ဒေါ်အောင်ဆန်းစုကြည် အတွက် ပုဒ်မ ၅၉(စ)အား ဆိုင်းငံ့ရန် သင့်၊မသင့် အပေါ် အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ်များ၏ အသံများ

မကြာမီကာလအတွင်း ဒုသမ္မတ စာရင်းများကို လွှတ်တော်၌ တင်သွင်းရတော့မည် ဖြစ်သည်။ ဒုသမ္မတ စာရင်း တင်သွင်းရန် ကျန်ရှိသေးသော ရက်များအတွင်း ထိုစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး ယခု ကျင်းပနေပြီဖြစ်သော လွှတ်တော်များတွင် ပုဒ်မ၅၉(စ) ဆိုင်းငံ့နိုင်ရေးကို NLDပါတီ လွှတ်တော်ကိုယ်စားလှယ်များက ကြိုးပမ်းသွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အကယ်၍ ထိုအခြေအနေ ဖြစ်ပေါ်လာပါက လွှတ်တော်ထဲရှိ အတိုက်အခံများ အနေဖြင့် လက်ခံနိုင်ခြေ ရှိ၊မရှိ သိရှိစေရန် ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းပါတီများမှ လွှတ်တော်ကိုယ်စားများ၏ အသံများကို ဖော်ပြလိုက်ရပါသည်။

ဦးစိုင်းကျော်သီဟ (ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“ဒါထောက်ခံသင့်ရင်တော့ ထောက်ခံပေးရမှာ ဖြစ်ပါတယ်”

ဒီဟာက မကောင်းတဲ့ အစဉ်အလာတော့ မဟုတ်ပါဘူး။ ဒီလိုမျိုးကိစ္စ ဆောင်ရွက်မှုဟာ နောင်မှာ လုပ်ထုံးလုပ်နည်း တစ်ခုလိုဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို နောက်တက်လာမယ့် အဖွဲ့အစည်းနဲ့ ရှေ့နှစ်ပေါင်းများစွာ လာမယ့် အခြေအနေမှာ အဲဒီလိုမျိုးတွေ လုပ်ဆောင်သွားမယ်ဆိုရင် သိပ်မကောင်းဘူးပေါ့။ သို့သော်လည်းပဲ ဒီအခြေအနေက တခြားအခြေအနေနဲ့ မတူတဲ့ အခြေအနေပါ။ ဒီနိုင်ငံရဲ့ အခြေအနေ တကယ်ကို အပြောင်းအလဲ လုပ်ရမယ့် အခြေအနေလည်း ဖြစ်နေတယ်။ နောက်ပြီး ဖွဲ့စည်းပုံရဲ့ တကယ့်အကြပ်အတည်းလို့ ပြောရတဲ့ အနေအထားလည်း ဖြစ်တယ်ဆိုတော့ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် တကယ်ကောင်းဖို့လိုတဲ့ အချက်အလက်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ဒါထောက်ခံသင့်ရင်တော့ ထောက်ခံပေးရမှာ ဖြစ်ပါတယ်။

ဦးပူကျင်ခန်းလျှမ် (ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)
“ဗမာလူမျိုးထဲမှာဆိုရင် ဒီလို တိုင်းရင်းသားတွေပေါ်မှာ သဘောထားနဲ့ အနေအထားနဲ့ ပြောဆိုသုံးနှုန်းတာ မတွေ့ရသေးတော့ သူ့ကိုထောက်ခံပါတယ်”

ကျွန်တော်တို့ နိုင်ငံရေးပါတီ အနေနဲ့ကတော့ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်လာတဲ့ နိုင်ငံရေးပါတီ အများစုကတော့ သူ့ကိုယုံကြည်မှု အပြည့်အ၀ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်လပ်ရေးရပြီး ဒီနေ့အထိပေါ့။ တိုင်းပြည်မှာ အုပ်ချုပ်တဲ့ အစိုးရတွေ၊ ခေါင်းဆောင်တွေ အများစုက ဗမာလူမျိုးထဲမှာဆိုရင် ဒီလိုတိုင်းရင်းသားတွေပေါ်မှာ သဘောထားနဲ့ အနေအထားနဲ့ ပြောဆိုသုံးနှုန်းတာ မတွေ့ရသေးတော့ သူ့ကိုထောက်ခံပါတယ်။

