မိုင်ဂျာယန် ဆွေးနွေးမှုအပေါ် သူတို့အမြင်

KIO ထိန်းချုပ်နယ်မြေ ဖြစ်သည့် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များ မျက်နှာစုံညီ အစည်းအဝေးကို ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာတွင် ဆွေးနွေးခဲ့သည်များအနက် အမျိုးသား ပြည်နယ်များ သတ်မှတ်ခေါ်ဝေါ်ရေး၊ အရပ်သား အစိုးရအောက်သို့ ဖက်ဒရယ် တပ်မတော်အား ထည့်သွင်းရေးနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ အမြင်များကို ယခုကဲ့သို့ ဖော်ပြလိုက်ပါသည်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)

မိုင်ဂျာယန်မှာက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအဖွဲ့တွေက သူတို့ရဲ့ သဘောထားတွေကို ပြောကြားတာပါ။ အားလုံးကတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မယ်လို့ ပြောတာပဲလေ။ အဓိကကတော့ တည်ထောင်တဲ့ နေရာမှာ ဘယ်လိုဖက်ဒရယ်မျိုးကို ထူထောင်မလဲ။ အမေရိကန် ပုံစံလား၊ ကနေဒါ ပုံစံလား၊ အိန္ဒိယ ပုံစံလား ပုံစံတွေက အများကြီးရှိတာပဲ။ ဒါဟိုတုန်းက ပြည်ထောင်စု ဖွဲ့စည်းခဲ့တာတွေကို ကြည့်ပြီး လူမျိုးကို အခြေခံခဲ့တာ ရှိသလို ပထ၀ီကို အခြေခံခဲ့တာလည်း ရှိတယ်။ လူမျိုးရော ပထ၀ီရော အခြေခံတဲ့ ဖွဲ့စည်းမှုတွေလည်း ရှိခဲ့တယ်။ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး အသေးစိတ် ကိစ္စတွေကတော့ အခုငြိမ်းချမ်းရေး ဆွေးနွေးမယ့် ၂၁ ရာစု ပင်လုံညီလာခံလို့ခေါ်တဲ့ အစည်းအဝေးကြီး ကြားမှာလား။ အားလုံး လက်ခံနိုင်တဲ့ ပြည်ထောင်စု ပုံစံမျိုးကို ဆွေးနွေးတဲ့ အခါကျမှ ဖြေရမှာပါ။ အခုနေကတော့ သူ့အမြင် ကိုယ့်အမြင်၊ သူ့သဘောထား ကိုယ့်သဘောထား တင်ပြနေတဲ့ကာလပါ။ သဘောထား အသီးသီးကို ပြောကြဆိုကြရမှာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးမှာပဲ ပါမှာဖြစ်တဲ့အတွက် အဲဒီအချိန် ရောက်တဲ့အထိ စောင့်ရမှာပေါ့။

မိမိတို့တွေ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပြောကြဆိုကြတဲ့ သဘောထားအမြင်တွေပဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ သမိုင်းကို အသေအချာ လေ့လာပြီး မြန်မာပြည်မှာ ပေါ်ပေါက်လာတဲ့ တပ်မတော်ရဲ့ အနေအထားက ဗမာ့တပ်မတော်က ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန်ကျင်ရေးကနေပြီးတော့ မွေးဖွားလာပြီး အမျိုးသား လွတ်မြောက်ရေး သမိုင်းကနေ မွေးဖွားလာတဲ့ တပ်မတော်ဖြစ်တယ်။ ဒီနေ့ အချိန်မှာလည်း ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမျိုးသား နိုင်ငံရေးကို ဦးဆောင်နေတဲ့ အခန်းကဏ္ဍကို ရယူထားတဲ့ အခြေခံဥပဒေက ပေးထားတဲ့ တာဝန်ယူထားတဲ့ တပ်မတော်လည်းဖြစ်တယ်။ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နေတဲ့ တပ်မတော်ဖြစ်တဲ့အတွက် အဲဒီအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်ဆိုတာကို လာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ တပ်မတော်ရဲ့ သဘောထားကို စောင့်နားထောင်ဖို့ လိုတယ်။ အားလုံး သဘောတူညီချက်ရမှ ငြိမ်းချမ်းရေးထွက်မှာ။ အားလုံး သဘောတူအောင် လက်တွေ့စဉ်းစားတဲ့ နေရာမှာလည်း ရလဒ်ထွက်လာအောင် အမြော်အမြင်ရှိတဲ့ ချဉ်းကပ်နည်းနဲ့ ချဉ်းကပ်နိုင်မှ ငြိမ်းချမ်းရေး ရောင်ခြည်ကို ကျွန်တော်တို့ မြင်ရမှာဖြစ်ပါတယ်။

