အိမ်မက်များကိုချနင်း နစ်ပြီးရင်း နစ်လာတဲ့နွံ - ပိုင်လေး

အခုရက်ပိုင်းမှာ သိသိသာသာ လျော့ကျသွားတဲ့ ၀င်ငွေက ကျွန်မကို ပြန်ပြင်လို့ မရနိုင်တဲ့ လမ်းမှားရောက်ဖို့ ဖိအားဖြစ်စေခဲ့တယ်လို့ပြောရင် လူတွေ ၀ိုင်းလှောင်ပြောင်တာ ခံရဖို့ သေချာသလောက်ပါပဲ...။

ဒါပေမယ့်လည်း အလှောင်ခံရတာက ကျွန်မတို့အတွက် အသေးအမွှား ကိစ္စလေးတစ်ခုမို့ ဒီလိုဖြစ်ရတာ အမှန်ပဲလို့ ပြောချင်ပါတယ်။ လမ်းမှားရောက်ဖို့ အလွန်လွယ်ကူနေတဲ့ ကျွန်မတို့လို အနှိပ်ခန်းက မိန်းကလေးတွေအတွက် အနောက်က မိသားစုရဲ့ ဖိအားနဲ့ အလုပ်ဝင်ငွေကသာ ကျွန်မတို့ရဲ့ စာရိတ္တကို ထိန်းကျောင်းနိုင်တဲ့ အဓိကအရာပါလို့ ဆိုလာသူကတော့ အသက် ၂၀ခန့်သာ ရှိနေသေးတဲ့ မိုးဆိုတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ အလုပ်ပါးလာတာနဲ့အတူ နည်းပါးလာတဲ့ ၀င်ငွေအတွက် စိတ်ဖိစီးနေရချိန်မှာ အိမ်ကို ဒီတစ်လစာငွေ ဘယ်လိုပို့ရမလဲဆိုတဲ့ အတွေးက သူမကို ထမင်း ဆက်မစားနိုင်လောက်အောင် ချာချာလည်စေခဲ့သလို နယ်လှမ်းလှမ်းဆက်နေတဲ့ မိခင်ဖြစ်သူရဲ့ ဖုန်းသံကလည်း သူမကို စိတ်ခြောက်ခြား စိတ်ဆင်းရဲစေပါတယ်။

“အမေက ဖုန်းဆက်ပြီး လှမ်းပြောတယ်။ ဒီလက မောင်လေးနဲ့ညီမတွေ ကျောင်းအပ်ရမှာတွေရယ် ကျောင်းဝတ်စုံ အဖြူအစိမ်းတွေလည်း ၀ယ်ပေးရမှာမို့ ငွေနည်းနည်းလောက်ပိုပြီး ပို့ပေးလို့ ရမလားတဲ့။ အဲ့ဒီအသံက သမီးနားထဲကို သံရည်ပူနဲ့ လောင်းထည့်လိုက်သလိုပဲ။ ဒီမှာ ကြုံနေရတဲ့ အခက်အခဲကို သူတို့မှ မသိတာပဲလေလို့ပဲ တွေးပြီး ဟုတ်ကဲ့လို့ပဲ ပြောလိုက်ရတယ်။ တစ်ကယ်တော့ ဒီလ ၀င်ငွေ လုံးဝ မကောင်းဘူး”ဟု မိုးဟုခေါ်သောမိန်းကလေးက ပြောပြခဲ့သည်။

ကရင်ပြည်နယ် ကျေးရွာလေး တစ်ရွာမှာ မွေးဖွားပြီး မွေးချင်းမောင်နှမ လေးယောက်မှာ အကြီးဆုံးဖြစ်တဲ့ သူမအတွက် ရန်ကုန်မြို့ကြီးမှာ အလုပ်သွား လုပ်ချင်တဲ့ ဆန္ဒက ဘယ်လိုမှ တားလို့မရ။ ရွာနီးဝန်းကျင်က  ရွယ်တူသူငယ်ချင်း တော်တော်များများကလည်း ရန်ကုန်မှာ အလုပ်သွားလုပ်တာ တော်တော်အောင်မြင်နေပြီဆိုတာ ပြန်ကြားရတော့ သူမ ရန်ကုန်သွားဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာခဲ့တယ်။

