“ဘဏ်တိုးကလည်း တက်လာမှာဆိုတော့ ရေရှည်မှာမလွယ်ဘူး။ အဲဒီအခါ ကျွန်တော်တို့ ကုမ္ပဏီတွေ အနေနဲ့ ဒေ၀ါလီခံဖို့ပဲ ရှိပါတယ်” - MKT ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်နှင့် အင်တာဗျူး

ဆောက်လုပ်နေဆဲ အဆောက်အအုံ ၁၈၅ လုံးကို ရပ်ဆိုင်းထားပြီး ဆောက်လုပ်ပြီး အဆောက်အအုံ ၆၄ လုံးအနက် ၁၂ လုံးအား မြို့တော်အင်္ဂါရပ်နှင့်အညီ  အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီမှစိစစ်ပြီး ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာချက် ထုတ်ပြန်မှုအပေါ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် မည်သို့ပြန်လည်တုံ့ပြန်သွားမည်လဲ ဆိုသည်ကို သိရှိစေရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ MKT ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်အား Tomorrow ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

 

Tomorrow - ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ ၁၈၅+ ၁၂ လုံးကို စည်ပင်သာယာရေးကော်မတီက ဘယ်လိုအကြောင်းပြချက်တွေနဲ့ ရပ်ဆိုင်းခဲ့တာလဲ။

ဖြေ - အမှန်ကတော့ စည်ပင်သာယာရေး ကော်မတီက စာထုတ်တဲ့ အဆင့်ပဲရှိပါတယ်။ စည်ပင် သာယာရေး ကော်မတီက အင်ဂျင်နီယာအဆောက်အအုံဌာနလည်း မပါဘူး၊ HIC လည်း မပါဘူး။ CQHD လည်း မပါဘူး။ တကယ်တမ်း စစ်ဆေးနေတာက ရန်ကုန်တိုင်း ဒေသကြီး ဗဟိုအဖွဲ့က သူတို့ဘာသာကော်မတီဆိုပြီး ဇွန် ၁၇ ရက်လောက်က ဖွဲ့လိုက်တဲ့ ကော်မတီကနေ စစ်ပြီးထုတ်ပြန်တာဖြစ်တယ်။ စည်ပင်သာယာရေး ကော်မတီက နောက်ဆုံးကျတော့ ဒီစာကိုထုတ်ဆိုပြီး တိုင်းဒေသကြီး အစိုးရဘက်က အမိန့်ပေးတဲ့အခါ ထုတ်လိုက်တာဖြစ်တယ်။

Tomorrow - အခုရပ်ဆိုင်းခြင်းခံရတဲ့ အဆောက်အအုံ ၁၈၅+၁၂လုံးဆိုတဲ့ အဓိပ္ပာယ်က ဘယ်လိုပါလဲ။ အားလုံးကိုရော စစ်ဆေးခဲ့ပြီးပြီလား။ စစ်ဆေးပြီးတဲ့ အဆောက်အအုံတွေရော ဘယ်လိုညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပြီးပြီလဲ။

ဖြေ - ၁၈၅+၁၂လုံးဆိုတဲ့ အဓိပ္ပာယ်က ၁၈၅ လုံးဆိုတာ ဆောက်လုပ်ခွင့် အ၀ါအဆင့်ပါ။ သူက ဆောက်လုပ်ခွင့်ကို မူဝါဒအဆင့် တော်တော်များများ အောင်မြင်ထားပြီး ဆောက်နေတဲ့ အဆောက်အဦတွေကို ဆိုလိုတာပါ။ ၁၂ လုံး ဆိုတာကတော့ မူဝါဒအားဖြင့် အားလုံးအောင်မြင်ပြီးမှ ဆောက်ခွင့်ရတဲ့ အစိမ်းရောင်အဆင့်ပါ။ အခုရန်ကုန်တိုင်း ဒေသကြီး ဗဟိုအဖွဲ့က အဆောက်အအုံ ၁၈၅ လုံးကိုတော့ ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားပြီး မူဝါဒအားလုံး အောင်မြင်ပြီးသား အဆောက်အအုံ ၆၄ လုံးအနက် ၁၂ လုံးကို ပြန်လည်ပြင်ဆင်ဖို့အတွက် လက်ရှိဆောက်လုပ်မှုကို ရပ်ဆိုင်းထားခဲ့တာပါ။ အခု လက်ရှိ အနေနဲ့တော့ အ၀ါရောင်အဆင့်ရှိတဲ့ အဆောက်အအုံ ၁၈၅ လုံးကို စစ်ဆေးမှုတွေ လုပ်နေတာ။ အဆောက်အအုံအလုံး ၂၀ လောက်တော့ ပြီးသွားပါပြီ။ ဒါပေမဲ့ ထုတ်ပြန်ခြင်း တစ်စုံတစ်ရာတော့ မရှိသေးပါဘူး။

