ဒဂုံတက္ကသိုလ် ကျောင်းသား ၂၁ကျော် အမျိုးသားပညာရေး ဥပဒေကို လက်မခံ

ပြည်သူ့လွှတ်တော်တွင် ရေးဆွဲ အတည်ပြု ထားသော အမျိုးသား ပညာရေး ဥပဒေအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခြင်းကို တက္ကသိုလ် ကျောင်းသား   ၂၀ကျော်တို့မှ မတ်လ(၃၀) ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်အနီး ဦးထွန်းလင်း ခြံလမ်းထိပ်နှင့် ကန်ဘောင်တို့တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

“အခု ဆန္ဒဖော်ထုတ်နေတဲ့ ကျောင်းသား ၂၁ဦးက ပြည်သူ့လွှတ်တော်က ရေးဆွဲ အတည်ပြုတဲ့ အမျိုးသား ပညာရေး ဥပဒေကို လက်မခံကြဘူး၊ ကျောင်းသား သမဂ္ဂကိုလည်း တရားဝင် ဖွဲ့စည်းခွင့် မပေးထားဘူး၊ အဲဒါတွေကို မကျေနပ်လို့ ဆန္ဒ ဖော်ထုတ် နေတာပါ၊ အခု လှည်းတန်းမှာ ဆန္ဒ ဖော်ထုတ်ပြီးရင် ကန်ဘောင်ဘက်ကို ပြောင်းပြီး ဆန္ဒဖော်ထုတ် ဦးမှာပါ၊ သူတို့ တောင်းဆိုတဲ့ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေးကို လွှတ်တော်ကလည်း အသိအမှတ် မပြုခဲ့တာလည်း ပါပါတယ်”ဟု ဒဂုံတက္ကသိုလ်မှ ဆရာ ဒေါက်တာ အာကာမိုးသူ က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းအား မတ် ၃၀ ရက် ညနေ ၃ နာရီနှင့် ၄ နာရီတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ပြည်သူ့ လွှတ်တော်တွင် ရေးဆွဲ အတည်ပြုသော အမျိုးသား ပညာရေး ဥပဒေအား လက်မခံခြင်း၊ အမျိုးသား ပညာရေး ကောင်စီကို အလိုမရှိခြင်း၊ ပညာရေး လွတ်လပ်ခွင့် ရရှိရန် ဆောင်ရွက်ခြင်း၊ ပညာရေးနှင့် ပတ်သက်၍ ဗဟိုမှ ချုပ်ကိုင်မှု ကင်းမဲ့စေရေး၊ ယခုလက်ရှိ ထုတ်ပြန်ထားသော ပညာရေး ဥပဒေ ကန့်ကွက်ခြင်း၊ ကျောင်းသား သမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့် ရရှိလိုခြင်း၊ အမျိုးသား ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ယက် (NNER)နှင့် တွေ့ဆုံ ဆွေးနွေးလိုခြင်း စသည့် အချက်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။

 

Category: 

Share