မန်းရတနာပုံ လေကြောင်းလိုင်း လေယာဉ်သစ်တစ်စီး ထပ်မံရောက်ရှိ

ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သော မန်းရတနာပုံ လေကြောင်းလိုင်း အတွက် ဒုတိယမြောက် လေယာဉ် ဖြစ်သော ATE-72600 Series လေယာဉ် အသစ် တစ်စီးသည် ယနေ့ ဧပြီလ တစ်ရက်နေ့တွင် ထပ်မံ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းလိုင်းမှ ယခင် ရှိပြီးသော လေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မှစပြီး ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ် ခရီးစဉ်များ ပြေးဆွဲနေရာမှ လေယာဉ်သစ် ရောက်ရှိ လာလျှင် ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော် ခရီးစဉ်များကို တိုးချဲ့ ပျံသန်းနိုင်တော့မည်ဟု Operation Director ကပ္ပတိန် ခင်မောင်စန်းက Tomorrow ဂျာနယ်သို့ ပြောသည်။

အဆိုပါ လေယာဉ်သစ်ကို ပြင်သစ်မှ သီရိလင်္ကာ နိုင်ငံသို့ ပြင်သစ် လေယာဉ်မှူးများက သယ်ဆောင် ပေးပြီး သီရိလင်္ကာမှ ရန်ကုန် အထိ မြန်မာ လေယာဉ်မှူးများက သယ်ယူလာခြင်း ဖြစ်သည်။ လေယာဉ်သစ် ရောက်ရှိခြင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ဧပြီ(၁)ရက်နေ့ ၊ ယနေ့ နေ့လည် ၂ နာရီတွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း၌ ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။
မန်းရတနာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် ကိုးခုမြောက် လေကြောင်းလိုင်း ဖြစ်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် အခြေစိုက်ပြီး ပြေးဆွဲ ပျံသန်းလျက် ရှိကြောင်း သိရသည်။ ပြင်သစ်မှ ထုတ်လုပ်သည့် ATE-72600 Series လေယာဉ် တစ်စီးလျှင် အမေရိကန် ဒေါ်လာ သန်း၂၀ခန့် တန်ပြီး ATE မျိုးဆက် လေယာဉ်များတွင် နောက်ဆုံးထုတ် အသစ်လွင်ဆုံး ဖြစ်သည်။ လေယာဉ်သည် Glass Cockpit ဖြစ်ပြီး မည်သည့် ဒိုင်ခွက်မှ မပါတော့ပဲ မှန်သားပြင်ပေါ်တွင် ပျံသန်းရေး ဆိုင်ရာ အချက်အလက်များ အလိုအလျောက်ပေါ်သည့် စနစ်ကို သုံးစွဲထားခြင်း ဖြစ်သည်။

 

Category: 

Share