Tomorrow - အန်ကယ်တို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အရင်အစိုးရ လက်ထက်က ခွင့်ပြု ပေးခဲ့တယ်။ အခုတက်လာတဲ့ အစိုးရအသစ်က တားမြစ်တယ်ဆိုတော့ အန်ကယ်တို့ အနေနဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတွေ များနေရပါတယ်ဆိုတဲ့အပေါ် စည်ပင်သာယာရေး ကော်မတီကို တရားစွဲဖို့ အစီအစဉ်ရှိပါသလား။

ဖြေ - ကျွန်တော်တို့ အနေနဲ့ကတော့ တရားစွဲတဲ့ အဆင့်ထိတော့ မသွားချင်ပါဘူး။ ကျွန်တော်တို့ သွားချင်တာကတော့ လူကြီးတွေကို အသိပေးပြီး လွှတ်တော်ကို တင်ပြချင်ပါတယ်။ အဲဒီအဆင့်နဲ့ပဲ ရပ်တန့်သွားရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် လူတွေရဲ့ သဘောသဘာဝကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ချောင်ပိတ်ပြီးရိုက်ရင်တော့ တစ်မျိုးဖြစ်သွားမှာပေါ့။ သူတို့နဲ့လည်း ထိပ်တိုက် မဖြစ်ချင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဥပဒေကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်ရွေးထားတဲ့ အစိုးရဖြစ်တဲ့ အတွက် ကိုယ့်ကို အဲဒီလိုမျိုး မလုပ်လောက်ဘူးလို့လည်း ထင်ပါတယ်။ ဒါကြောင့် လက်ရှိအနေအထား အရတော့ တရားစွဲဖို့ အစီအစဉ်မရှိသေးပါဘူး။

Tomorrow- ယခုလက်ရှိအနေနဲ့ ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးတွေကလည်း ယိမ်းယိုင်နေတယ်။ အခုလို ကိစ္စမျိုးတွေကလည်း တစ်ဖက်မှာ ဖြစ်နေတယ်ဆိုတော့ နောက်ပိုင်း အိမ်ခြံမြေဈေးကွက်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အခုဖြစ်တဲ့ကိစ္စက ကျွန်တော်တို့ လောကကြီး တစ်ခုလုံးကို တော်တော်လေး ဂယက်ရိုက် သွားပါတယ်။ ပထမတစ်ခု အနေနဲ့ပြောရရင် ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ယိမ်းယိုင်တာနဲ့ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းအ၀ယ်လုပ်တဲ့သူတွေ၊ ကျွန်တော်တို့ကို မှီခိုပြီးနေရတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ အားလုံး ထိခိုက်သွားပါတယ်။ ကျွန်တော်တို့ ကျဆင်းသွားတာနဲ့ သူတို့လည်း ၇၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားမှာဆိုတော့ သူတို့ရဲ့ ရပ်တည်မှုလည်း ခက်ခဲလာမှာပါ။ ဒီကြားထဲ အိမ်ခြံမြေဈေးတွေကလည်း လက်ရှိအချိန်မှာ ယိမ်းယိုင်နေတော့ ကျွန်တော်တို့အနေနဲ့လည်း အဆောက်အအုံအသစ်တွေ ဆက်ဆောက်ခွင့် မရရင် ရေရှည်မှာ ဒါထက် ဆိုးလာဖို့ပဲ ရှိပါတယ်။

Tomorrow - ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ အခုလိုပဲ ရပ်ဆိုင်းထားမှု ရေရှည်သွားရမယ် ဆိုရင် လုပ်ငန်းရှင်တွေ ငွေချေးထားတဲ့ ဘဏ်တွေမှာရော ထိခိုက်မှုတွေ ဖြစ်သွားနိုင်သလား။

ဖြေ - ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းလုပ်တဲ့သူတွေက ကိုယ့်ရဲ့ငွေကြေးအပြင် လုပ်ငန်း အတွက် ဘဏ်ကချေးရတဲ့ ငွေကြေးတွေလည်း ရှိပါတယ်။ အခုလို အစိုးရက အဆောက်အအုံကို ရပ်ဆိုင်းထားတာက ရေရှည်မှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ အများကြီး ထိခိုက်လာမှာပါ။ တစ်ဖက်မှာ ဘဏ်တိုးကလည်း တက်လာမှာဆိုတော့ ရေရှည်မှာ မလွယ်ဘူး။ အဲဒီအခါ ကျွန်တော်တို့ ကုမ္ပဏီတွေ အနေနဲ့ ဒေ၀ါလီခံဖို့ပဲ ရှိပါတယ်။ အဲဒီလို ဒေ၀ါလီခံလိုက်ရင်တော့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့ ဘဏ်တွေလည်း ထိခိုက်မှုတော့ ရှိလာမှာပါ။ တခြားနိုင်ငံတွေမှာ ဆိုရင်တော့ ကုမ္ပဏီတွေ ပြိုလဲမှာဆိုရင်တော့ အစိုးရက ပြန်ပြီး ကျားကန်ပေးတာတွေရှိတယ်။ ဒီမှာတော့ ဒါမျိုးတွေ မရှိပါဘူး။ ကျွန်တော်တို့ ပြိုလဲသွားရင် ကျွန်တော်တို့နဲ့ ပတ်သက်တဲ့သူတွေလည်း ပြိုလဲမှာပါ။ အစိုးရ အနေနဲ့လည်း ကျွန်တော်တို့ကို အဲဒီလောက်ကြီး လုပ်မယ်လို့လည်း မထင်ပါဘူး။ ပြန်ကြည့်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

