲ့ သူတွေပဲ သိမှာပါ။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ တစ်နိုင်ငံလုံးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ အတွက် မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲရေးကို တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ရတဲ့ အဓိက အဖွဲ့အစည်း တစ်ခု။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အတွက် အဓိက တာဝန်အရှိဆုံး အဖွဲ့အစည်းကို ပြပါဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ပဲ။

ဦးသုဝေ (စမ်းချောင်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

ကျွန်တော်တို့လည်း တွေ့တာပေါ့နော်။ မဲစာရင်းတွေက အမှားအယွင်းတွေ ရှိတယ်ဆိုတာ တွေ့တယ်။ အဲဒါတွေက ဘာကြောင့် ဖြစ်သလဲဆိုတာကိုတော့ မသိဘူး။ ကျွန်တော်တို့ နားလည်သလောက် ကတော့ မဲစာရင်း ကောက်တဲ့သူတွေရဲ့ ချို့ယွင်းချက်လည်း ရှိတာပေါ့။ လေးလေးနက်နက် မရှိဘူးလို့လည်း ထင်တယ်။ အဲဒီ ချို့ယွင်းချက် ရှိတာတွေကို သူတို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ သေချာတော့ လုပ်ရမှာပေါ့။ ဒါပေမဲ့ အဲဒီလို မဖြစ်ဘူး။ ကွန်ပျူတာ အမှားတွေလို့လည်း ပြောတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကွန်ပျူတာကပဲ မှားမှား၊ ကောက်တဲ့သူရဲ့ ချို့ယွင်းချက်ကြောင့်ပဲ ဖြစ်ဖြစ် ဘာကို တွေ့လည်းဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လိုအပ်ချက်ကို တွေ့ရတာပေါ့။ အဲဒါတွေကတော့ သိပ်မကောင်းဘူးလို့ ထင်တယ်။

 
ဒေါ်ဝါ၀ါ (သန်လျင်မြို့နယ်)

အန်တီတို့ မိသားစုကတော့ မဲစာရင်းထဲမှာ ပါပါတယ်။ ဒါပေမဲ့ အန်တီ မွေးစာရင်းက မှားနေတယ်။ အဲဒါနဲ့ ရပ်ကွက်လူကြီးကို ပြောတော့ ရပါတယ်တဲ့။ ပြဿနာ မရှိဘူး မဲပေးလို့ ရပါတယ်လို့ ပြောတယ်။ မဲစာရင်းမှာ အမှားတွေကတော့ အများကြီးပါတယ်။ တချို့ဆိုရင် နာမည်အလွဲတွေနဲ့ လမ်းတွေကလည်း မှားနေတယ်။ ရပ်ကွက်ရုံးမှာ နာမည်မပါလို့ ထပ်လျှောက်ရတဲ့ သူတွေလည်း အများကြီးပဲ။ ခုလိုမျိုး အမှားတွေက ဘာလို့ ဖြစ်နေလဲဆိုတာ အန်တီလည်း မသိပါဘူးကွယ်။

ဦးတိုး (ကမာရွတ်မြို့နယ်)

ဦးတို့မိသားစုမှာ ပထမ ထုတ်ပြန်တဲ့ မဲစာရင်းမှာ မပါလာတဲ့ အတွက် ပုံစံ(၃)နဲ့ ပြန်လျှောက်တာ။ အခု နောက်ထုတ်ပြန်တဲ့ မဲစာရင်းမှာ ပါလာတယ်။ ဒါပေမဲ့ သမီးနာမည်တော့ ပါမလာဘူး။ ပြီးတော့ အိမ်နံပါတ်ကလည်း မှားနေတယ်။ ၁၀၆ ဖြစ်ရမှာကို ၀၀၆ ဖြစ်နေတယ်။ အဲဒါကို ပြင်ခိုင်းတော့ စာရေးက ရတယ်။ နာမည်ပါရင် မဲပေးလို့ ရတယ်လို့ ပြောတယ်။ အဲဒီလိုမျိုးတွေ မှားနေတာက ရိုးသားမှုရော ရှိရဲ့လားလို့  သံသယ၀င်မိတယ်။

ကိုမျိုးအောင် (မြောက်ဒဂုံမြို့နယ်)

