“ပျက်စီးသွားသော ဘုရားစေတီပုထိုးတွေ ရှေးမူမပျက် စနစ်တကျ ပြန်လည်ပြုပြင်ဖို့ အတွက်ကတော့ အချိန်ယူရပါလိမ့်မယ်။ ဘယ်လောက်ကြာမှ ပြီးမယ်ဆိုတာကိုလည်း ခန့်မှန်းတောင် ပြောလို့ မရသေးပါဘူး”

 ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ (ယဉ်ကျေးမှု)မှ ဒုညွှန်ကြားရေးမှူး ဦးကာကျော်နှင့် အင်တာဗျူး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရစ်(ခ်ျ)တာစကေး ၆.၈ ရှိ ငလျင်ကြောင့် ပုဂံရှိရှေးဟောင်း စေတီပုထိုးတော်များ ပြိုလဲခဲ့သည်။ အဆိုပါ ရှေးဟောင်း စေတီပုထိုးတော်များ ပျက်စီးမှုအပေါ် သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့် မည်သည့် အကူအညီများဖြင့် မည်သို့လုပ်ဆောင်သွားမည်လဲ၊ ပြန်လည် ပြုပြင်မည် ဆိုပါက ရှေးမူမပျက်အောင် မည်သို့ထိန်းသိမ်းသွားမည်လဲနှင့် မည်သည့် အချိန်ကာလ အတွင်း ပြီးစီးအောင် ပြုပြင်သွားနိုင်မည်လဲ ဆိုသည်များကို သိရှိစေရန် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(ယဉ်ကျေးမှု)မှ ဒုညွှန်ကြားရေးမှူး ဦးကာကျော်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

Tomorrow - ငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီတွေ ဘယ်နှစ်ဆူလောက်ရှိပါသလဲ။ ဒီစေတီ တွေကို ဘယ်လို ပြန်လည် လုပ်ဆောင်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - ကျွန်တော်တို့ ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်သွားမယ့် အပိုင်းကတော့ ယူနက်စကိုအဖွဲ့တွေနဲ့ ပူးပေါင်းမယ်၊ ပြီးတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနက ဗိသုကာ အင်ဂျင်နီယာပညာရှင်တွေနဲ့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမှာပါ။ ပြီးတော့ မနေ့က သမ္မတကြီးကိုယ်တိုင် လာရောက် စစ်ဆေးမှာကြားသွားတဲ့ လမ်းညွှန်ချက်တွေနဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိပုဂံဒေသမှာ ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုးတွေ စုစုပေါင်းကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ၀န်ထမ်းတွေနဲ့ ဒေသခံတွေ အားလုံး ပူးပေါင်းကောက်ယူပြီး ရရှိတဲ့ ပျက်စီးစာရင်းကတော့ ၁၈၇ ဆူ ဖြစ်ပါတယ်။

Tomorrow - ပြိုကျပျက်စီးတဲ့ ဘုရားတွေကို ပြန်လည်ပြုပြင် မွမ်းမံဖို့အတွက် ယူနက်စကိုအဖွဲ့ တစ်ဖွဲ့ကပဲ ကူညီမှာလား။ တခြား ဘယ်နိုင်ငံတွေကရော ကူညီပါမယ်လို့ ကမ်းလှမ်းထားပါသလဲ။
ဖြေ - ယူနက်စကိုက ကူညီမယ်ဆိုတာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လုပ်မယ့် သဘောပါ။ ရှေးဟောင်းသုတေသနနဲ့ ယူနက်စကိုက အရင်ကတည်းက ပုဂံမှာရှိတဲ့ ဘုရားတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နေတာတွေလည်းရှိသလို တခြားကိစ္စတွေမှာလည်း တွဲဖက်ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးဥပဒေတွေ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဥပဒေတွေ ဆိုတာကလည်း ရှိပြီးသားပါ။ ဒါကြောင့် ယူနက်စကိုနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ အခု ငလျင်လှုပ်ခတ်ပြီး ပုဂံမှာ အထင်ကရ ဘုရားတွေ အပါအ၀င် ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ တစ်ခုတည်းအနေနဲ့ မဟုတ်ဘဲ ဌာနဆိုင်ရာပေါင်းစုံ၊ တိုင်းဒေသကြီး အကုန်လုံးက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

Tomorrow - ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုး ဘယ်နှစ်ဆူလောက် သွားလာခွင့် ပိတ်ခဲ့ပါသလဲ။ သွားလာခွင့် ပိတ်ခဲ့တဲ့နေရာတွေကို ဘယ်အချိန်လောက် ပြန်ဖွင့်နိုင်မယ်လို့ ခန့်မှန်း ထားပါသလဲ။

