နာဂဒေသတွင် ဖြစ်ပွားသော ရောဂါသည် ၀က်သက်ရောဂါ မဖြစ်နိုင်ဟု စစ်ကိုင်း ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ပြောကြား

''၀က်သက်ဆိုတာ ဆရာလည်း ဆေးကုလာတာ။ ၀က်သက်လောက်မှ မမြင်ဘူးရင်တော့ ဆေးမကုနဲ့လေ'' - ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လက်ရှိဖြစ်ပွားနေသော ရောဂါသည် ၀က်သက်ရောဂါ မဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သြဂုတ် ၆ ရက်တွင် အတည်ပြု ပြောကြားသည်။

''ဒါက သူတို့က ၀က်သက်ရောဂါလို့ ပြောရင်ပြော မပြောရင်နေလေ။ ဆရာကတော့ သူတို့ပြောတဲ့ဟာကို ကြည့်ပြီးတော့ ဓာတ်ပုံတွေလည်း ကြည့်ပြီးပြီ။ ၀က်သက်လို့တော့ မထင်ဘူး။ ၀က်သက်ဆိုတာ ဆရာလည်း ဆေးကုလာတာ။ ၀က်သက်လောက်မှ မမြင်ဘူးရင်တော့ ဆေးမကုနဲ့လေ။ ဒါပေမယ့် တစ်ခုတော့ ဖြစ်နိုင်တာက H5N1 တို့လို Matras Infection လို လက္ခဏာ ပြောင်းသွားခဲ့ရင်တော့ တစ်ခုတော့ ဖြစ်နိုင်တာပေါ့။ အဲဒီလိုဖြစ်သွားရင် ရောဂါဆန်းသွားပြီလေ။ ဆရာ့ကိုမေးရင် ဒါကိုကူးစက် ရောဂါတစ်ခုလို့ပဲ ထင်တယ်။ နောက်ပြီးတော့ ဘယ်ကလာတယ်ဆိုတာ ပြောလို့မရဘူး'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ယင်းသို့ ၀က်သက်ရောဂါ မဖြစ်နိုင်ခြင်းသည် လက်ရှိရောဂါ ကူးစက်ခံရသော ဝေဒနာရှင်များတွင် များသောအားဖြင့် ကလေးငယ်များ ပါဝင်သော်လည်း အသက် ၂၁၊ ၂၂၊ ၄၀ နှင့် အသက် ၉၄ နှစ် အရွယ်လူကြီးများပါ ပါဝင်ပြီး ပထ၀ီ အနေအထားအရ ကြည့်မည်ဆိုပါက ၄င်းရောဂါဖြစ်ပွားနေသည့် နေရာသည် ရန်ကုန်ကဲ့သို့ လူဦးရေထူထပ်သည့် နေရာမျိုး မဟုတ်ဘဲ တစ်နေရာနှင့် တစ်နေရာ ကွာဝေးခြင်းကြောင့် ဖြစ်ကြောင်းနှင့် လက်ရှိဝေဒနာရှင်များ၏ ကျော၊ မျက်နှာများတွင် အဖုအပိန်များ အပြင် အနာရွတ်ဖြစ်ခြင်းနှင့် အနာကြီးများပါ ဖြစ်သည့်အပြင် ရရှိသော ဗီဒီယိုဖိုင် အထောက်အထားအရ ကလေးငယ်တစ်ဦး ချောင်းဆိုးခြင်းသည် အဆက်မပြတ်ဖြစ်သည့်အပြင် ချောင်းဆိုရာမှ သွေးအန်မှုများပါ ဖြစ်ပွားခြင်းကြောင့်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

အဆိုပါ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နှင့် လဟယ်မြို့တို့ရှိ ကျေးရွာ ၉ ရွာ တွင် ပြီးခဲ့သည့် ဇွန် ၁၄ ရက်မှ စတင်ကာ အမည်မသိ ရောဂါ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၄ ရက်အထိ သေဆုံးသူ ဦး ရေမှာ ၃၉ ယောက်အထိ ရှိခဲ့ကြောင်း သိရသည်။

အစိုးရမှ ယင်းဒေသအား အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် ရောဂါထိန်းချုပ်နိုင်ရန် နှင့် အရေးပေါ် ဆေးဝါးကုသမှုလုပ်ငန်းများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါရှာဖွေ တိုက်ဖျက်ရေး ဌာနမှ ဆရာဝန်ခုနစ်ဦးအား ယင်းဒေသသို့ စမ်းသပ်လေ့လာရန် စေလွှတ်ထားကြောင်း သိရသည်။

ယင်းသို့ ကူးစက်မြန်ရောဂါဖြစ်ပွားသော ကျေးရွာကိုးရွာတွင် နေထိုင်သူလူဦးရေ စုစုပေါင်း ၅၀၀၀ နီးပါး ခန့်ရှိပြီး အဆိုပါ ဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများရှိကြောင်း လဟယ်မြို့နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ဆိုသည်။

ယင်းရောဂါဖြစ်ပွားရခြင်း အဆေကြာင်းကို လက်ရှိလေ့လာဆန်းစစ်ချက်များအရ အဆိုပါ ကျေးရွာများသည် တောတောင်ကြီးများ အနီးတွင် တည်ရှိသည့်အတွက် တိရစ္ဆာန်များထံမှ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်းနှင့် ဘရားဇီးနိုင်ငံရှိ အမေဇုန်ကြိုးဝိုင်းတွင် ပြီးခဲ့သည့် နှစ်များအတွင်းက ထိုသို့ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်သောရောဂါ ဖြစ်ပွားမှုများလည်း ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်က ဆိုသည်။

ကိုလူသစ်

Category: 

Share