ရန်ကုန်တိုင်း အတွင်းရှိ ကြော်ငြာဘေလ်ဘုတ်များအား ယခုနှစ်မကုန်မီ ဖယ်ရှားသွားမည်ဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကြော်ငြာဘေလ်ဘုတ်များအား ယခုနှစ်မကုန်မီ ဖယ်ရှားသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

''ဒီဘေလ်ဘုတ်ကြီးတွေထောင်ပြီး ကြော်ငြာနေတာတွေက ဘယ်နိုင်ငံမှမရှိဘူး။ အခု ဒီနိုင်ငံမှာပဲ ရှိတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုပေးထားတဲ့ ဘေလ်ဘုတ်တွေရဲ့ အလင်းရောင်ကြောင့် မော်တော်ယာဉ် မောင်းနှင်သူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အတွက် ဘေလ်ဘုတ် အကြီးကြီးတွေထောင်ပြီး ကြော်ငြာတာကို လုပ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မကြာခင်မှာ ကားမှတ်တိုင်တွေကို အသစ်ပြင်ဆင်သွားမယ့်အပြင် အဲဒီမှတ်တိုင်တွေမှာပဲ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်မှုကို ခွင့်ပြုပေးသွားတော့မယ်။ ဒီလုပ်ငန်းတွေအတွက်လည်း လုပ်ငန်းရှင်တွေကို မကြာခင် တင်ဒါခေါ်ယူသွားမှာပါ''ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ကြော်ငြာဘေလ်ဘုတ်ထောင်ခြင်း လုပ်ငန်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကာ ယခင်အစိုးရ လက်ထက်တွင် ကြော်ငြာ ဘေလ်ဘုတ်ထောင်ခြင်း လုပ်ငန်းများ ခွင့်မပြုတော့ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အကောင်အထည်ဖော်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ကားလမ်းပုံစံကို ပြောင်းလဲရန် စဉ်းစားထားသလို ရန်ကုန်မြို့နှစ်ထပ်လမ်းများ၊ Water Taxi အတွက် ပုဇွန်တောင်ချောင်း၊ ရန်ကုန်မြစ်၊ တိုးမြစ်တို့တွင် ပြန်လည်ပြုပြင်ပြီး ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ထပ်မံပြောကြားသွားခဲ့သည်။

ပြည့်ဘုန်းအောင်

 

Category: 

Share