ဖြေ - ဟုတ်ပါတယ်။ ဘုရားဖူးပြည်သူတွေ ထိခိုက်မှုတွေ မဖြစ်စေရန်အတွက် အခုပျက်စီးသွားတဲ့ ဘုရားစေတီပုထိုး ၁၈၇ ဆူထဲက ၃၃ ဆူကို ခေတ္တပိတ်ထားပါတယ်။ ပိတ်ထားတဲ့ ဘုရားတွေကတော့ စေတနာကြီးဘုရား၊ ကျောင်းကြီးမြေမ၊ သီရိဂူပြောက်၊ စူဠာမဏိ၊ ပြဿဒ်ကြီး၊ ဓမ္မရံကြီး၊ ဆင်ဖြူရှင်၊ ရွှေဆံတော်၊ လောကထိပ်ပန်၊ မြေပုံသာ၊ လောကဥသျှောင်၊ ငြမ်းဘုရား၊ အပယ်ရတနာ၊ နဂါးရုံ၊ မနူဟာ၊ ကျောက်ကြီး၊ စိုးမင်းကြီး၊ မြင်းကပါဂူ၊ မြစေတီ၊ ရွှေစေတီ၊ ထီးလိုမင်းလို၊ ရွှေလိပ်တူး၊ သကြား ဟစ်၊ ၀က်ကြီးအင်း ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ ဘုရားသုံးဆူ၊ လောကနန္ဒာ အပါအ၀င် ဘုရားစေတီ ၃၃ ဆူနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတို့ကို အပျက်အစီး များသည့်အတွက် ဘုရားဖူး ပြည်သူများ ထိခိုက်မှုမရှိအောင် ခေတ္တပိတ်ထားရခြင်း ဖြစ်တယ်။ ကြံ့ခိုင်မှုရှိပြီး ထိန်းသိမ်းမှုတွေ အားလုံးပြီးသွားရင်တော့ ပြန်ဖွင့် ပေးသွားမှာပါ။

Tomorrow - ပုဂံစေတီတော် သွားလာခွင့် ခေတ္တပိတ်ထားတဲ့အချိန် ပြည်တွင်းပြည်ပ ဘုရားဖူးသူတွေ လာရောက်လေ့လာမှု မထိခိုက်အောင် ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိပါသလဲ။

ဖြေ - ဒါနဲ့ပတ်သက်ပြီး မနေ့တုန်းက သမ္မတကြီးကိုယ်တိုင်လည်း ပြောကြားသွားပါတယ်။ ဒီပျက်စီး သွားတဲ့ ဘုရားစေတီ ပုထိုးတွေကို စနစ်တကျစာရင်း ပြုစုရမယ်။ ပြီးရင် သာသနာရေးဆိုင်ရာ ရှေးဟောင်း အမွေအနှစ်တွေကို စနစ်တကျ ထိန်းသိမ်းရမယ်။ ပြီးတော့ ပြည်တွင်းပြည်ပ ဘုရားဖူး တွေ လာရောက်ကြမယ့် ဘုရားဖူးတွေ အန္တရာယ် မဖြစ်အောင် သွားလာခွင့် ခေတ္တပိတ်ထားတဲ့ ဘုရားတွေကို ဖူးမြော်ခွင့် ဆုံးရှုံးနစ်နာမှု မရှိစေရန်အတွက် စီစဉ်ထားပါတယ်။ အဲဒါက ပုဂံမှာ ဘုရားတွေ အများကြီး ရှိပါတယ်။ တန်ခိုးကြီး ဘုရားတွေလည်း ရှိပါတယ်။ အခု ငလျင်ကြောင့် ပျက်စီးသွားတဲ့ တန်ခိုးကြီး ဘုရားလည်း အနည်းငယ်ရှိသလို မပျက်စီးတဲ့ ဘုရားတွေလည်း ရှိပါတယ်။ ပျက်စီးမှုရှိတဲ့ ဘုရားတွေကို ဘုရားဖူးပြည်သူတွေ အထဲထိ ၀င်ရောက်ခွင့် မရှိပေမယ့် အနီးစပ်ဆုံး နေရာအထိ သွား ရောက်လေ့လာနိုင်သလို လုံခြုံမှုရှိတဲ့ နေရာကနေ ဖူးမြော်ပြီး မှတ်တမ်း ဓာတ်ပုံရိုက်နိုင်အောင် စီစဉ် ထားသလို လာရောက်တဲ့ဘုရားဖူး ပြည်သူတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးက လမ်းညွှန် မှာကြားထားပါတယ်။ အဲဒီ လမ်းညွှန်ချက်အတိုင်း ကျွန်တော်တို့ကလည်း စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ပုဂံဒေသကို လာရောက် ဘုရားဖူးတဲ့ ပြည်တွင်းပြည်ပဘုရားဖူးတွေ လျော့နည်းသွားမှာ မဟုတ်ပါဘူး။

