သေမင်းတမန် အစားအစာများနှင့် ပြည်သူ - နော်ရာမောင်

ယခုတလော စားသောက်ကုန် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ အကြောင်းအရာကို ပြပါဆိုရင် ဒီးဒို အချိုရည်ကို လက်ညှိုးထိုး ပြရတော့မှာပါပဲ.။

စားသောက်ကုန်ထဲမှာ မှိုပါတယ်.. မှိုမပါဘူး ဆိုတဲ့ ပြဿနာ နောက်မှာတော့ စားသုံးသူ ပြည်သူတွေ အတွက် စိတ်ရှုပ်ထွေးစရာ၊ ယုံကြည်မှုမဲ့စရာတွေကို တစ်သီကြီး ခံစားရစေပါတယ်၊ မြန်မာနိုင်ငံက စားသုံးသူတွေ ဒီလို ခံစားရတာ အခုမှ မဟုတ်တော့ပါဘူး၊ လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ပျံ့နှံ့လာတဲ့ သတင်း မျိုးစုံကလည်း စားသုံးသူ ပြည်သူတွေ အတွက် အခုစားပြီး ချက်ချင်းပဲ ရောဂါ ရတော့မလိုကို ဒွိဟ ဖြစ်ပြီး စိတ်ဖိစီး စေပါတယ်။

ဒီလိုတွေဖြစ်လို့ စစ်ဆေးတွေ့ ရှိသူတွေ၊ ထုတ်လုပ်သူတွေ အမှားလို့ပဲ တရားသေ ဆိုလိုတာ မဟုတ်ပါဘူး။ အဓိကကတော့ ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ စားသုံးသူတွေဟာ နောက်ဆက်တွဲ ရောဂါ အတွက် စိတ်ဖိစီးမှုတွေ၊ သုံးစွဲပြီး သွားတဲ့ အပေါ်မှာ နောင်တ ရသလို ခံစားရစေတဲ့ စိတ်ခံစားမှုတွေကြောင့် အစားစာတွေ အပေါ်မှာ ယုံကြည်မှုတွေ ကင်းမဲ့လာစေပြီး ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ ကိုယ့်ခန္ဓာ ကိုယ်တွင်းက ရောဂါအပေါ်ကို သံသယတွေ ၀င်လာစေပါတယ်။

အခုကတော့ ဒီးဒိုက ပေါ်ပြူလာ အဖြစ်ဆုံး စားသောက်ကုန် တစ်မျိုးဖြစ်ပြီး အချိုရည် တစ်ပုလင်းမှာ စားသုံးရန် မသင့်သော မှိုသိန်းနဲ့ ချီပါနေတယ်ဆိုတဲ့ တွေ့ရှိချက်က စားသုံးသူတွေကို အလန့်တကြား ဖြစ်စေခဲ့သလို ဒီးဒို (DeeDo) အချိုရည် သောက်သုံးခဲ့သူများ အတွက်လည်း စိုးရိမ် ထိတ်လန့်မှု ကြီးစွာ ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီးဒို အချိုရည်ကို ဓာတ်ခွဲခန်း စစ်ဆေးရာမှာ ထွက်လာတဲ့ ရလာဒ်မှာ စားသုံးဖို့ မသင့်တဲ့ မှိုသိန်း နဲ့ချီပါနေသလို ယင်းမှိုတွေ စားသုံးမိရင် ၀မ်းပျက်၊ ၀မ်းလျှော အပြင် ကျောက်ကပ် ရောဂါတွေ အူမကြီး ကင်ဆာတွေ အထိပါ ဖြစ်နိုင်တယ်လို့လဲ ဆိုထားတာကြောင့် ပိုပြီး စိတ်ပူပင်နေကြ ရပါတယ်။