Tomorrow - အခုဖွဲ့စည်းလိုက်တဲ့ စိစစ်ရေး ကော်မတီအဖွဲ့မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းက သူတွေပါတယ်လို့ သိရတယ်။ အဲဒီသူတွေကရော အခုကိစ္စနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက် ပေးလဲဆိုတာ သိချင်ပါတယ်။

ဖြေ - ကျွန်တော်ကိုယ်တိုင်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းမှာ EC အနေနဲ့ ပါပါတယ်။ အဆောက်အအုံ ၁၂ လုံးကို စစ်ဆေးတဲ့ အချိန်မှာလည်း ပါပါတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ အစည်းအဝေးကို တက်ရောက်တဲ့ချိန်မှာတော့ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးလည်း ပါဝင်ပါတယ်။ ကျွန်တော် လိုက်စစ်တဲ့သူတောင် အစည်းအဝေး လုပ်တာကို မသိလိုက်ဘူး။ ကျွန်တော်သိလိုက်တော့ ဆုံးဖြတ်ချက်က ချပြီးသားဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ကို ဒီအဖွဲ့မှာအိမ်ဖြည့် သဘော အနေနဲ့ ထားတာလားလို့ မေးချင်တယ်။

Tomorrow - ရပ်ဆိုင်းခံရတဲ့ အဆောက်အအုံ ပိုင်ရှင်တွေက ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ရဲ့ အဆောက်အအုံ ရပ်ဆိုင်းခွင့်စာနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အဓိကကတော့ ကျွန်တော် သိချင်တာက အဆောက်အအုံကို အထပ်လုံးဝမလျှော့ဖို့ ပုံမှန်အတိုင်း ဆောင်ရွက်စေချင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်  အဆောက်အအုံကို လေးထောင့်ပုံသဏ္ဌာန် ဆောက်လုပ်ခွင့် ပြုထားပြီး လေးထောင့်ဆောက်လုပ်ခဲ့ရာမှ အခုမှ အ၀ိုင်းပုံသဏ္ဌာန် ဆောက်ရမယ် ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပြီးပါပြီ။ ဘာမှထူးခြားမှုတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ကတော့ အခုချိန်မှာ ကျွန်တော် တို့ရဲ့ ဆောက်လုပ်ခွင့်ကို ပြန်ပြီးရချင်ပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့ လိုချင်တာကို ချက်ခြင်းတော့ ပေးမှာ မဟုတ်လောက်ဘူး။ အကယ်၍ ဆောက်လုပ်ခွင့် ရပ်ဆိုင်းခိုင်းထားတဲ့ အဆောက်အအုံ ၁၈၅ + ၁၂လုံးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒကို အကုန်လုံးက ခေါင်းညိတ်လိုက် နာတယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ ပြဿနာဖြစ်မှာပါ။ ပြဿနာဖြစ်ရင် အနည်းဆုံး တစ်နှစ်ကျော် လောက်တော့ဖြေရှင်းရမယ်။ အဲလိုဖြေရှင်းနေတဲ့အချိန်မှာ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေကတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့  ဆောက်လုပ်ခွင့်အမြန်ဆုံးရရှိနိုင်ရန် ဆောင်ရွက်သွားမှာပါ။

Tomorrow - နောက်ဆုံး မေးခွန်းအနေနဲ့ ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ - ကျွန်တော်တို့ကတော့ သက်ဆိုင်ရာ ၀န်ကြီးတွေကို အဆင့်ဆင့် အသနားခံစာ တင်ပြသွားမယ်။ ဒါက ပထမအဆင့် အနေနဲ့ လုပ်မှာပါ။ ဒုတိယအဆင့်ကတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ဆက်လက် ဆောင်ရွက်သွားမယ်။ အဲဒီအဆင့်မှာပဲ ပြီးစီးဖို့မျှော်လင့်ပါတယ်။ အခုလို လူကြီးတွေကို တင်ပြတယ် ဆိုတာကလည်း တိုင်တဲ့သဘော မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ လက်ရှိဖြစ်နေတဲ့ ဒုက္ခတွေကို အမှန်အတိုင်း သိရှိနိုင်အောင် တင်ပြရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြည်သူတွေထဲက ပြည်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြည်သူတွေ အခုလို ဒုက္ခရောက်နေတာကို သက်ဆိုင်ရာ လူကြီးတွေ အမှန်အတိုင်း သိရှိဖို့အတွက်ပဲ လုပ်ဆောင်သွားမှာပါ။

 

Category: 

Share