နောက်တော့ ပညာအရည်ချင်း ၁၀တန်းထိ သင်ထားတဲ့သူမ ရန်ကုန်က သူငယ်ချင်းတွေကို ဆက်သွယ်ပြီး ရန်ကုန်ကို သူမတစ်ယောက်တည်း ထွက်လာခဲ့ရာမှ တစ်စထက်တစ်စ နစ်မှန်းမသိ နစ်ခဲ့ရသော သူမဘ၀မှာ စိတ်ဝင်စားဖွယ် အသိပညာယူဖွယ်ရာများလည်း ပြည့်လို့နေသည်။

“အိမ်က စီးပွားရေး အခြေအနေကလည်း မကောင်းဘူး။ သမီးရဲ့အောက်မှာ မောင်လေး တစ်ယောက်နဲ့ ညီမနှစ်ယောက် ကျောင်းစရိတ်ကလည်း ရှိနေတယ်။ သူတို့ကို ကျောင်းထုတ်မယ် ဆိုရင်လည်း မတရားရာကျမယ်။ ဒါနဲ့ပဲ အမေ့ကို အတိုက်အခံလုပ်ပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။ သမီးဖြစ်ချင်တာကတော့ အလှပြင်ဆိုင် လေးတစ်ဆိုင်ဖွင့် ပြီး အေးအေးချမ်းချမ်း နေချင်တာ”ဟု မိုးဆိုသူက ဆက်၍ပြောပြခဲ့သည်။

သူမ ရန်ကုန်ရောက်တော့ ရွာနီးဝန်းကျင်က သူငယ်ချင်းတွေကို စုံစမ်းပြီး အလုပ်လုပ်ဖို့ အလုပ်ရှာခဲ့ရာမှ စတိုးဆိုင် အရောင်းဝန်ထမ်း အလုပ်လုပ်ဖို့ကို ဆုံးဖြတ်ခဲ့ရင်း လုပ်ခဲ့သော်လည်း ရသောလစာ တစ်သိန်းထဲကပင် အဆောင်စရိတ်၊ စားစရိတ်၊ နေ့စဉ် အလုပ်သွား အလုပ်ပြန် လမ်းစရိတ်များကြောင့် အိမ်ကို ငွေပြန်မပို့နိုင်တဲ့အပြင် ကိုယ့်တစ်ယောက်တည်းအတွက်ပင် မလောက်မငှ စားသောက်နေရသော အခြေနေများကြောင့် အခြား အလုပ်တစ်ခုကို ပြောင်းလုပ်ဖို့ ရှာဖွေခဲ့ရကြောင်းလည်း သူမရဲ့ပြောပြချက်အရ သိခဲ့ရပါတယ်။

“နောက်ထပ် အလုပ်တစ်ခုကို ထပ်ရှာတော့ သူငယ်ချင်း တစ်ယောက်က မာဆက်မှာ လုပ်မလားလို့ မေးတယ်။ မာဆက်ဆိုတာ မကောင်းတဲ့ အလုပ်လို့ထင်ပြီး မလုပ်ချင်ဘူး ပြောခဲ့တယ်။ ဒါပေမယ့် သူတို့က မာဆက်ဆိုတာက ကိုယ့်ရဲ့ခန္ဓာကိုယ် မပါဘဲ လာပြီးအနင်းခံ အနှိပ်ခံတဲ့သူတွေကို နင်းပေးနှိပ်ပေးရတဲ့ အလုပ်ဆိုတာကို ရှင်းပြတယ်။ ပြီးတော့ ၀င်ငွေကလည်း အရမ်းကောင်းတယ်။ အလုပ်ကလည်း ည ၉နာရီလောက်ကနေ မနက်အထိ လုပ်ရတဲ့ အလုပ်ဆိုတာကို သေချာ ရှင်းပြတဲ့အပြင် ရွာကိုလည်း အနည်းဆုံးငွေ ၂သိန်းလောက် ပို့နိုင်မယ်။ နေစရိတ်၊ စားစရိတ်လည်း မရှိဘူးလို့ဆိုတော့ သမီးလည်း စိတ်ဝင်စားတာနဲ့ အဲဒီကနေ အလုပ်စ၀င်ဖြစ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။
 