ဦးသုဝေ   (ဒီမိုကရက်တစ် (မြန်မာ) ဥက္ကဋ္ဌ)

သူတို့ အကြံဉာဏ်ပြုတာကတော့ ဘယ်လိုဖြစ်ဖြစ် ပြုနိုင်တာပေါ့။ ဒါတွေကတော့ နောက်ပိုင်းကျမှ လွှတ်တော်က လုပ်ရမှာပါ။ တချို့ကတော့ ဒီအမည်ကို ဒီအတိုင်းထားတာပဲ ကောင်းလား၊ တချို့က လူမျိုးစုရဲ့ အမည်ကိုထားတာ ကောင်းလားဆိုတာတော့ ရှိတယ်။ ဒါကိုခေါ်တာကတော့ ဘယ်လိုခေါ်ခေါ်ပါ ဒါပေမဲ့ အခုလိုတိုင်းပဲထားလို့ ငြိမ်နေရင်ကောင်းမယ်။ စထားပြီး မငြိမ်ရင် မကောင်းဘူး။ ဥပမာ ရှမ်းပြည်နယ်ဆိုရင် ဒီလိုအငြင်းပွားမှုတွေ ဖြစ်နိုင်တယ်။ သူတို့က ရှမ်းပြည်နယ်၊ ငါတို့က ပအိုဝ့်ပြည်နယ် လိုချင်တယ်။ ငါတို့က ၀ပြည်နယ် လိုချင်တယ် ဖြစ်လာမယ်။ ဒီလိုလူမျိုးအမည်နဲ့ နာမည်တပ်လာရင် မကောင်းဘူး။ အခုအတိုင်းထားတာကတော့ သူ့ဟာသူ လူမျိုးအများစု ဆိုတော့ သူ့ဟာသူ ထားတာရှိသေးတယ်။ ဒီလိုမဟုတ်ဘဲ တစ်ယောက်က လူမျိုးစု နာမည်ထားတယ်။ တစ်ယောက်က မြို့တော်နာမည်ထားမယ်ဆိုရင် မကောင်းဘူး၊ ဒါတွေကို အကြံပြုတဲ့သူကတော့ ပြုမှာပဲ။ ကျွန်တော့် အထင်ကတော့ ဒီအတိုင်းထားတာ ကောင်းပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်လို့ကတော့ အဲဒါတွေက တကယ့် ဒီမိုကရေစီ ကျသွားရင်တော့ လုပ်ရမှာပဲ။ သူ့ရဲ့အုပ်ချုပ်ရေးမှာ ဒီလိုပဲ အဓိကကတော့ သမ္မတ အုပ်ချုပ်တဲ့ တိုင်းပြည်ဆိုလည်း သမ္မတ လက်အောက်မှာ ရှိရမှာပဲ။ ၀န်ကြီးချုပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဆိုလည်း သူ့လက်အောက်မှာ ရှိရမှာပေါ့။ ဆိုလိုတာကတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရရဲ့ လက်အောက်မှာပဲရှိရမယ်၊ ဒါကတော့ သဘာဝပဲ။

ဦးစိုင်းညွန့်လွင်  (ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)

ကျွန်တော် မြင်တာကတော့ အဲဒီပုံစံတွေ ဒီဘက်မှာတင်ပြဖို့ အဲဒီအဆင့်ပဲ ရှိပါတယ်။ သိပ်ပြီးတော့ အဲဒီအတိုင်းပဲ တရားသေဖြစ်မယ့်သဘော မရှိပါဘူး။ ငြိမ်းချမ်းရေး အခြေအနေကတော့ ကောင်းမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးချက်တွေက ညီလာခံမှာ ဘာတွေဆွေးနွေးမယ် ဆိုတာကို ဆွေးနွေးတဲ့အတွက် အဲဒါကိုက ကောင်းတဲ့အချက် ဖြစ်ပါတယ်။

 

Category: 

Share