အနာဂတ် အင်္ဂလန် အသင်း မန်နေဂျာ နေရာကို အာဆင်ဝင်းဂါးနှင့် ပိုချက်တီနိုတို့ နှစ်ဦးစလုံး စိတ်ဝင်စား

ဆမ်အလာဒိုက်စ် အင်္ဂလန် အသင်းမန်နေဂျာ အဖြစ်မှ နုတ်ထွက်သွားပြီးနောက် ၄င်း၏ နေရာတွင် ရေပန်းစားနေသူ မန်နေဂျာ နှစ်ဦး အဖြစ် လန်ဒန် မြို့ခံ ပြိုင်ဘက် ကလပ်သင်းများ၏ မန်နေဂျာများ ဖြစ်သည့် အာဆင်နယ်မှ အာဆင်ဝင်းဂါးနှင့် စပါးမှ ပိုချက်တီနိုတို့ နှစ်ဦးစလုံးက အနာဂတ်တွင် ထိုနေရာအား စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်။

 

သို့သော်လည်း ယခုအချိန်တွင် ၄င်းတို့၏ လက်ရှိ ကလပ် အသင်းများကိုသာ အာရုံစိုက် နှစ်မြှုပ် ထားကြောင်းလည်း နှစ်ဦးစလုံးက ပြောသည်။  လောလောဆယ်တွင် အင်္ဂလန်အသင်း မန်နေဂျာ အဖြစ် အင်္ဂလန် ယူ-၂၁ အသင်း မန်နေဂျာ ဖြစ်သူ ဂါရတ် ဆောက်ဂိတ်ကို လာမည့် ပွဲလေးပွဲအား တာဝန်ယူရန် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က စီစဉ်ထားသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲသုံးပွဲနှင့် ခြေစမ်းပွဲ တစ်ပွဲ အတွက် ဖြစ်သည်။

ဆောက်ဂိတ်သည် အမြဲတမ်း မန်နေဂျာ ဖြစ်နိုင်သည့် အခွင့်အရေး ရှိနေသဖြင့် အဆိုပါ လေးပွဲတွင်  အင်္ဂလန်အသင်း ရလဒ်ကောင်းများ ရလာပါက အမြဲတမ်း မန်နေဂျာနေရာမှာ ၄င်းအတွက် ဖြစ်လာနိုင်သည်။ ၄င်းနှင့် အပြိုင် ထိုနေရာအတွက် နာမည် ထွက်နေသောသူများမှာ ဘုန်းမောက် မန်နေဂျာ အက်ဒီဟိုဝီ၊ ခရစ္စတယ် ပဲလေ့ မန်နေဂျာ အလန်ပါဂျူးနှင့် ဟားလ်စီးတီး မန်နေဂျာ စတိဗ် ဘရုစ်တို့ ဖြစ်သည်။

အာဆင်ဝင်းဂါးသည် အင်္ဂလန် ဘောလုံး လောကတွင် အအောင်မြင်ဆုံးနှင့် လုပ်သက် အကြာရှည်ဆုံး ပြည်ပ နည်းပြ တစ်ဦး ဖြစ်သည်။ အာဆင်နယ်တွင် ၁၉၉၆ ကတည်းက တာဝန်ယူခဲ့ပြီး ပရီးမီးယား လိဂ် ချန်ပီယံဆု သုံးကြိမ်၊ အက်ဖ်အေဖလား ချန်ပီယံဆု ခြောက်ကြိမ် အပါအ၀င် ဆုဖလား ၁၅ ဆု ရရှိထားသည်။ ၄င်းကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ထပ်မံ ကမ်းလှမ်း ကြိုးစားမည်ဟု ဆိုသည်။

ပိုချက်တီနိုမှာလည်း အင်္ဂလန် ဘောလုံးလောကတွင် နာမည် ကျော်ကြားသူ တစ်ဦး ဖြစ်သည်။  အသက် ၄၄ နှစ်အရွယ် အာဂျင်တီးနား လူမျိုး ဖြစ်ကာ ပြီးခဲ့သည့် ဘောလုံး ရာသီတွင် စပါး အသင်းကို ချန်ပီယံလိဂ်၌ တိုက်ရိုက် ကစားနိုင်သည့် ပရီးမီးယားလိဂ် တတိယ နေရာကို ရပ်တည် နိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။

 

 

Category: 

Share