ခရမ်းလွန်ရောင်ခြည် ပြင်းထန်အဆင့်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် UV နဲ့ ကျန်းမာရေး

အိုဇုန်းလွှာ ပါးလွှာခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ခရမ်းလွန်ရောင်ခြည် (UV Radiation) ကျရောက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း တနင်္လာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့ အပြင် မန္တလေးတိုင်း ဒေသကြီး၌ မတ်လ အတွင်း ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၂ အထက်ကို ကျော်လွန်ရောက်ရှိပြီး အပြင်းထန်ဆုံး ခရမ်းလွန် ရောင်ခြည် အဆင့်ကို ခံစားနေရသည်။

အခုကဲ့သို့ ခရမ်းလွန်ရောင်ခြည် အပြင်းထန်ဆုံး အနေထားတွင် သတိပြုသင့်သော အရေပြား ပြဿနာများနှင့် ရောဂါအကြောင်းကို အရေပြား ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးနှင့် တွေ့ဆုံစဉ် ဆရာမှ အောက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ပါသည်။

ခရမ်းလွန်ရောင်ခြည် အမြင့်မားဆုံး အဆင့် သတ်မှတ်ချက်
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် သတ်မှတ်ရာမှာ နေရောင်ခြည် ပြင်းအား၊ UV ကြိမ်နှုန်း ဆိုတာရှိတယ်။ ခရမ်းလွန်  ရောင်ခြည်ထဲပါတဲ့ UV ကြိမ်နှုန်းက တစ်နေ့ တစ်နေ့ မတူဘူး။ နွေရာသီမှာ ပူသလိုမျိုး UVကြိမ်နှုန်းကလည်း ပိုများတယ်။ UV ကြိမ်နှုန်းက ၁၂ အထိရှိတယ်။ ၀ ကနေ ၆ အထိဆို ကြိမ်နှုန်း အပျော့၊ ၆ကနေ၈ဆိုရင် အလယ်၊ ၈ကနေ ၁၀ဆိုရင် အပြင်းရောက်သွားမယ်။ ၁၀ အထက်ဆိုအရမ်း အပြင်းထန်ဆုံးရောက်သွားပြီပဲ။ မြန်မာပြည်မှာက အခုချိန်ထိဆို ၁၀ အထက် ပိုများတယ်။ မြန်မာပြည်က လူတွေရဲ့ အသားအရည် ပုံစံကြောင့် နေလောင်တာတို့ ဘာတို့ ဖြစ်တာနည်းတယ်။ ဒါပေမယ့် ရေရှည် အကျိုးဆက်ဖြစ်တဲ့ အသားအရေ ပျက်စီးတာတို့က ချက်ခြင်း မသိသာပေမယ့် ရေရှည်မှာတော့ သိသာလာမယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ UV ဘယ်လို ကာကွယ်သင့်လဲ
UV ကာကွယ်ဖို့ဆိုရင် မျက်လုံးအတွက်ဆို နေကာ မျက်မှန်တပ်တာ၊ ခေါင်းအတွက်ဆို ဦးထုပ် ဆောင်းတာ၊ ကိုယ်ခန္ဓာ အတွက်ဆို ထီးဆောင်းတာ၊ ပြီးတော့  နေရိပ်တဲ့ဘက်က သွားမယ်၊ အ၀တ်အစားကို လက်ရှည်လို ဟာမျိုးတွေ ၀တ်မယ်၊ အ၀တ်အစား ဆိုလည်း ယက်ထားတာမျိုး၊ အရမ်းကျစ်တဲ့ အ၀တ်အစားမျိုးကို ၀တ်သင့်တယ်။ ချည်ထည်လို အ၀တ်အစားမျိုးကို ၀တ်သင့်တယ်။ အရောင်ဆိုလည်း အပြာရောင်ကို ၀တ်သင့်တယ်။ ခရမ်းလွန် ရောင်ခြည်ရော၊ UVရော ကာကွယ်တဲ့ နေကာ လိမ်းဆေးမျိုးကို လိမ်းသင့်တယ်။ မျက်နှာ အသားအတွက်ဆို ခရင်မ်တွေလိမ်း ပေးသင့်တယ်။ လိမ်းဆေးတွေမှာ နံပါတ်တွေ ရှိတယ်။ မျက်နှာအတွက်ဆို နံပါတ် ၃၀အထက်ကို လိမ်းသင့်တယ်။ ကိုယ်ခန္ဓာ အတွက်ဆိုလည်း လိုးရှင်း နံပါတ် ၃၀ အထက်ကို လိမ်းသင့်တယ်။ နှုတ်ခမ်းနီ အတွက်ဆိုလည်း နံပါတ် ၁၅ လောက်ကို အနည်းဆုံး ထားပြီး လိမ်းပေးသင့်တယ်။ ဆံပင်အတွက် ဆိုရင်လည်း နေကာ လိမ်းဆေးတွေပါတဲ့ ပစ္စည်းမျိုးကိုပဲ ရွေးချယ်ပြီး လိမ်းပေးသင့်တယ်။ အဲဒီပစ္စည်းတွေကို အပြင်မထွက်ခင် ၁၅ မိနစ်လောက် ကြိုပြီး လိမ်းပေးသင့်တယ်။ ခြောက်လအောက် ကလေးတွေက တတ်နိုင်သလောက် နေပူထဲကို မထွက်ရဘူး။ နေပူနဲ့ တိုက်ရိုက် ထိတာကို ရှောင်ရမယ်။ ခြောက်လကျော်တဲ့ ကလေးတွေ အပြင်ကို မဖြစ်မနေ ထွက်ဆို ကလေးလိမ်းတဲ့ လိုးရှင်းကို ထူထူလေး လိမ်းပြီးမှ ထွက်ရပါမယ်။

ဓာတ်ဆားဖြည့်ဖို့လို
နေပူတော့ ဓာတ်ဆား ဆုံးရှုံးတဲ့ အတွက် ၀မ်းပျက်ဝမ်းလျှောရင် သောက်တဲ့ ဓာတ်ဆားကိုလည်း သောက်နိုင်တယ်။ သီးစုံဓာတ်ဆား ရေသောက်လို့လည်း ရတယ်။ ဖျော်ရည်မှာ ဓာတ်ဆားပါတဲ့ ဖျော်ရည်မျိုး ကိုလည်း သောက်လို့ရတယ်။ ရေနွေးကြမ်းမှာ ဆားခတ် ပြီးသောက်လည်း ရပါတယ်။ အဓိက ဆားဓာတ်ဆုံးရှုံးတဲ့ အတွက် ဆားထည့် သောက်ရမှာပါ။
 

ဒီအချိန်တွေသတိထားပါ
အထူးသဖြင့် ၁၁ နာရီက ၁ နာရီအတွင်း နေရောင်မှာ ကြာကြာ နေရင် အလွန် အန္တရာယ်ကြီးတာပဲ။ ဒါကြောင့် နေရောင်နဲ့ တိုက်ရိုက် မထိတွေ့အောင် ရှောင်ရှားတာက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အရေပြားကင်ဆာနဲ့ မျက်စိတိမ် ဖြစ်ပွားနိုင်
နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏ လိုအပ်သည်ထက် များပြားလာပါက အရေပြားဆိုင်ရာ ကင်ဆာရောဂါများနှင့် မျက်စိတိမ်စွဲခြင်း စသည်တို့ ဖြစ်ပွားနိုင်သဖြင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သင့်သည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

Category: 

Share