ချစ်ခြင်း၏ နောက်ကွယ်မှ ကာမ မုဆိုးများ အန္တရာယ် - နော်ရာမောင်

“မသွားချင်ဘူး...မ၀င်ရဲဘူး...”လို့ အတွင်တွင် ငြင်းနေတဲ့ ကောင်မလေးနဲ့ မျက်နှာထား ခပ်တည်တည်နဲ့ ဆွဲလွဲနေတဲ့ ကောင်လေးတို့ အနားက ဖြတ်လျှောက်မိကာစက သူတို့ဘာတွေ ဖြစ်နေကြမှန်း မရိပ်မိခဲ့ပေမယ့် ကိစ္စတစ်ခုအတွက် အငြင်းအခုန် ဖြစ်နေကြတာလို့တော့ သိနေခဲ့ပါတယ်။

ခဏအကြာမှာတော့ ကောင်လေးက လမ်းပေါ်က ခဲတွေကို ကန်ရင်း၊ ကောင်မလေးကိုလည်း လက်ညှိုးတစ်ထိုးထိုးပြောကာ ထွက်သွားပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေး ခြေလှမ်းဆယ်လှမ်းတောင် မဆုံးလိုက်ပါဘူး။ ကောင်မလေးဘက်က စိတ်လျှော့ပြီး လှမ်းခေါ်လိုက်ပုံပါပဲ ကောင်လေးက ပြန်လှည့်လာတယ်။ ခဏအကြာမှာပဲ ကောင်မလေးဟာ သူ့ချစ်သူ ကောင်လေးခေါ်ဆောင်ရာ တည်းခိုခန်းဆီကို လေးလံနှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ လိုက်ဝင်သွားတာကို မြင်တွေ့လိုက်ရပါတယ်။

အဲဒီတော့မှ သူတို့ပြဿနာက ဘာဆိုတာ သေသေချာချာ သိလိုက်သလို မိန်းမငယ်လေးရဲ့ အပျိုစင် ဘ၀လေးဟာလည်း အချိန်ပိုင်းအတွင်းမှာ တန်ဖိုးမဲ့သွားခဲ့ရပြီဆိုတာကို တွေးမိရင်း စိတ်ထဲမှာ ဖော်မပြတတ်အောင် လေးလံထိုင်းမှိုင်းခဲ့ရပါတယ်။

မြန်မာနိုင်ငံက အသက်၂၀အရွယ် ချစ်သူစုံတွဲတွေ တော်တော်များများဟာ အရင်လို ပန်းခြံတွေမှာ ချိန်းတွေ့ကြတဲ့ အနေအထားကနေ တည်းခိုခန်းတွေ၊ မိုတယ်၊ ဟိုတယ်တွေမှာ တွေ့ဆုံကြတဲ့ အခြေအနေဆီကို ပြောင်းလဲလာခဲ့တာ နှစ်တော်တော်ကြာနေပြီ ထင်ပါတယ်။ အဆိုးဆုံးကတော့ တက္ကသိုလ်သွားရာ လမ်းတစ်လျှောက်က ချောင်ကျကျ နေရာတွေမှာ တည်းခိုခန်းတွေ အမြောက်အများ တိုးပွားလာနေတာပဲ ဖြစ်ပါတယ်။

ဥပမာပြောရရင် မြောက်ဒဂုံ ၄၈ရပ်ကွက်လို နေရာမှာ လူနေအိမ်ခြေတွေ များလာပေမယ့် တည်းခိုခန်းတွေ အများအပြား တိုးပွားလာတာဟာ ဒဂုံတက္ကသိုလ် ကျောင်းသား အများစုအတွက် နားခိုရာကြီးတစ်ခုလို ဖြစ်နေပါတော့တယ်။

“သမီး ကိုယ်ဝန်ဖျက်ချထားတာ တစ်လမပြည့်သေးဘူး။ သမီးကို သူက မမြင်ချင်တော့ဘူးဆိုပြီး ပြောတယ်။ သူအဆက်သွယ်မလုပ်ပဲ နေတာလည်း တော်တော်ကြာပြီ။ သမီးဖုန်းတွေဆိုလည်း သူက ဘလော့ထားတာ သိပ်လူမဆန်တဲ့ကောင် သူလိုချင်တာရပြီးတော့ ခွာသွားတဲ့ သဘောပေါ့ မမရာ”လို့ ပြောပြရင်း မျက်ရည်များ တွင်တွင်ကျနေသူကတော့ မကြာသေးခင် အချိန်ကမှ ကိုယ်ဝန် ဖျက်ချလိုက်ရသူဖြစ်ပြီး ကိုယ်ဝန်ပျက်မှ အပုပ်ဆန်လာခြင်းကြောင့် ခရီးတစ်ခု အကြောင်းပြရင်း မိဘမသိအောင် ဆေးရုံတက်လိုက်ရတဲ့ အသက် ၁၈နှစ်အရွယ်ကလေး မမော်မော်ဆိုသူပဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်သူကတော့ သူမထက် အသက်သုံးနှစ်လောက်ကြီးသူဖြစ်ပြီး စတင်ချစ်ကြိုက်ပြီး  သုံးပတ်မြောက်နေ့မှာပဲ လက်ထပ်ခွင့်တောင်းကာ သူမကို မိုတယ်သို့ ခေါ်သွားခဲ့သူ ဖြစ်ပါတယ်တဲ့။

