“အစိုးရရဲ့ရက် ၁၀၀ စီမံချက်အတွင်းမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးထက် ဘင်္ဂါလီမှတ်ပုံတင် ရရှိရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့လည်း မြင်ပါတယ်” - ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အင်တာဗျူး

အမေရိကန်သံအမတ်နှင့် ရခိုင်အမျိုးသားပါတီတို့သည် ဇူလိုင် ၆ ရက်က တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပါတီဘက်မှ မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး အမေရိကန် သံအမတ်နှင့် မည်သည့်ကတိများ ပေးအပ်ခဲ့သလဲဆိုသည်များကို သိရှိစေရန် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။

Tomorrow - အမေရိကန် သံအမတ်ကြီးနဲ့ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးတွေ ဆွေးနွေးခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လိုအကြောင်းအရာတွေကို အဓိက ဆွေးနွေးခဲ့ပါသလဲ။

ဖြေ - အမေရိကန် သံအမတ်ကြီးနဲ့ ကျွန်တော်နဲ့ တွေ့ဆုံခဲ့တာက နေ့လယ်ပိုင်းမှာပါ။ ပါတီအနေနဲ့ တွေ့ဆုံခဲ့တာတော့ ညနေပိုင်းမှာ တွေ့ဆုံခဲ့တာပါ။ ကျွန်တော်နဲ့ တွေ့ဆုံတဲ့အချိန်တုန်းကတော့ သူတို့ ရခိုင်ပြည်နယ်ကို လာရတဲ့အကြောင်းမှာ ရခိုင်ပြည်နယ်ကနေ သူတို့လိုချင်တဲ့ အချက်အလက်တွေ လိုချင်တာကြောင့် လာရခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့အစိုးရက နယ်မြေတည်ငြိမ်အေးချမ်းမှ ကူညီချင်တဲ့သဘောတွေပါ ပြောတယ်။ ဒီတော့ ကျွန်တော်က ကဏ္ဍတစ်ခုချင်းအလိုက် အစိုးရရဲ့ လုပ်ငန်းကဏ္ဍတစ်ခုချင်းမှာ  ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာကို ပြောပြတဲ့အပြင် နယ်မြေ အေးချမ်းဖို့အတွက် ဘာတွေအခက်အခဲရှိတယ် ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို  နိုင်ငံတကာ မိသားစုတွေက အစွန်းရောက်တယ်လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ သမိုင်းနဲ့ယှဉ်ရင် ကျွန်တော်တို့က နယ်မြေမပျောက်ဖို့ရယ် လူမျိုးဘာသာ မပျောက်ဖို့ကို နိုင်သလောက် ကာကွယ်စောင့်ရှောက် နေကြရတာပါ။ ခင်ဗျားတို့က နယ်မြေဖွံ့ဖြိုးဖို့အတွက် အကူအညီပေးရင်ပြီးပြီလို့ ထင်ကောင်းထင်မယ်။ ကျွန်တော်တို့က နယ်မြေ ဖွံ့ဖြိုးမှုထက် တည်ငြိမ်လုံခြုံမှုကို လိုချင်ပါတယ်။ ကျွန်တော်တို့ နယ်မြေက သမိုင်းနဲ့ချီပြီး ခုချိန်ထိ မလုံခြုံသေးပါဘူး။ ရခိုင်ပြည်နယ်ကို နိုင်ငံတကာက နယ်မြေဖွံ့ဖြိုးရေးနဲ့ ဒေသခံတွေရဲ့ အသက် အိုးအိမ်လုံခြုံဖို့အတွက် နှစ်ခုထဲက တစ်ခုရွေးဆိုရင်တောင် ကျွန်တော်တို့က အသက်အိုးအိမ် လုံခြုံမှုကို ရွေးမှာပါလို့ ရှင်းပြတယ်။ ပြီးတော့ ၂၀၁၂ ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကိုလည်း နမူနာယူသင့်တယ်။ ရခိုင်မှာ ပဋိပက္ခဖြစ်တိုင်းမှာလည်း ရခိုင်လူမျိုးဘက်ကစပြီး ပြဿနာရှာခဲ့တာ မရှိပါဘူး။ အနီးစပ်ဆုံး ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာဆိုရင်လည်း ရခိုင်ကစတာ မဟုတ်ဘူး။ မေ ၁၈ ရက်မှာ မြန်မာ မိန်းကလေးတစ်ဦးကို Rape လုပ်တာကနေစတယ်။ ဇွန် ၃ ရက်မှာ တောင်ကုတ်မှာရှိတဲ့ မွတ်စလင် ၁၀ ဦးကို ရခိုင်လူမျိုးတွေက သတ်ဖြတ်ခဲ့တယ်။ အဲဒီကနေ ပဋိပက္ခစပြီး ဖြစ်ပွားခဲ့တာပဲ။ မောင်တော ဘက်မှာဆိုရင် ကုလားတွေ အုပ်စုလိုက် ရခိုင်အိမ်တွေကို ဖျက်တယ်။ ရခိုင်လူမျိုးတွေလည်း အများကြီး သေခဲ့ရတယ်။ ဒီပြဿနာက နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်ဖြစ်ခဲ့တဲ့ အကြီးမားဆုံး ပဋိပက္ခပါ။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ ဒါတွေကို ပြန်ကြည့်သင့်တယ်။ အခု NLD အစိုးရက ရက် ၁၀၀ စီမံချက်အနေနဲ့လည်း ရခိုင်ပြည်နယ်က မွတ်စလင်လူမျိုးတွေကို ၁၉၈၂ နိုင်ငံသားဥပဒေ ထုတ်ပေးရေးကို လုပ်နေပါတယ်။ အခုလို လုပ်နေတဲ့အတွက် ပြည်နယ်ပျောက်မှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံသား မပေးသင့်တဲ့သူတွေကို ပေးမှာ စိုးရိမ်ရသလို တစ်မျိုးသားလုံး လုံခြုံရေးကို လိုလားပါတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