Tomorrow - ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုးတွေ အားလုံးကို ပြန်လည်မွမ်းမံမယ် ဆိုရင် ဘယ်လောက် ကုန်ကျနိုင်ပါသလဲ။

ဖြေ - ဒါနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ပုဂံဒေသမှာ ဘုရားတွေ တော်တော်များပါတယ်။ ဧရိယာလည်း ကျယ်သလို လက်ရှိငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဘုရား အရေအတွက်ကလည်း ၁၈၇ ဆူဖြစ်တဲ့အတွက် ဘယ်လောက်ကုန်ကျမလဲဆိုတာ ပြောရခက်တယ်။ အရင်ဆုံး လုပ်ဆောင်ရမယ့် အပိုင်းကတော့ ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုးတွေကို ကွင်းဆင်းလေ့လာရမယ်။ တစ်ဆူချင်းစီ လိုက်ပြီးတော့ ကုန်ကျမှုအနေနဲ့ တွက်ချက်ရမယ်။ ဒီတော့မှ ဘယ်လောက်ဆိုတာ ပြောပြလို့ရမှာပါ။ လက်ရှိ ဘုရားစေတီပုထိုးတွေ ပျက်စီးသွားတာမှန်ပေမယ့် တစ်ဆူနဲ့တစ်ဆူ ပျက်စီးတာချင်းကတော့ မတူပါဘူး။ ဒီအတွက် ကုန်ကျမှုအနေနဲ့ကလည်း မတူနိုင်ပါဘူး။ ပြီးတော့ ပျက်စီးသွားတဲ့ ဘုရားတွေကို ပြန်လည်ထိန်းသိမ်းရမယ်ဆိုတဲ့ အနေအထားတွေရှိနေတော့ ကျွန်တော်တို့ အဖွဲ့အစည်းကနေ စနစ်တကျ သေချာတွက်ချက်ပြီးတော့မှ ဘယ်လောက်ကုန်ကျမယ်ဆိုတဲ့ အဖြေထွက်လာမှာပါ။ လောလောဆယ် အနေနဲ့တော့ ပြောရခက်ပါသေးတယ်။

Tomorrow - နောက်ဆုံးမေးခွန်း အနေနဲ့ အခုငလျင်လှုပ်လို့ ပျက်စီးသွားတဲ့ ဘုရားစေတီ ပုထိုးတွေကို ပြန်လည်မွမ်းမံမယ်ဆိုရင် အချိန်အားဖြင့် ဘယ်လောက်ကြာနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အခုကာလက မိုးရာသီကာလ ဖြစ်တာကြောင့် ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုးတွေကို အနည်းဆုံး ကြံ့ခိုင်မှုရှိအောင်တော့ အမြန်ဆုံး ဆောင်ရွက်သွားကြမှာပါ။ ကြံ့ခိုင်မှုဆိုတာကလည်း အခု ရာသီက မိုးရာသီဖြစ်တာကြောင့် နောက်ထပ်မိုးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဆက်လက် မဖြစ်ပေါ်စေဖို့ အရင်ဆောင်ရွက်ရမှာပါ။ ဥပမာအနေနဲ့ ပြောရရင် ငလျင်ကြောင့် အပေါ်ကနေ ပြိုကျ ပျက်စီးသွားတဲ့ ဘုရားတွေ မိုးရေစိမ့်ဝင်ပြီး ထပ်မံပျက်စီးမှု မဖြစ်အောင်၊ နောက်အတွင်းပိုင်းထဲအထိ မိုးရေမ၀င်အောင် လတ်တလော ဆောင်ရွက်မှာပါ။ ဒါ့အပြင် ယခု ပျက်စီးသွားသော ဘုရားစေတီ ပုထိုးတွေ ရှေးမူမပျက် စနစ်တကျ ပြန်လည်ပြုပြင်ဖို့ အတွက်ကတော့ အချိန် ယူရပါလိမ့်မယ်။ ဘယ်လောက်ကြာမှ ပြီးမယ်ဆိုတာကိုလည်း ခန့်မှန်းတောင် ပြောလို့မရသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့မှ အကောင်းဆုံး ဖြစ်အောင် ပြုပြင် မွမ်းမံရမှာပါ။ အသစ်ပြန်လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ စနစ်တကျ ပြန်လည် လုပ်ဆောင်ဖို့အတွက်ပဲ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

 

Category: 

Share