“ထိုင်းအစိုးရ လုပ်ကွက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သိနေတဲ့ပုံပဲ မကြာခင်မှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ကွန်ရက်ဥက္ကဋ္ဌ ဦးစိန်ဌေးနှင့် တွေ့ဆုံခြင်း

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပြောကြားမှုများသည် ထိုင်းနိုင်ငံရောက် မြန်မာများအတွက် အင်အား တစ်ရပ်ဖြစ်စေခဲ့သည်။ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် တစ်ဦးမှ ထိုင်းနိုင်ငံရောက် မြန်မာများအပေါ် အလေးထားသည့် လုပ်ဆောင်ချက်များကြောင့်လည်း ၄င်းတို့ဆုံးရှုံးနေရသော အလုပ်သမား အခွင့်အရေးများ အတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး ယင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အခွင့်အရေးနှင့် ပတ်သက်၍ မည်သို့ ရိုက်ခတ်မှု ရှိမည်လည်းဆိုသည်ကို လေ့လာသုံးသပ်နိုင်ရန် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးနှင့် ဆက်သွယ်မေးမြန်းခဲ့သည်။

Tomorrow - ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ အားလုံးဘာကြောင့် ၀င်ရောက်ခွင့် မရှိတာလဲ။

ဖြေ - အခုကိစ္စက ထိုင်းအာဏာပိုင်တွေက စီစဉ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ အများကြီးပါပဲ။ ပထမတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ့်ခန်းမထဲကို ၀င်ဖို့အတွက် ၀င်တဲ့အ၀မှာ စောင့်နေကြတယ်။ ဒါပေမဲ့ ဒေါ်စု ရောက်လာတော့ အလုပ်သမားတွေကို ၀င်ခွင့်မပေးဘဲ ထိုင်းနိုင်ငံက စီစဉ်ထားတဲ့ မြန်မာအလုပ်သမား ၅၀၀ ခန့်လောက်ပဲ ၀င်ခွင့်ရခဲ့တယ်။ အပြင်က အလုပ်သမားတွေကိုတော့ ရဲကားတွေ စစ်ကားတွေနဲ့ ပိတ်ထားတော့ မ၀င်ရဘူး။ အဲဒီ အစီအစဉ်တွေ အားလုံးကို ထိုင်းဘက်က ကြိုတင်စီစဉ်ထားတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

Tomorrow - ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားတွေ တွေ့ဆုံတဲ့အခါမှာ အလုပ်သမားတွေ ဘက်က မိုက်ခရိုဖုန်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အောက်ဆင်းပြီး နားထောင်ရတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ကျွန်တော့်အမြင်ကို ပြောရရင် အရမ်းကို ရုပ်ဆိုးအကျည်းတန်တဲ့ လွဲချော်မှုတွေလို့ ပြောရမှာပဲ။ ဒါတွေက မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ ဒီပွဲလုပ်မယ်ဆိုတာကို ထိုင်းဘက်က တာဝန်ရှိတဲ့သူတွေ အားလုံး သိနေပြီးသားပါ။ ဒီပွဲမှာ အလုပ်သမားတွေက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး  သူတို့ ကြုံတွေ့ခံစားနေရတာတွေကို တင်ပြမယ်ဆိုတာလည်း သိနေပြီးသားပဲ။ ဒါကို မိုက်ခရိုဖုန်း မရှိဘူး ဆိုတာ တမင်လုပ်တာလား မသိဘူး။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သိနေပြီးသား ထင်တယ်။ အလုပ်သမားတွေ ပြောတာကို မိုက်ခရို ဖုန်းမရှိလို့ မကြားရတဲ့အတွက် သူကိုယ်တိုင်ပဲ စင်အောက်ကိုဆင်းပြီး အလုပ်သမားတွေနဲ့တန်းတူ မေးသမျှကို ပြန်ဖြေသွားတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ ကျေနပ်သွားတယ်လို့ ပြောရမှာပဲ။

Tomorrow - ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားတွေ တွေ့ဆုံပြီး ၂ ရက်အကြာမှာ ထိုင်းနိုင်ငံရဲ့ စမွတ်စခွန်ခရိုင်ဝန်အပါ တခြားပြည်နယ်က ၀န်ထမ်း ၂၂ ဦး ခေတ္တရာထူး ဖယ်ရှားခံရတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်။