“သူက ဟိတ်ဟန်အပြည့်နဲ့ နေနေပေမယ့် ကိုယ့်ဆီကနေ အသေးသုံးကအစ ပြန်တောင်းတာ။ နောက်ဆုံးသမီးလည်း သူ့ကြောင့် အကြွေးတွေ ပတ်လည်ဝိုင်းကုန်တယ်။ အဲဒါ သူတောင်းတဲ့ငွေ မပေးလို့ဆိုပြီး စအဆက်ဖြတ်ခဲ့ရာကနေ အခုလို အပြီးပြတ်သွားခဲ့ရတာပါပဲ။ သမီး တော်တော်ရှက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို မလိုလားတော့တဲ့သူကို တောင်းပန်ခယပြီး အနားမှာခေါ်ထားဖို့ အစီအစဉ် လုံးဝမရှိဘူး။ အခုတစ်ကြိမ် မှားခဲ့တာကို သေတဲ့အထိ မှတ်ထားမယ်။ သမီးသိလိုက်တာတော့ သူက အခုလည်း ချစ်သူထားသလိုလိုနဲ့ သူနဲ့ကြိုက်တဲ့ မိန်းကလေးတွေနဲ့ လိုက်အိပ်နေတယ်လို့ကြားတယ်။ အဲဒါက ယုတ်မာတာ လိုက်ဖျက်ဆီးနေတာ ဖြစ်နေပြီ။ အဲဒီအတွက် အခုလက်ရှိ သူစတွဲနေတဲ့ ကောင်မလေးကို သတိထားဖို့ ချက်ဘောက်စ်ကနေ သူ့အကြောင်း နည်းနည်းသွားပြောပြလိုက်မိတာ အမလေး ကိုယ့်ကိုတောင်ပြန်ပြီး ပြောဆိုသွားတယ်။ သူကအဲဒီလို ပိုင်တာ”ဟု မော်မော်က ငိုရှိုက်ရင်း ပြောပြသွားခဲ့သည်။

မော်မော်ကဲ့သို့ ဖြစ်ရပ်များမှာ အမျိုးသမီးငယ် တော်တော်များများတွင်လည်း ကြုံတွေ့ခဲ့ကြရကြောင်းနှင့် ယခုလိုဖြစ်ရပ်များမှာ တိုင်တောလို့ မရလောက်အောင် ပိရိသေသပ်သော မုဒိမ်းမှုများလို့ နာမည်တပ်ရမလိုပင် ဖြစ်နေသည်။

“လိမ်လည်လှည့်ဖြားပြီး ကာမကို ရယူတယ်ဆိုရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၁၇အရ တရားရုံးကို ဦးတိုက်လျှောက်ထားလို့ရပါတယ်။ ကိုယ့်အတွက်တော့  ဒီကိစ္စနဲ့ပတ်သက်ပြီး အတူနေကြတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေတွေ ရှာထားဖို့လိုပါတယ်။ ပြစ်မှုထင်ရှားရင် တစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်”ဟု ရှေ့နေတစ်ဦးက ပြောပြခဲ့သည်။

ချစ်သူကို ယုံမှတ်လို့ ပုံအပ်မိသူများတွင် အွန်လိုင်းပေါ်မှ ဖြစ်စဉ်တချို့လည်း ပါဝင်လို့နေသည်။

