ပရီးမီးယား လိဂ်ပွဲစဉ် (၃) ထူးခြားမှုအချို့

ရွန်းနီ၊ မော်ရင်ဟိုနှင့် မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၃)၏ စနေနေ့ပွဲစဉ်များ အနက် ပရိသတ် အကြိုက်ပွဲတစ်ပွဲဖြစ်ခဲ့သော ဟားလ်စီးတီးနှင့် မန်ယူပွဲစဉ်တွင် မန်ယူ အသင်းသည် တစ်ချိန်က ချန်ပီယံဖြစ်ခဲ့စဉ်က ကစားဟန် တစ်ခုဖြစ်သည့် ပွဲပြီးခါနီး အချိန်တွင် ဂိုးသွင်းယူသည့် ပုံစံမျိုးကို ပြသခဲ့ပြီး အဝေးကွင်းတွင် ၀-၁ ဖြင့် နိုင်ပွဲရရှိခဲ့သည်။ ယခုရာသီသစ် ပွဲစဉ် (၁) တွင် လက်ရှိချန်ပီယံ လက်စတာကို အများအံ့သြအောင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ကစားပြီး ပွဲစဉ် ၂ တွင် ဆွမ်ဆီးကို အဝေးကွင်းတွင် ၁-၂ ဖြင့် အနိုင်ရကာ ခြေစွမ်းပြနေသည့် တန်းတက် ဟားလ်စီးတီးသည် မန်ယူ၏ တိုက်စစ်ဖိအားကို တောင့်ခံပြီး တန်ပြန်တိုက်စစ်ဖြင့် ပြန်ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော် မော်ရင်ဟို၏ မှန်ကန်သော လူစားလဲမှုတွင် ဆယ်ကျော်သက်အရွယ် မားကပ်ရပ်ရှ်ဖို့က ၄င်း၏ ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ခြောက်ဂိုးမြောက်ဂိုးကို အနိုင်ဂိုးအဖြစ် သွင်းခဲ့သည်။ ဤဂိုးမှာ အသင်းကပ္ပတိန် ရွန်းနီ၏ ကောင်းမွန်လှသော ကြိုးစား ဖန်တီးပေးပို့မှုမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ကစားပုံမမှန်သည့် လီဗာပူးလ်

ကစားပုံ အတက်အကျ ပုံမှန် မရှိသည့် လီဗာပူးလ်သည် စပါးနှင့်ပွဲတွင် ခြေစွမ်းပြ ကစားနိုင်သော်လည်း ၁-၁ ဖြင့် ကျေနပ်ခဲ့ရသည်။ စပါးမှ ဟယ်ရီကိန်းသည် နှစ်စဉ် သြဂုတ်လ ပရီးမီးယားလိဂ်ပွဲများတွင် ဂိုးမသွင်းနိုင်သည်မှာ ၁၀ ပွဲရှိပြီ ဖြစ်သည်။

ချဲလ်ဆီး၏ အိမ်ကွင်းဂိုးပြတ်အနိုင်

ပြီးခဲ့သည့် ပရီးမီးယားလိဂ် ၈ ပွဲတွင် ခြောက်ဂိုးမြောက်သွင်းခဲ့သည့် ဟားဇက်၏ ဂိုးအပါအ၀င် ဘန်လေကို ၃-၀ ဖြင့်နိုင်ပြီး ကွန်တီ၏ ချဲလ်ဆီးသည်လည်း ချန်ပီယံဖြစ်နိုင်သည့် ခြေစွမ်းပြခဲ့သည်။ အိမ်ကွင်း ဂိုးပြတ် အနိုင်မရသည့် ပွဲ ၁၃ ပွဲရှိခဲ့သည်ကို ဤပွဲရလဒ်နှင့် အဆုံးသတ် ခဲ့သည်။

လက်ရှိချန်ပီယံစတင်အနိုင်ရ

မန်နေဂျာ ရာနီရေးရီ၏ ပရီးမီးယားလိဂ် ၁၀၀ ကြိမ်မြောက်ပွဲတွင် လက်ရှိချန်ပီယံ လက်စတာက အိမ်ကွင်းတွင် ဆွမ်ဆီးကို ၂-၁ ဖြင့် စတင် အနိုင်ရရှိခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ဗာဒီကလည်း ပရီးမီးယားလိဂ်တွင် ၄င်း၏ ၃၀ ကြိမ်မြောက်ဂိုးကို သွင်းယူခဲ့သည်။ ၄င်း၏နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၇ ပွဲတွင် ခြောက်ဂိုးမြောက်ဖြစ်သည်။

မိုယက်စ်အတွက် ရှုံးပွဲများ ရပ်တန့်

မန်ယူ မန်နေဂျာဟောင်း ဒေးဗစ်မိုယက်စ်၏ ဆန်းဒါးလန်းသည် ဆောက်သမ်တန် အသင်းနှင့် ၁-၁ သရေကစားပြီး ရှုံးပွဲများ ရပ်တန့်ခဲ့ သော်လည်း အနိုင်ပွဲရရန် မိုယက်စ်အတွက် ဖိအားရှိနေဆဲ ဖြစ်သည်။

အာဆင်ဝင်းဂါးကို မျက်နှာပွင့်စေခဲ့သည့် အာဆင်နယ်နိုင်ပွဲ

ခံစစ်ပိုင်း ပြဿနာများ ရှိနေ၍ နောက်ခံလူတစ်ဦး ခေါ်ယူရန် ကြိုးစားနေပြီး နိုင်ပွဲမရသေးသဖြင့် ဖိအားအောက် ရောက်နေသော အာဆင်နယ်နှင့် အာစင်ဝင်းဂါးတို့သည် ယခုပွဲစဉ်တွင် ၀က်ဖို့အသင်းကို အဝေးကွင်းတွင် အလယ်တန်းနှင့် ရှေ့တန်းလူများ၏ စွမ်းအားဖြင့် ၁-၃ ဖြင့် နိုင်ခဲ့သော်လည်း တစ်ဂိုးပြန်ပေးခဲ့ရသည်။

 

Category: 

Share