Tomorrow - အန်ကယ်နဲ့ အမေရိကန် သံအမတ်ကြီးတို့ ဆွေးနွေးတဲ့ နေရာမှာ အန်ကယ်ရဲ့ ဆွေးနွေးမှု အပေါ်ကို ဘယ်လိုတုံ့ပြန်မှုများနဲ့ သူကပြန်လည်ဆွေးနွေးခဲ့ပါသလဲ။

ဖြေ - ကျွန်တော့်ဆွေးနွေးမှုအပေါ်မှာတော့ သိပ်ပြီးမှတ်ချက် မပေးခဲ့ပါဘူး။ ကျွန်တော်ပြောသမျှကို သူကမှတ်ချက်အဖြစ် မှတ်ထားပြီး အချက်အလက် စုဆောင်းနေတဲ့ သဘောပါ။ အားလုံးကိုမှတ်ပြီး အသေးစိတ်ကို ပြန်ပြီး သူတို့ဆီမှာ ရှင်းပြပေးမယ်လို့တော့ ပြောသွားပါတယ်။

Tomorrow - လက်ရှိ အန်ကယ်တို့ ရခိုင်ပြည်နယ်မှာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တော့မယ်လို့ ကြားတယ်။ အဖွဲ့လည်း ဖွဲ့ထားပြီးပြီ။ အဲဒီအဖွဲ့မှာ အရင်က မြို့နယ်တစ်ခုကို ရပ်မိရပ်ဖဒေသခံနှစ်ဦး ပါဝင်ဖွဲ့စည်းခဲ့ပြီးမှ ဘာကြောင့်ပြန်ဖျက်ခဲ့တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ - ဒါကတော့ နိုင်ငံသား အနေနဲ့ လက်ရှိအစိုးရ လက်ထက်မှာ ပေးကိုပေးမယ်ဆိုတဲ့ သဘောဆောင်နေပါတယ်။ ဒါကြောင့် ဒေသက ရပ်မိရပ်ဖနှစ်ဦးကို ချန်ထားခဲ့တာ ဖြစ်မှာပါ။ အဓိက ကျွန်တော် ပြောချင်တာကတော့ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့နေရာမှာ ၀န်ထမ်းတွေ ထက်ပိုပြီး ဒေသခံတွေက ပိုကျွမ်းကျင်ပါတယ်။ သူတို့တစ်ဦးချင်း အချက်အလက်တွေကိုလည်း ကောင်းကောင်း ထောက်ပြနိုင်တယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်တုန်းကလည်း အခုလိုမျိုးတစ်ခါ စစ်ဆေးခဲ့တာ ရပ်မိရပ်ဖတွေက ကန့်ကွက်လို့ ပြဿနာတွေ ဖြစ်ပွားခဲ့တယ်။ အခုလည်း အဲလိုပြဿနာမျိုး ဖြစ်မှာစိုးလို့ မထည့်တာလို့ မြင်ပါတယ်။ ပြီးတော့ အခုအစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးထက် ဘင်္ဂါလီ မှတ်ပုံတင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေတယ်လို့လည်း မြင်ပါတယ်။