စားသုံးသူ ပြည်သူတွေ စိတ်ပူ ဆိုလည်း ပူချင်စရာ.. ကင်ဆာ ဆိုတာ အခုချိန်မှာ ပေါ်ပြူလာ အဖြစ်ဆုံးမို့ ကင်ဆာဆိုရင် အလိုလို ကြောက်ရွံ့လာ နေကြတာမို့ အခု မှိုသိန်းနဲ့ချီပါတဲ့ ကိစ္စက အင်မတန် ကြောက်စရာ ကောင်းနေပါတယ်။ ဒီးဒိုကိစ္စက အမှန်တကယ် ဟုတ်တာ မဟုတ်တာထက် ကိုယ်ကိုယ်တိုင်လည်း ဒီးဒိုဝယ်သောက်တာ ရပ်ပစ် လိုက်သလို အိမ်က ကလေးတွေကိုလည်း DeeDo နဲ့ Oishi တွေ မစားဖို့ တစ်ချက်လွှတ် တားမြစ် ခဲ့ပါတယ်။

စားသုံးသူတွေ အတွက် စိတ်ပူပင်စေခဲ့တဲ့ အစားစာတွေမှာ DeeDo နဲ့ Oishi တွေမှ မဟုတ်ပါဘူး၊ အရင်ကလည်း အချိုရည် တစ်မျိုး (နာမည်မဖော်လို) ထုတ်လုပ်တဲ့ နေရာမှာ HIV ဖြစ်နေတဲ့ သူတစ်ယောက် ထိခိုက် ဒဏ်ရာရပြီး ထုတ်ကုန်ထဲ သွေးစက် ကျခဲ့တယ် ဆိုတဲ့ သတင်းတွေကလည်း စားသုံးသူကို အထိတ်တလန့် ဖြစ်စေပြီး အဲ့ဒီအချိုရည် သောက်သုံးမိသူတိုင်း (၆)လ တစ်ခါ သွေးစစ်ရတော့မလို အထိ ကြီးမားခဲ့တာပါပဲ။ ကြက်ဥအတု ကိစ္စရပ်ကြောင့် ကြက်ဥဆို လုံးဝမစားဘူး။ ဘဲဥပဲ စားမယ်ဆိုပြီး ဖြစ်ခဲ့တဲ့ ကိုယ့်အိမ်က အဖွားရဲ့ ဖြစ်ရပ်ကလည်း သိပ်မကြာသေးသလို။ မြန်မာ အကြိုက် ငပိမှာ ဓါတ်မြေသြဇာတွေ ပါတယ်ဆိုတဲ့ ကိစ္စ၊ စားသုံးဆီတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကိစ္စတွေဟာလည်း ပြည်သူတွေကို အတော်လေး စိတ်ဖိစီးစေခဲ့သလို၊  ဒီလို ဖြစ်ရပ်တွေကြား စီးပွားပျက် ခဲ့ရသူတွေလည်း ဒုနဲ့ဒေး ရှိနေကြမှာပါပဲ။

ဒီကိစ္စရပ်တွေ မှန်တယ်၊ မှားတယ်ဆိုတဲ့ နောက်ဆက်တွဲ ရလာဒ်ထက် ပြည်သူတွေဟာ လက်ရှိ အခြေနေနဲ့ သူတို့ စားသုံးပြီးခဲ့တဲ့ အပေါ်သေချာ သုံးသပ်ပြီး ချိန်မှာ ဘာစားစား စိတ်မချရတဲ့ ဒုက္ခနဲ့ ဘယ်အစားသောက်ကိုမှ ယုံကြည်လို့ မရတဲ့ စိတ်ခံစားမှုတွေ ကြီးထွားလို့ လာပါတယ်။ ဒါဟာဘာကို ဖော်ပြနေသလဲ.. တဆိတ်ရှိ အစိုးရကိုပဲ အပြစ်တွေ ပုံမချချင် ပြန်တော့.. ဘယ်သူ့ကို အပြစ် တင်ရမလဲ၊ ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ။ နောက်ဆုံးတော့ အဖြေ မပါတဲ့ ဆောင်းပါးပဲ အဆုံးသတ် သွားပါတယ်..။      ။

နော်ရာမောင်

Category: 

Share