မန်ယူ-မန်စီးတီးပွဲမှ မှတ်သားစရာ အချက် ငါးချက်

၁။ အားထားရသည့် တိုက်စစ်မှူး အဂူယို ပြစ်ဒဏ်ကြောင့် မပါဝင်သော်လည်း ဂွါဒီယိုလာသည် ရှေ့တန်းတွင် လူငယ်တိုက်စစ်မှူး အီဟီရာနာချိုကို သုံး၍ တိုက်စစ်ကို ဖွင့်ကာ အဓိက ရွေးချယ် ကစားစေခဲ့သည်။ မှန်ကန်မှု အဖြစ် အီဟီရာနာချိုသည် ဂိုးသွင်းခဲ့သလို ဂိုးသွင်းရာတွင်လည်း ပံ့ပိုး ခဲ့သည်။

၂။ မန်ယူ မန်နေဂျာ မော်ရင်ဟိုသည် ပထမ ၁၁ ယောက်စာရင်း အတွက် လူရွေး မှားခဲ့သည်။ ပွဲစပြီး ၂၄ မိနစ်အကြာ မန်ယူသည် ၁-၀ ဖြင့် နောက်က လိုက်ကစားနေရချိန်တွင် မာရှယ်၊ မာတာ၊ ရပ်ရှ်ဖို့၊ ဟာရဲယားတို့ကို သွေးပူ လေ့ကျင့်ခန်း လုပ်စေခဲ့သည်။ အဓိပ္ပာယ်မှာ သူ၏ ပထမ ၁၁ ယောက် လူရွေး မှားသွားသည်ကို သိလာသည့် သဘောဖြစ်သည်။ အမ်ခစ်တာယန်းနှင့် လင်းဂတ်ကို ရွေးချယ် ကစား စေသော်လည်း အမ်ခစ်တာယန်းသည် နံရိုးဒဏ်ရာ နာနေဆဲ ပုံပေါ်ခဲ့သည်။ လင်ဂတ်လည်း ဒဏ်ရာမှ သက်သာလာသူ ဖြစ်သဖြင့် အမြန်နှုန်း ကျနေခဲ့သည်။ ရပ်ရှ်ဖို့ကို စတင် သုံးခဲ့သင့်သည်။

၃။ ချယ်လ်ဆီးတွင် ရှိစဉ်က မော်ရင်ဟို ကျေနပ်လောက်အောင် မကစားပြ နိုင်ခဲ့သော်လည်း ဒီဘရိုင်းသည် ယခုပွဲစဉ်တွင် မန်စီးတီး အတွက် အဖွင့် ဂိုးသွင်းပြီး မော်ရင်ဟိုကို စိတ်လှုပ်ရှားစေခဲ့သည်။ ၄င်းကို မန်ယူ နောက်တန်း မထိန်းချုပ် နိုင်လောက်အောင်ပင် လွတ်လပ်နေခဲ့ပြီး ထိုအခွင့်အရေးကို ရယူ သွားခဲ့သည်။ ဒုတိယပိုင်းတွင် ၄င်း၏ သွင်းဂိုး တိုင်ထိ သွားခဲ့သောကြောင့် ၃-၁ ဂိုးမဖြစ်ခဲ့ခြင်း ဖြစ်သည်။

၎။ မော်ရင်ဟိုသည် နောက်တန်း ဗဟိုနေရာတွင် ဘေလီနှင့် ဘလိုင်းတို့ အပေါ် ယုံကြည် အားထားခဲ့သည်။ ရာသီ အစကတည်းက အတွဲ ညီခဲ့သည့် ၄င်းတို့နှစ်ဦးတွင် ဒီဘရိုင်းကို ဂိုးသွင်းခွင့် ရအောင် မထိန်းချုပ်နိုင်ခဲ့သူမှာ ဘလိုင်းဖြစ်သည်။ ထိုဂိုးတွင် ခေါင်းတိုက် ချပေးခဲ့သည့် မန်စီးတီးမှ အီဟီရာနာချိုကို ခေါင်းချင်း ယှဉ်တိုက်ရာတွင် ယှဉ်ပြီး မခုန်နိုင်သောသူမှာ ဘေလီဖြစ်သည်။

၅။ တပည့်ဟောင်း ဘရာဗိုကို ဂွါဒီယိုလာက ပထမ ဂိုးသမားနေရာ ပေးခဲ့သည်။ သို့သော် မန်ယူ၏ ဂိုးတွင် ဂျွန်စတုန်းနှင့် တိုက်မိပြီး ဘောလုံး ပြန်ကျလာရာတွင် အီဘရာမိုဗစ်ခ်ျက ဂိုးသွင်းယူနိုင်ခဲ့မှုတွင် အမှားရှိခဲ့သူမှာ သူဖြစ်သည်။ ရွန်းနေကို ပိတ်ဆို့ရာတွင်လည်း ကံကောင်း၍ ဂိုးဧရိယာအတွင်း အနီကတ်ပြ မခံခဲ့ရခြင်း ဖြစ်သည်။

 

Category: 

Share