မာဆက်တွင် အလုပ်စလုပ်သော ပထမလမှာပဲပင် အလုပ်ရှင်က တစ်လကို ၄သောင်းကျပ် လစာအဖြစ်ပေးပြီး နေစရိတ်၊ စားစရိတ်အပြင် သွားလာဖို့ ဖယ်ရီပါ စီစဉ်ပေးတဲ့အတွက် အရမ်းကို အဆင်ပြေခဲ့ကြောင်းနဲ့ ဧည့်သည်တွေကလည်း မုန့်ဖိုးပေးတဲ့အတွက် ငွေပိုလျှံရှိခဲ့တယ်လို့ ဆိုပါတယ်။
 
“Section ကြေးကလည်း ၂၀ ရာခိုင်နှုန်းနဲ့ ရတာဆိုတော့ တစ်လကို အမေဆီ ၃သိန်းခွဲ၊ ၄သိန်းလောက်ထိကို ပို့နိုင်လာပါတယ်။ ရွာက အမေတို့ကလည်း သမီးပို့တဲ့ငွေနဲ့ ချောင်ချောင်လည်လည် သုံးနိုင်ပြီး မောင်တွေ၊ ညီမတွေကိုလည်း ကျောင်းဆက် ထားနိုင်တဲ့ အခြေနေဖြစ်ခဲ့ပါတယ်”ဟု သူမက ယခင် အဆင်ပြေခဲ့စဉ်က အခြေနေများကို ပြန်ပြောင်းပြောခဲ့သည်။
အမှန်တကယ်မှာတော့ သူတို့အလုပ်အတွက် အဆင်ပြေဖို့ အခြေနေများစွာကို ရင်ဆိုင်နေရသည်။ ဧည့်သည်တွေကို အဆင်ပြေအောင် ဆက်ဆံပေးရသလို ဂျာကြီးနဲ့ မတည့်ရင်လည်း ဧည့်သည် လာတဲ့အခါ တစ်ခြားတစ်ယောက်ကို ခေါ်ပေးလိုက်တဲ့အတွက် ကိုယ် နစ်နာရသည်များရှိ၍ မန်နေဂျာ(ခ)ဂျာကြီးကိုလည်း အဆင်ပြေအောင် ပေါင်းထားရသည်။

“ဧည့်သည်လာတဲ့အခါ Setion ကြေးအနေနဲ့က တစ်နာရီကို ကျပ် ၁၁၀၀၀ ယူတယ်။ အဲဒီပေါ်မှာ သမီးတို့က ၂၀ ရာခိုင်နှုန်းရတယ်။ တစ်လအတွင်းမှာ Section အများဆုံးရတဲ့ သူဆိုရင် ဘောက်ဆူးအနေနဲ့ အလုပ်ရှင်က ထပ်ပေးပါတယ်။ တကယ်လို့ ဧည့်သည်က မကျေနပ်လို့ ဂျာကြီးကို သွားတိုင်ရင်တော့ သမီးတို့ အနေနဲ့ အဆူခံရတဲ့အပြင် ငွေအဖြတ်ခံရတာတွေလည်း ရှိတယ်။ တကယ်တော့ ရှင်းရှင်းပြောရရင် ၀င်ငွေအရ အဆင်ပြေပေမယ့် ကိုယ်နဲ့မသိတဲ့ အမျိုးသား တစ်ယောက်ကို ယုယုယယနဲ့ နင်းနှိပ်ပေးနေတဲ့ အလုပ်ကြီးကို မလုပ်ချင်ကြဘူး။ ဒါကြောင့် သမီးတို့ ဒီအလုပ်အပေါ်မှာ သာယာနေတယ် ဆိုတာတော့ မရှိပါဘူး”လို့ သူမက သူ့အလုပ်အကြောင်း ပြောပြပါတယ်။