ဖြေ - ဟုတ်ပါတယ်။ ရာထူးဖယ်ရှားခံရတဲ့ ၂၂ ဦးထဲမှာ မဟာချိုင်က ခရိုင်မှူးလည်းပါတယ်။ ကျွန်တော့်အထင်ကတော့ မိုက်ခရိုဖုန်းကိစ္စကြောင့်ပဲလားတော့ မသိဘူး။ ပြီးတော့ ရာထူးက ဖယ်ရှား ခံရတဲ့ စာရင်းထဲမှာလည်း အရင်တလောက ဘန်ကောက်ရေချိုးခန်းကို ၀င်ဖမ်းတဲ့ နယ်မြေက တာဝန်ရှိသူတွေလည်း ပါတယ်။ အခု အဲဒီအဖွဲ့တွေကို ထိုင်းနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး တစ်လအတွင်း စစ်ဆေးမှုအပြီး လုပ်မှာပါ။ အဲဒီမှာ တာဝန်လစ်ဟင်းမှုတွေ၊ အဂတိလိုက်စားမှုတွေ စတဲ့ပြစ်ချက်တွေ ထင်ရှားမယ်ဆိုရင်တော့ အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ အခုလည်း သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်နေပါတယ်။

Tomorrow - ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေတွေ့ဖို့ ပထမစီစဉ်ထားတဲ့ ထလေထိုင်းခန်းမထဲမှာ အလုပ်သမားတွေ ဦးရာလူစနစ်နဲ့ ၀င်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းပြီး ဒေသအာဏာပိုင်တွေရဲ့ စီမံချက်အရ စက်ရုံတွေက အလုပ်သမားတွေကို ကားနဲ့ ခေါ်ဆောင်ပြီး ပေးဝင်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ - အဲဒါက ထိုင်းအာဏာပိုင်တွေ လုပ်တဲ့ကိစ္စပါ။ သူတို့က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ နိုင်ငံက အလုပ်ရှင်တွေနဲ့ ပဋိပက္ခတွေကို သိမှာစိုးလို့ ဖုံးကွယ်ချင်တာလား။ လုံခြုံရေးကြောင့်လားဆိုတာတော့ ပြောရခက်ပါတယ်။ သူတို့ခေါ်ယူမယ့် အလုပ်သမားတွေကို သူတို့ဘာသာ ရွေးချယ်ဝင်ခွင့်ပြုတာတော့ ဟုတ်ပါတယ်။ အလုပ်သမား အားလုံးတော့ မ၀င်ရဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ခန်းမထဲက ပြန်ထွက်လာတဲ့ အခါမှာတော့ ကားပေါ်မတက်ခင် အပြင်မှာ ရှိနေတဲ့ အလုပ်သမားတွေနဲ့ စက္ကန့် ၂၀ လောက် နှုတ်ဆက်ခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ ထိုင်းအစိုးရရဲ့ လုပ်ကွက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သိနေတဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် အလုပ်သမားတွေ အားလုံးကတော့ ဒေါ်စု နှုတ်ဆက်တာကို ကျေနပ်သွားကြတယ်လို့ ယူဆပါတယ်။

Tomorrow - ဒေါ်အောင်ဆန်းစုကြည် မြန်မာရွှေ့ပြောင်း အလုပ်သမားစစ်စစ်တွေကို မတွေ့ရဘဲ ထိုင်းဘက်က ရွေးချယ်ထားတဲ့ အလုပ်သမားတွေကိုပဲ တွေ့ခဲ့ရတယ်လို့ သတင်းထွက်ပေါ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ - ဒါက ထိုင်းဘက်က လုပ်ဆောင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း အားလုံးကို သိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့မှာ တချို့အလုပ်သမားတွေက အလုပ်မဆင်းဘဲ ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုကြတယ်။ တချို့အလုပ်သမားတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားတွေ တွေ့မယ်ဆိုတာ သိနေကြလို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက မနက်အစောကြီး ကတည်းက နေပူထဲမှာ စောင့်နေကြတယ်။ မိုးကတအားရွာချလိုက်တယ်။ ဒါပေမဲ့ စောင့်တဲ့သူတွေကတော့ မိုးရွာရွာ၊ နေပူပူ ဆက်စောင့်ကြတာပဲ။ သူတို့သိတာက ဒေါ်အောင်ဆန်းစုကြည်လာရင် အလုပ်သမားတွေနဲ့ တွေ့ဆုံမယ်။ အလုပ်သမားတွေ အနေနဲ့ အားလုံးဝင်လို့ရမယ်လို့ပဲ ထင်နေကြတာ။ တကယ်လည်း ဒေါ်အောင်ဆန်းစုကြည် ရောက်လာရော တွေ့ခွင့်မရဘဲ ထိုင်းဘက်က ရွေးချယ်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ခန့်လောက်ပဲ တွေ့ခွင့်ရခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေဘက်က ထိုင်းအစိုးရကို သိပ်ကျေနပ်ပုံတော့ မပေါ်ဘူး။ ဒါပေမဲ့ အေးအေးဆေးဆေးပဲ ပြန်သွားကြတယ်။

