အင်္ဂလန်မြေ ဘောလုံး စစ်ပွဲတွင် မြို့ခံ ပြိုင်ဘက်ကို ဂွါဒီယိုလာ အနိုင်ယူ

အင်္ဂလန် ဘောလုံး လောက၏ အရုဏ်သစ်ဟု ဗြိတိန် မီဒီယာများ၏ တင်စား ရေးသား ခံခဲ့ရသော ဘောလုံး နည်းစနစ်ပိုင်းဆိုင်ရာ ကစားကွက်များဖြင့် မန်စီးတီးသည် မြို့ခံပြိုင်ဘက် မန်ယူကို ယခုအပတ် ပွဲစဉ် (၄) တွင် ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။

စပိန်လာလီဂါ ပြိုင်ဘက် ရီရဲလ် မက်ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့၏ နည်းပြများ ဖြစ်ခဲ့ကြသော မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ အင်္ဂလန်မြေ ဘောလုံးစစ်ပွဲ အစဟုလည်း ဆိုနိုင်ပေသည်။ လာလီဂါတွင် တင်ခဲ့သော အရှုံးကို မော်ရင်ဟို ပြန်မဆပ်နိုင် သေးသော်လည်း မန်ယူ အသင်း၏ ကစားဟန် ကစားကွက်များမှာ ယမန်နှစ်ကထက် ပို၍ ကောင်းလာသည်ကို တွေ့နိုင်သည်။ သို့သော် မန်စီးတီးမှ ကီဗင်ဒီဘရိုင်း၏ အဖွင့်ဂိုးသည် မန်ယူ၏ နောက်တန်း ခံစစ်ကစားပုံကို မေးခွန်း ထုတ်ခဲ့သည်။ သုံးသပ်သူအချို့က မော်ရင်ဟို ပထမ ၁၁ ယောက် လူစာရင်း ထုတ်မှားခဲ့သည်ဟု ဆိုသည်။

ချန်ပီယံ၏ ဂိုးပြတ် အရှုံး

အန်ဖီးလ်ကွင်း၏ ပွဲကြည့်စင် အသစ်ဖွင့်ပွဲနှင့် အတူ ယခုတစ်ပတ်တွင် လီဗာပူးလ် အသင်းသည် အိမ်ကွင်းတွင် လက်ရှိချန်ပီယံ လက်စတာအသင်းအား တိုက်စစ် စွမ်းအားကို သုံးပြီး ၄-၁ ဂိုးဖြင့် သက်သက်သာသာပင် အနိုင်ယူခဲ့သည်။ သို့သော် နောက်ခံလူ လူးကပ်စ်ကြောင့် ပြန်ပေးခဲ့ရသော ဂိုးအတွက် ဝေဖန်မှု အချို့ ရှိခဲ့သည်။ နည်ပြ ကလော့ပ်၏ နည်းဗျူဟာနှင့် လီဗာပူးလ်၏ ကစားကွက်များက ပရိသတ်ကို ကျေနပ်စေခဲ့သည်။ နှစ်ဂိုးသွင်းယူခဲ့သူ ရိုဘာတိုဖာမီနိုသည် ထိုပွဲ၏ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သည်။

စောင့်ကြည့်ရမည့် စပါးတိုက်စစ်

အိမ်ကွင်းတွင် အသင်းကြီးများကို မာကျောစွာ ခံကစားလေ့ရှိသည့် စတုတ်စီးတီး အသင်းကို ဒုတိယပိုင်းတွင် သွင်းယူခဲ့သည့် သုံးဂိုး အပါအ၀င် ၄-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူပြီး စပါး အသင်း တိုက်စစ် အစွမ်းကို ပြသွားခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ဟယ်ရီကိန်းကလည်း ကိုးပွဲဆက် ဂိုးမသွင်းနိုင်မှုကို ပြီးဆုံးစေခဲ့သည်။ ၁၇ ဂိုးနှင့် စတုတ်ကွင်းတွင် ဂိုးအများဆုံးသွင်းသည့် ဧည့်အသင်းအဖြစ် စပါး ရပ်တည်နိုင်ခဲ့သည်။

ဖရိုဖရဲ ကစားကွက်နှင့် အာဆင်နယ်အနိုင်

တိုက်စစ်ဆင်ရာတွင် အဓိက ကစားသမားများ မပါဝင်ခဲ့သော အာဆင်နယ် အသင်း၏ ကစားကွက် များသည် အိမ်ကွင်း ခြေစွမ်း အမှန်မှ ဟုတ်ပါသလားဟု မေးယူရအောင်ပင် ဖရိုဖရဲနိုင်ခဲ့သည်။ ဆောက်သမ်တန်အသင်း၏ စတင် ဂိုးသွင်းယူမှုကို ခံခဲ့ရပြီး ပွဲပြီး ထပ်ဆောင်းအချိန်ပိုတွင် ရရှိသည့် ပင်နယ်တီ ဂိုးကြောင့်သာ ၂-၁ ဂိုးအနိုင်ဖြင့် အာဆင်ဝင်ဂါး အသက် ရှုချောင်ခဲ့ရသည်။

အံ့အားသင့်ဖွယ် ၀က်စ်ဟမ်းအရှုံး

အင်္ဂလန် လက်ရွေးစင် အန်တိုနီယို၊ ပြင်သစ်လက်ရွေးစင် ပါယက်စသည့် ကစားသမားများဖြင့် ၀က်စ်ဟမ်း အသင်းသည် အိမ်ကွင်းတွင် ၂-၀ ဖြင့် ဦးဆောင်နေရာမှ ၂-၄ ဖြင့် ၀က်ဖို့ဒ်ကို ရှုံးနိမ့် ခဲ့ရသည်။ ၀က်စ်ဟမ်းသည် ဘောလုံး ပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်သွင်းမှု ၁၉ ကြိမ်နှင့် ၀က်ဖို့ဒ်ထက် ပိုသာခဲ့သော်လည်း ဂိုးအများဆုံး သွင်းသွားသူမှာ ၀က်ဖို့ဒ်ဖြစ်ခဲ့သည်။

 

Category: 

Share