ဦးနိုင်သီဟ (အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မွန်အမျိုးသားပါတီ)
“အန်အယ်ဒီ ဦးဆောင်ဖို့ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့လိုတယ်”

ကျွန်တော်တို့ တိုင်းရင်းသား ပါတီအနေနဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် ထောက်ခံပါတယ်။ ဒါကို လုံးဝကန့်ကွက်ဖို့လည်း မရှိပါဘူး။ ပြည်သူတွေ ကိုယ်တိုင်က အန်အယ်ဒီကို လုံးဝယုံကြည်ကြတယ်။ အန်အယ်ဒီ ဦးဆောင်ဖို့ ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ လိုတယ်။ ပြည်သူတွေကလည်း ဒါကိုလိုလားကြတယ်။ အဲတော့ ပြည်သူလိုလားတဲ့ အရာကို ကျွန်တော်တို့ကလည်း လက်ခံပါတယ်။

ဦးခွန်သိန်းဖေ (ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၉ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)
“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်တော့ ပိုကောင်းတယ်ပေါ့။ ကျွန်တော်တို့လည်း ကြိုက်ပါတယ်”

ကျွန်တော်တို့ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်တော့ ပိုကောင်းတယ်ပေါ့။ ကျွန်တော်တို့လည်း ကြိုက်ပါတယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ တကယ့်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်က သမ္မတ ဖြစ်တယ်ဆိုတာက ဒါ ပြည်သူတွေ လိုလားတဲ့ဟာပဲလေ။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ဆန္ဒကလည်း ဒီအတိုင်းပါပဲ။

ဦးကျော်သိန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
“အခြေခံ ဥပဒေအရတော့ ဥပဒေကို မပြင်သင့်တဲ့ ဥပဒေဖြစ်မယ်လို့တော့ ကျွန်တော်အနေနဲ့ မယူဆဘူး”

ဒါကိုတော့ တိတိကျကျ မသိပါဘူး။ ဒါပေမယ့် အခြေခံ ဥပဒေအရတော့ ဥပဒေကို မပြင်သင့်တဲ့ ဥပဒေ ဖြစ်မယ်လို့တော့ ကျွန်တော်အနေနဲ့ မယူဆဘူး။ ဒါ ကျွန်တော့်အမြင်ကိုပြောတာပါ။

ဦးသိန်းဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဘယ်လိုဆိုထားသလဲ ဆိုတာကို အသေးစိတ် မလေ့လာရသေးပါဘူး။ ဒါ အမှန်အတိုင်းဝန်ခံတာ”

အန်ကယ့်အနေနဲ့ အဲဒါကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဘယ်လိုဆိုထားသလဲ ဆိုတာကို အသေးစိတ် မလေ့လာရသေးပါဘူး။ ဒါအမှန်အတိုင်း ၀န်ခံတာပေါ့။ အဲဒီတော့ ဒါကလုပ်နိုင်တဲ့ ကိစ္စလား။ မလုပ်နိုင်တဲ့ ကိစ္စလား။ တကယ်တော့ အန်ကယ်က ဥပဒေပညာရှင် မဟုတ်ဘူး။ ဥပဒေက ဒီပလိုမာလောက်ပဲ ရထားတာဆိုတော့ ဒါကိုလေ့လာပြီး တိုင်ပင်ပြီးမှ ဒါကိုအဆုံးအဖြတ်ပေးရမယ်။ သင့်မသင့် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ကိုလူသစ်

 

Category: 

Share