အခုတစ်လောမှာတော့ သူမတို့အတွက် အဆိုးရွားဆုံးလို့     ဆိုရမယ့် နေ့ရက်တွေလို့ ဆိုရမလို အလုပ် လုပ်ချိန် လုံးဝမရှိတော့တဲ့ အခြေနေတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“မာဆက်တွေကို ည ၁၁ နာရီ ပိတ်ရမယ်ဆိုတဲ့ ကြေညာ ချက်ထွက်ပြီး ကတည်းက သမီးတို့ တော်တော်ကို အလုပ်ပါးသွားတာ။ဘာဖြစ်လို့လည်းဆိုတော့ မာဆက်ကိုလာတဲ့ ဧည့်သည်တွေက များသောအားဖြင့် ည ၁၀နာရီလောက်မှ ရောက်တဲ့သူတွေများ ပါတယ်။ အရင်တုန်းက ည ၁၀နာရီကနေ မနက်အထိ အလုပ်လုပ်ရတယ်ဆိုတော့ တစ်နေ့ကို ၅နာရီ၊ ၆နာရီလောက် အလုပ်ချိန်ရှိတယ်။ အခုတော့ ည ၁၁နာရီဆိုတော့ ၁ နာရီပဲ အလုပ်ချိန် ရှိတော့တယ်။ အဲဒီ တစ်နာရီ အလုပ်ချိန်နဲ့ ရတဲ့ဝင်ငွေက အိမ်ကို မပို့နိုင်တဲ့အပြင် သမီးရဲ့ အသုံးစရိတ်ကိုတောင် မလောက်ငှတော့ပါဘူး”လို့ သူမက ဆက်ပြောပြခဲ့ပါတယ်။

သူမ အလုပ်မှာ အဆင်ပြေမှုတွေ ကြုံနေပေမယ့် ၀င်ငွေကောင်းတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ထင်ထားတဲ့ သူမအိမ်ကတော့ ကျောင်းဖွင့်ရာသီအတွက် ယခင်ကထက်ပင် ငွေပိုပေးရန်  တောင်းဆိုလို့နေသည်။

“သမီး နောက်ဆုံး တွေးမိတာကတော့ နယ်က မောင်နှမတွေကို ကျောင်းထုတ်ပြီး လယ်ထဲမှာပဲ ကောက်စိုက်၊ ပျိုးနှုတ်တဲ့ အလုပ်တွေကို ပြန်ခိုင်းရမလား၊ ဒါမှမဟုတ် ဒီထက်ပိုပြီးငွေရတဲ့ နည်းလမ်းနဲ့ ပိုက်ဆံရှာရမလားဆိုပြီး တွေးခဲ့တယ်။ နောက်ဆုံးတော့ သမီး ဆုံးဖြတ်လိုက်တယ်။ အဓိကက ငွေရဖို့ပဲ မဟုတ်လား...ဒီ အလုပ်လုပ်ကတည်းက သူများ အထင်သေးခံခဲ့ရတာပဲ။ ထူးပြီး ကောင်းလာတော့မှာမှ မဟုတ်တာ” လို့ပြောရင်း သူမဘ၀ ဇာတ်ကြောင်းတွေကို အဆုံးသတ်လိုက်တဲ့ မိုးဆိုတဲ့ မိန်းကလေး။

သူမဖြစ်ချင်တဲ့ အလှပြင် ဆိုင်ဖွင့်ဖို့ အိမ်မက်တွေကို ချောင်ထိုး ပစ်လိုက်တယ်ထင် ပါရဲ့..။   ။

ပိုင်လေး

Category: 

Share