Tomorrow - ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက တောင်းဆိုချက် ၁၂ ချက် တောင်းဆိုခဲ့တယ်လို့ သိရတယ်။ ဘာတွေတောင်းဆိုခဲ့ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကရော ဒီတောင်းဆိုချက် အပေါ်မှာ ဘယ်လိုကတိတွေ ပေးခဲ့ပါသလဲ။

ဖြေ - မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက အချက် ၁၂ ချက် တောင်းဆိုတယ်ဆိုတာတော့ မဟုတ်ပါဘူး။ အရင်ရှိပြီးသားဖြစ်တဲ့ အချက်တွေ၊ အဲဒါတွေက လုပ်အားခတစ်နေ့ ဘတ် ၃၀၀ ပေးရန်၊ ကျန်းမာရေးအတွက် ဆေးရုံတွင် ခံစားခွင့်ပေးရန်၊ အလုပ်သမားများရဲ့ ကလေးများအား နိုင်ငံကူး စာအုပ်ရရှိရန်၊  နိုင်ငံကူးစာအုပ် အချိန်ကြန့်ကြာခြင်းကို ဖြေရှင်းပေးရန်၊ အာမခံကြေး လုပ်ပေးရန်၊ လှေအလုပ်သမားများအား အများနည်းတူ ခံစားခွင့်ပေးရန်၊ ထိုင်းရဲများ၏ ငွေတောင်းခံ အနိုင်ကျင့်မှု ပြဿနာများ ဖြေရှင်းပေးရန်၊ အလုပ်ရှင်များ ဥပဒေနှင့် မကင်းသော အလုပ်ခိုင်းစေမှုကို အရေးယူပေးရန် အလုပ်စည်းကမ်းနှင့် မကိုက်ညီသော ခိုင်းစေမှု ပြဿနာများ ဖြေရှင်းပေးရန်၊ ပညာရေးအတွက် နှစ်နိုင်ငံ ဆက်သွယ်သင်ကြားနိုင်ရန်၊ အသက်အရွယ်ကြီးသော အလုပ်သမားများအား အထူးခံစားခွင့် ရရှိရန် စတဲ့အချက်တွေက အရင်ကတည်းက ရှိပြီးသားပါ။ ဒါတွေကို သူတို့က အကောင်အထည် ဖော်ပေးဖို့အတွက် တောင်းဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေကို သူ့အနေနဲ့ အကောင်းဆုံး ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Tomorrow - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ထန်ဟင်းဒုက္ခသည် စခန်းကို သွားဖို့ အစီအစဉ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ မသွားဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်။

ဖြေ - ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ပထမတော့ ထန်ဟင်းဒုက္ခသည် စခန်းကိုသွားဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရက အကြောင်းပြတာကတော့ ရာသီဥတု မကောင်းလို့ ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါလို့ ပြောတယ်။ အဲဒီနေ့ကလည်း မိုးကလည်း တအားရွာနေတော့ ကျွန်တော့်အနေနဲ့ ဒီခရီးစဉ် မသွားတဲ့အပေါ်မှာ တခြားထင်မြင်ချက် ပေးရတာ ခက်ခဲပါတယ်။

Tomorrow - နောက်ဆုံး မေးခွန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာရောက်ပြီး အလုပ်သမားတွေနဲ့ တွေ့ဆုံတဲ့အခါ အလုပ်သမားတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်ပေါ် လာနိုင်ပါသလဲ။

ဖြေ - အလုပ်သမားတွေအတွက် အများကြီး အကျိုးကျေးဇူးဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နိုင်ငံတကာအဆင့်နဲ့ ယှဉ်ပြီး ပြောရရင် သြဇာအရှိန်အ၀ါကြီးတဲ့သူ တစ်ယောက်ဖြစ်တဲ့အပြင် အခုအခါမှာလည်း မြန်မာနိုင်ငံရဲ့ အာဏာလုပ်ပိုင်ခွင့်မှာ ရရှိထားပြီး သူလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား အရေးကို အခုလိုလာပြီး တွေ့ဆုံခဲ့တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာ အလေးထားတယ်ဆိုတာကို ပေါ်လွင်စေတဲ့ အပြင် သူ့ရဲ့လုပ်ပိုင်ခွင့်တွေလည်း ရှိသင့်သလောက်ရှိနေတော့ မကြာခင်မှာ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့သည်။

ဆက်သွယ်မေးမြန်းသူ - ပိုင်လေး

Category: 

Share