မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းကို ကနေဒါ လက်ဝှေ့ကျော်ဒေ့ဗ်က အသာစီး သရေ ထိုးသတ်

သိမ်ဖြူ ရိုးရာ လက်ဝှေ့ရုံတွင် အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သော GTG အပြည်ပြည်ဆိုင်ရာ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် ကနေဒါ လက်ဝှေ့ကျော်ဒေဗ့်က မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်ကို အသာစီးဖြင့် ထိုးသတ်သွားခဲ့သည်။

 

ပွဲအပြီးတွင် ဒေ့ဗ်က “ထွန်းထွန်းမင်းကို လေးစားပါတယ်။ သူဟာ အလွန် သန်မာတဲ့ လက်ဝှေ့ကျော်ပါ။ သူ့မျက်နှာကို အားပါတဲ့ လက်သီးတွေနဲ့ ထိုးသတ်နိုင်ခဲ့ပေမယ့် သူမလဲခဲ့ပါဘူး”ဟု ပြောသည်။ ဆက်လက်ပြီး ဒေ့ဗ်က သူ့အနေဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ကို လက်ခမောင်းခတ်ပြီး ထိုးရသည်ကို အလွန် သဘောကျပါကြောင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများကို လက်ခံ သင်ကြားပေးမည့် ရိုးရာ လက်ဝှေ့  အားကစားရုံ တစ်ခုကို နိုင်ငံတကာ အဆင့်မီ ဖွင့်လှစ်လိုကြောင်း ပြောကြားသွားသည်။

အဆိုပါ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် ရဲမာန်ဟိန်းနှင့် မင်းနိုင်ထွန်းတို့ပွဲ၊ ရွှေရာမာဉ်နှင့် သားအသည်းတစ်ပွင့်တို့ပွဲ၊ စိုးလင်းဦးနှင့် သပြေညိုတို့ပွဲများ သရေကျသည်။ ထွန်းလွင်မိုးက ဒုတိယ အချီတွင် နက္ခတ်အောင်ကို အလဲထိုး၊ ရဲသွေးနီက မိုက်ရိုင်းကို တတိယ အချီတွင် အလဲထိုး၊ ဖိုးလပြည့်က စောမင်းအောင်ကို စတုတ္ထအချီတွင် အလဲထိုး၊ ဖျံသွေးက ဂေါ်မူဒိုကို တတိယ အချီတွင် အလဲထိုး၊ တူးတူးက ဘာနီရွန်ကို တတိယ အချီတွင် အလဲထိုးပြီး လည်းကောင်း အနိုင် ရရှိသွားကြောင်း သတင်းရရှိသည်။ အဆိုပါပွဲ အပြီးတွင် ကွယ်လွန်သူ ရိုးရာ လက်ဝှေ့ကျော် စစ်ကိုင်း ကျောင်းသား နှစ်စဉ် ကျင်းပနေသော စစ်ကိုင်းရိုးရာ လက်ဝှေ့ပွဲအတွက် မြန်မာမီဒီယာ ဂရု(ပ်)မှ ကျပ်ငါးသိန်းကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Category: 

Share