Tomorrow - ၁၉၈၂ နိုင်ငံသား ဥပဒေစစ်ဆေးတဲ့ နေရာမှာ ဒေသခံရခိုင်တွေနဲ့ စစ်ဆေးမယ့် ၀န်ထမ်းတွေ ပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်လို့ ယူဆနိုင်ပါသလား။

ဖြေ - ကျွန်တော့်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ပြဿနာ ဖြစ်ပွားနိုင်ပါတယ်။ အခုလက်ရှိတောင် ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတာပဲ။ နိုင်ငံသားပေးတဲ့ ကော်မတီကိုလည်း ဒေသခံတွေ အနေနဲ့လက်ခံ နိုင်မှာ မဟုတ်ဘူး။ ရခိုင်ဒေသခံတွေ အနေနဲ့ မိမိတို့လူမျိုးနဲ့ နယ်မြေ မပျောက်အောင် ကာကွယ်သွားမှာ ဆိုတော့ ပဋိပက္ခဖြစ်မှာကို စိုးရိမ်ရပါတယ်။

Tomorrow - နောက်ဆုံး မေးခွန်းအနေနဲ့ NLD အစိုးရက ၁၉၈၂ နိုင်ငံသားဥပဒေကို စိစစ်တဲ့ နေရာမှာ ရခိုင်ဒေသခံတွေနဲ့ ပဋိပက္ခမဖြစ်အောင် ဘယ်လိုပုံစံနဲ့ စစ်ဆေးမယ်ဆိုရင် အဆင်ပြေနိုင်မလဲဆိုတာ အကြံပြုပြောကြားစေချင်ပါတယ်။

ဖြေ - ပထမတစ်ချက် အနေနဲ့ ပြောရရင် လ၀က ၀န်ကြီးဌာနရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေပုံ အားလုံးကို လူထုသိအောင် ချပြသင့်တယ်။ ဘယ်လိုပုဒ်မတွေနဲ့ ဘာကြောင့်ဆိုတာကို လူထုနဲ့ အပြန်အလှန် ဆွေးနွေးရမယ်။ ဆွေးနွေးတဲ့ နေရာမှာလည်း ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် တခြားတိုင်းရင်းသားတွေပါ သိအောင်ရှင်းပြဖို့ လိုပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားပေးရင် ပြဿနာမဖြစ်တော့ဘူး။ ရခိုင်ပြဿနာက ဗမာပြဿနာ မဟုတ်ဘူး၊ ဘယ်နေရာကနေ ဘင်္ဂါလီတွေကို ဖမ်းမိပါစေ ရခိုင်ပြည်ကို ပြန်ပို့ကြတယ်ဆိုတာမျိုးလည်း မဖြစ်စေချင်ဘူး။ အခုလက်ရှိအနေနဲ့လည်း ဘင်္ဂါလီတွေကို ၀ှိုက်ကတ်နဲ့ အစိမ်းရောင်းကတ်တွေ ထုတ်ပေးတာ ဘာကြောင့်ထုတ်ပေးပါသလဲ။ ဒီကတ်တွေ ထုတ်ပေးမယ်ဆိုရင် အရင်က ထုတ်ပေးထားတဲ့ သုံးခေါက် ချိုးကတ်တွေရှိမှ ထုတ်ပေးရတာပါ။ အခု ဒါတွေမရှိဘဲနဲ့ ဘာကြောင့်ထုတ်ပေးရတာလဲ။ ဘယ်ဥပဒေကြောင့်လဲ ဆိုတာကို ရှင်းရမယ်။ ဒါမှ လူထုကလည်း နားလည်မှာပါ။ ဒီလိုမှ မရှင်းဘူးဆိုရင် ပြဿနာက ဒီထက်ပိုပြီး ကြီးထွားလာနိုင်ပါတယ်။

 

Category: 

Share