အမျိုးသမီး လိဂ်ပြိုင်ပွဲ ဒီဇင်ဘာတွင် စတင်ရန် လျာထား

အမျိုးသမီး ဘောလုံး ကလပ်သင်း ခြောက်သင်းဖြင့် လာမည့် ဒီဇင်ဘာလတွင် မြန်မာ အမျိုးသမီး လိဂ်ပြိုင်ပွဲအား စတင်ကျင်းပရန် လျာထားမှုကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ခဲ့သော မြန်မာ နေရှင်နယ်လိဂ် ကော်မတီ၏ စက်တင်ဘာလအတွက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲအသင်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ လိဂ်-၂ ပြိုင်ပွဲ ချန်ပီယံ မနောမြေ အသင်း ဖျက်သိမ်းပြီး ဖြစ်၍ လာမည့်နှစ်တွင် ပါဝင်ခြင်း မရှိသဖြင့် တန်းတက်ခွင့် အတွက် ဒုတိယ နေရာမှ ဂျီအက်ဖ်အေနှင့် တတိယနေရာမှ နေပြည်တော်အသင်းတို့ ရရှိခဲ့သည်။

အသင်း ပြန်အပ်သည်ဟု သတင်း ထွက်ပေါ်နေခဲ့သော ဇွဲကပင် အသင်းသည် လာမည့် ဘောလုံး ရာသီတွက် ဆက်လက် ယှဉ်ပြိုင်မည်ဟု သိရသည်။ ဇေယျာရွှေမြေ အသင်းမှာ နုတ်ထွက် သွားပြီ ဖြစ်သဖြင့် တန်းဆင်းရမည့် အသင်း နှစ်သင်း အနက် အဆင့် ၁၁ ရသည့် ဆောက်သမ်း မြန်မာ အသင်း ဆက်လက် ယှဉ်ပြိုင်ခွင့် ရကြောင်း သိရသည်။

 

Category: 

Share