ပစ်ကပ်လိုက်ထရပ်ယာဉ်များ ဖျက်သိမ်းအပ်နှံထုတ်ပြန်ချက် ထွက်လာပြီးနောက် ပြည်တွင်းကား ဈေးကွက်တွင် စလစ်ဈေးသိန်း ၂၀ကျော်မြင့်တက်

ပစ်ကပ်လိုက်ထရပ်ယာဉ်များ ဖျက်သိမ်းအပ်နှံလျှောက်ပါက အိမ်စီးကားများ တင်သွင်းခွင့် မပြုတော့ဘဲ ပစ်ကပ်၊ လိုက်ထရပ်သာရမည်ဟုဆိုသောကြောင့် ပြည်တွင်းကားဈေးကွက်တွင် ယခင်က စလစ်ဈေးကျပ်သိန်း ၈၀ ခန့်သာ ရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၀၀ ကျော်ဖြစ်ခဲ့ပြီး ရက်ပိုင်းအတွင်း ကျပ်သိန်း ၂၀ကျော်ခန့် မြင့်တက်သွားကြောင်း ကားအရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။

ယခုလို မြင့်တက်သွားရခြင်းမှာ ဇူလိုင် ၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပစ်ကပ်၊ လိုက်ထရပ်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါက အိမ်စီးကားများ ပြန်လည် တွင်သွင်းခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် အခုလို စလစ်ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းက ကားအရောင်း အ၀ယ်ပြုလုပ်နေသူ ကိုသန့်စင်က ပြောသည်။

''ကားစလစ်ဈေးနှုန်းတွေက ဒီရက်ပိုင်းအတွင်းမှ တက်သွားတာပေါ့။ အရင်က ဒီစလစ်တစ်ခုဆိုရင် ကားဈေးကွက်ထဲမှာ သိန်း ၈၀ လောက်ပဲရှိတာ။ ဒီမူဝါဒ မပြောင်းလဲခင်ကတော့ စလစ်တွေက ဈေးကွက်ထဲမှာ အရောင်းအ၀ယ် အရမ်းဖြစ်ခဲ့တယ်။ အခုဆိုရင်တော့ ဈေးကွက်ထဲမှာ စလစ်က ရှာရတာတောင် နည်းနည်းခက်ခဲသွားပြီ''ဟု ကိုသန့်စင်ကဆိုသည်။

စလစ်ဈေးကွက်အတွင်း ယာဉ်အိုယာဉ်ဟောင်းထက် စက်မှုဇုန်ထုတ်ကားစလစ်မှာ ပိုမိုများပြားနေကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက် မထုတ်ပြန်မီ ကြိုတင်အသိပေး ဆောင်ရွက်သင့်သလို ထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း ကြိုတင်၍ ရှင်းရှင်းလင်းလင်း သိထားသင့်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

''ထုတ်ပြန်ချက်တစ်ခုကို ထုတ်တော့မယ်ဆိုရင် အချိန်သုံးလလောက်တော့ ကြိုပြောသင့်တယ်။ ရုတ်တရက် ထုတ်ပြန်တာကျတော့ သိပ်သဘာဝမကျဘူး။ ကန့်သတ်တယ်ဆိုရင်လည်း ဘာကြောင့် ကန့်သတ်လိုက်တယ်ဆိုတာ ပြောရမယ်။ သတင်းထုတ်ပြန်ပေးရင် ပိုကောင်းတယ်။ ဒါမှ ပြည်သူလည်း နားလည်မယ်။ ဘယ်လိုအချက်တွေကြောင့် အခုလိုကန့်သတ်လိုက်တယ်ဆိုတာ ရှင်းပြသင့်တယ်''ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ကားဈေးကွက်ထဲတွင် စလစ်ဈေးများ ပထမတစ်ကြိမ် ကျပ်သိန်း ၁၄၀ ထိ မြင့်တက်ခဲ့ဖူးကြောင်းနှင့် ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရခြင်းမှာ စက်မှုဇုန်ထုတ်ယာဉ်များအား သက်တမ်း ၁၀ နှစ်ပြည့်ပါက ကညနက အပ်နှံခွင့်ပေးနေသော်လည်း နောက်ပိုင်းတွင် ဇုန်ထုတ်ယာဉ်များထဲမှ မသမာသော နည်းလမ်းများဖြင့် တိုက်ကြေများဖြင့် အသွင်ပြောင်းကာ လုပ်ဆောင်နေခြင်းများကြောင့် ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည့်ဘုန်းအောင်

 

Category: 

Share