Adoxy ဖြည့်စွက်စာ(ဓာတ်စာ)ကို ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက ရောင်းချခွင့် ပိတ်ပင်ခဲ့

ထိုင်းနိုင်ငံ ဈေးကွက်တွင် ဆီးချိုနှင့် သွေးတိုးရောဂါများ ပျောက်ကင်းစေနိုင်သည်ဟု ကြော်ငြာ ရောင်းချနေသော Adoxy ဖြည့်စွက်စာကို ထိုင်း အစားအစာ နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန(FDA)က ၂၀၀၇ ခုနှစ်တွင် ရောင်းချခွင့် ပိတ်ပင်ခဲ့သည်။

Siam Biotech and Pharmacology Industryမှ ထုတ်လုပ်သော Adoxy ဖြည့်စွက်စာကို အင်တာနက်ပေါ်တွင် ယင်းကဲ့သို့ ကြော်ငြာနေကြောင်း FDAမှ အ ရာရှိများက တွေ့ရှိခဲ့ပြီး ၁၉၇၉ ခုနှစ် အစားအစာ ထိန်းချုပ်မှု အက်ဥပဒေ အရ ရောင်းချခွင့်နှင့် ကြော်ငြာခွင့် နှစ်ခုစလုံးကို ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း FDA အထွေထွေ အတွင်းအရေးမှူး ဆီရီဝပ်သစ် တာရာဒိုက ပြောကြားခဲ့သည်။

ဖြည့်စွက် အစားအစာများကို ကြော်ငြာရာတွင် ရောဂါများကို   ကာကွယ်၊ ပျောက်ကင်း ကာကွယ် နိုင်သည်ဟု ထည့်သွင်း ကြော်ငြာခွင့် တားမြစ်ထားသော ပုဒ်မ ၄၀ နှင့် ပုဒ်မ ၄၁ကို ချိုးဖောက်ခဲ့သည့် အတွက် Siam Biotech and Pharmacology Industryက ဒဏ်ငွေ ဘတ် ၃၅,၀၀၀ (မြန်မာငွေ ကျပ်တစ်သန်းကျော်) ပေးဆောင် ခဲ့ရသည်။

Adoxy ဖြည့်စွက်စာတွင် ဂျုံစေ့၏ ဗီဇိုင်း၊ ပဲပိစပ်၊ ငှက်ပျောသီး၊ မုန်လာဥ၀ါ၊ နှမ်းနက်၊ အရွက်စား မုန်လာ၊ ဟင်းနုနွယ်နှင့် ဗိုလ်စားပဲ စသော ဆေးဖက်ဝင် သီးနှံအနှစ်များ ပါဝင်သောကြောင့် ဆီးချို၊ သွေးတိုးစသော နာတာရှည် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု Siam Biotech and Pharmacology Industryက ကြော်ငြာခဲ့သည်။ သို့သော် Adoxyဖြည့်စွက်စာတွင် ယင်းကဲ့သို့ အာနိသင်များ ရှိကြောင်း ကုမ္ပဏီက ခိုင်မာသည့် သိပ္ပံနည်းကျ အထောက် အထားများ ပြနိုင်ခြင်း မရှိခဲ့ဟု ဆီရီဝပ်က ဆိုသည်။

ထိုင်းအစားအစာ နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနသည် ဖြည့်စွက်စာများ၏ တံဆိပ်ပေါ်တွင် အမှန်တကယ် မကာကွယ်၊ မပျောက်ကင်း စေနိုင်သော ရောဂါများ အမည်ကို ပုံနှိပ်ဖော်ပြရန် ဖြည့်စွက်စာ ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ညွှန်ကြားနိုင်မည့် ၀န်ကြီးဌာနဆိုင်ရာ စည်းမျဉ်း ဥပဒေများ ပြဋ္ဌာန်းရန် စီစဉ်နေပြီး ၁၉၇၉ အစားအစာ ထိန်းချုပ်မှု အက်ဥပဒေကို ပြန်လည် စိစစ်၍ ဥပဒေ ချိုးဖောက်သော လုပ်ငန်းရှင်များ အပေါ် အပြစ်ဒဏ်များ တိုးမြှင့် ချမှတ်ရန် စီစဉ်နေသည်ဟု ဆီရီဝပ်က ပြောကြားခဲ့သည်။

 

Category: 

Share