ဒဂုံမဲစာရင်းမှာ နာမည်က ပါမလာဘူး။ ကျွန်တော် ဒီမြို့နယ်မှာ နေတာ ငယ်ငယ်ကတည်းက အစ်မရယ် ကျွန်တော်ရယ် နှစ်ယောက်လုံး မပါဘူး။ အိမ်ငှားလည်း မဟုတ်ဘူး အိမ်ပိုင်ပါ။ တချို့ သေပြီးသားလူတွေလည်း စာရင်းထဲမှာ ပါနေတယ်။ တချို့ဆို လမ်းနာမည်နဲ့ လူနာမည်နဲ့ မှားတာတွေလည်း ရှိတယ်။ ပုံစံ(၃)နဲ့တော့ ပြန်လျှောက်ထားတယ်။ ခုလိုမျိုး နေရာတကာမှာ မဲစာရင်းတွေ မှားနေတာ ဘာလို့လဲဆိုတာ စဉ်းစားလို့ မရဘူး။

ဒေါ်အေးအေးသန်း (မူလတန်းပြဆရာမ)

မဲစာရင်း မှားယွင်းမှုက တစ်နေရာ၊ တစ်မြို့နယ်တည်းမှာတင် မဟုတ်ပဲ နေရာအနှံ့ မြို့နယ် ဒေသအနှံ့မှာ မှားယွင်းနေတာ တော်တော် ထူးဆန်းပါတယ်။ ကျွန်မတို့ ရပ်ကွက်မဲစာရင်းမှာ ကျွန်မတို့ မိသားစု လေးယောက်က နှစ်ယောက်က အမှန်ဖြစ်ပြီး ကျွန်မက မှတ်ပုံတင် မှားနေတယ်၊ ပြီးတော့ ကျွန်မသားက နာမည် မှားနေတယ်။ အဲဒါက ဒုတိယအကြိမ် ပြင်ဆင်ပြီးမှ မှားတာတွေပါ၊ နောက်ဆုံး သူတို့က ပြောတယ် အဲ့လောက် မှားတာ ထားလိုက်ပါတော့ မဲပေးခွင့်ရမှာပါလို့ ပြောခဲ့တယ်။ ပြီးတော့ ကျွန်မတို့ မဲစာရင်းတွေမှာ အိမ်ထောင်စု စာရင်းထဲ မရှိတဲ့ လူပိုတွေ ပါနေတာလည်း တွေ့ရတယ်။ ဘယ်လိုစနစ်နဲ့ ဘယ်လိုတွေ လုပ်တယ် ကျွန်မတို့ မသိပါဘူး။ ဖြစ်စေချင်တာတော့ တိတိကျကျလေး ဖြစ်စေချင်တာပေါ့။ အခုလို အမှားအယွင်းတွေက မဲပေးခွင့်နဲ့  ထွက်လာမယ့် ရလာဒ်အပေါ်မှာ စိုးရိမ်စရာ ကောင်းတယ်လို့ မြင်မိပါတယ်”
 
ကိုလွင် (စီးပွားရေးလုပ်ငန်းရှင်၊ ရန်ကင်းမြို့နယ်)

အခု ဖြစ်နေတာက ဒုတိယအကြိမ် အမှားပြင်ပြီး ထွက်လာတဲ့ စာရင်းက ပိုပြီးမှားနေတယ်။ ဘာကြောင့် ဒီလောက် အမှား များနေသလဲဆိုတာ မသိတော့ဘူး။ ဘယ်လောက်တောင် မှားသလဲဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀က သေဆုံးသွားပြီ ဖြစ်တဲ့ ကျွန်တော့် သူငယ်ချင်း နာမည်တွေလည်း စာရင်းထဲမှာ ပါလာတယ်။ တစ်ချို့ဆိုရင် မိသားစုလိုက်ကြီး မဲစာရင်းမှာ ပြုတ်ကျကျန်ခဲ့တယ်။ ပြောရရင် ဒီလိုတွေဖြစ်နေတဲ့ အတွက်ကို ဘယ်လောက်ပဲ လွတ်လပ်ပြီး တရားမျှတစေရမယ် ပြောပြော အယုံကြည်က မဲ့မဲ့လာတယ်။ တစ်ချို့ နေရာတွေမှာ မရှိတဲ့ အိမ်ထောင်စု မြောက်များစွာ စာရင်းတွေ ပါနေတာကလည်း စိတ်ပူစရာကောင်းတယ်။

အခုဆိုရင် ယုတ္တိမရှိတဲ့ စာရင်းတွေ ပါပါနေတာက လူမှုကွန်ယက်တွေမှာ မြင်တွေ့နေရတယ်။ ပြည်သူတစ်ဦး အနေနဲ့ကတော့ဗျာ၊ တန်ဖိုးရှိတယ်လို့ သတ်မှတ်ထားတဲ့ မဲကို တန်ဖိုးရှိရှိပဲ ဖြစ်စေချင်ပါတယ်။ ဒီလို မစခင်က မှားနေတာကြီးကို ဘ၀င်ကိုမကျဘူး

လူသစ်၊ Kမိုး

 

Category: 

Share