“သူ့နဲ့ ဖေ့စ်ဘွတ်ခ်မှာစပြီး တွေ့ခဲ့တယ်။ နောက်နှစ်လလောက်ကြာတော့ သူနဲ့တော်တော် ရင်းနှီးရာကနေ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီနောက်မှာ အပြန်အလှန်ပုံတွေပို့တယ်။ ပြောရရင် အစ်မရယ် ချစ်သူချင်းဆိုတော့ နည်းနည်း အဖော်အချွတ်ပုံတွေလည်း ပါတာပေါ့။ ကိုယ်ကအဝေး ရောက်နေတဲ့ ကိုယ့်ချစ်သူကို ယုံလို့ အခုလိုပုံတွေ ရိုက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အစ်မရယ် သူကအဲဒီပုံတွေကိုလေ သူ့အခန်းက သူငယ်ချင်းတွေ အားလုံးကိုပါ ပြပုံရတယ်။ သူ့သူငယ်ချင်းတွေက ညီမအကောင့်ကို အပ်ပြီး အရမ်းကို ညစ်ညစ်ပတ်ပတ်တွေ ပြောတယ်။ အဲဒါ ညီမက စိတ်ဆိုးလို့ အဲဒီလို မလုပ်ဖို့နဲ့ လုပ်ရင်တာဝန်ရှိသူတွေကို တိုင်မယ်လည်းပြောရော သူတို့က ညီမကို အဲဒီလိုလုပ်ရဲရင်လုပ်တဲ့ ညီမရဲ့ပုံတွေကို အွန်လိုင်းပေါ်မှာတင်ပြီး မကောင်းတဲ့မိန်းမအဖြစ် ဈေးပါကပ်တင်ပစ်မယ်လို့ ပြောတယ်။ ညီမလေ စိတ်ဆင်းရဲလွန်းလို့ သတ်သေဖို့အထိတောင် စဉ်းစားဖူးတယ်”ဟု အသက် ၂၀အရွယ် စီးပွားရေး တက္ကသိုလ် ကျောင်းသူလေးက ပြောပြခဲ့သည်။

သူမအတွက် တစ်ကမ္ဘာထင်ကာ ပတ်သက်ခဲ့မိသောသူမှာ ပြည်ပနိုင်ငံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး အွန်လိုင်းပေါ်တွင် Sex Chatအတွက် မိန်းကလေးများအား လိုက်လံရှာဖွေနေသူ တစ်ဦးဖြစ်ကြောင်းလည်း သူမမှ ပြောပြခဲ့သည်။

“အခုလို ခြိမ်းခြောက်မှုတွေ လုပ်လာမယ်ဆိုရင် အီလက်ထရောနစ် ဥပဒေအရ တိုင်ကြားအမှု ဖွင့်ဆောင်ရွက်လို့ရပါတယ်” ဟု အထက်ပါ ရှေ့နေက ဆက်၍ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ဖြစ်ရပ်များမှာ တစ်နေ့တစ်မျိုး မရိုးနိုင်လောက်အောင် များနေသကဲ့သို့ မြီးကောင်ပေါက် မိန်းကလေးများအတွက် ကာမမုဆိုးများစွာကလည်း ပုံစံမျိုးစုံဖြင့် ထောင်ချောက်ဆင် ဖမ်းလို့နေသည်မှာ မြင်မကောင်းအောင်ပင် ဖြစ်လို့နေသည်။

“ပြောရရင်တော့ ဒီလိုဖြစ်ရပ်တွေအတွက် အဓိက ထိန်းသိမ်းရမှာက မိန်းကလေးတွေ တာဝန်ပဲ သူတို့အနေနဲ့ မိန်းကလေး တစ်ယောက်ရဲ့ အပျိုစင်ဘ၀ ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာကိုသိအောင် မိဘတွေရဲ့ သွန်သင်မှုက တော်တော်လေး အရေးကြီးလှပါတယ်”ဟု မြန်မာနိုင်ငံ အမျိုးသမီးရေးရာမှ တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူငယ်များ၏ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် အသိပညာများမှာ အရွယ်နှင့် မလိုက်အောင်ပင် တိုးတက်လွန်းအားကြီးလို့လာသည်။ သို့သော် မည်သို့ပင် ဖွံ့ဖြိုးတိုးတက်သည် ဆိုပါစေ အပျိုစင် တစ်ယောက်၏ ဘ၀ကို အမျိုးသားတိုင်း တန်ဖိုးထားကြသည် ဆိုသည်ကိုဖြင့် အပျိုစင်ဘ၀ကို လေလံတင်ရောင်း၍ ရရှိသော ငွေများစွာကို လှူဒါန်းသော ပြည်ပနိုင်ငံမှ ဖြစ်စဉ်များက သက်သေခံလို့နေပါတယ်။

ယင်းသို့ ငွေကြေးများစွာ တန်ဖိုးဖြတ်လို့ မရလောက်အောင် အဖိုးတန်လွန်းသော အပျိုစင်ဘ၀များမှာ ချစ်ယောင်ဆောင်ထားသော ကာမမုဆိုးများလက်တွင် နေ့စဉ်နဲ့အမျှ သက်ဆင်းလို့နေရသည်မှာ မိဘများအတွက် စိတ်မကောင်းဖြစ်စရာ ကောင်းလွန်းလှသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံမှာတော့ နယူးရီးယားည၊ သင်္ကြန်၊ ချစ်သူများနေ့ အစရှိသောနေ့တွေ နေ့တွေကတော့ ကာမမုဆိုးများအတွက် အကြောင်းပြစရာ ထောင်ချောက်နေ့ရက်များအဖြစ် ပိုမိုအရှိန်မြင့် အသက်ဝင်လာလို့နေပါတယ် ...။

နော်ရာမောင်

 

Category: 

Share