မြို့တွင်း လေးမြို့နယ်၌ လူကူး ခုံးကျော် တံတားများ တည်ဆောက်မည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆိပ်ကမ်း မြို့နယ်၊ စမ်းချောင်း မြို့နယ်၊ ဗဟန်း မြို့နယ်နှင့် မရမ်းကုန်း မြို့နယ် တို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ် မူတည်ကာ စက်လှေကားပါ လူကူး ခုံးကျော် တံတားများ တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

’’တကယ်လို့ စက်လှေကားပါ ထည့်သွင်း တည်ဆောက်မယ် ဆိုရင် အဲဒီနေရာက ဆိပ်ကမ်းနဲ့လည်း နီးတဲ့ အတွက် ကုန်တင် ကုန်ချတွေလည်း ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အဲဒီ ခံနိုင်ဝန် ဘယ်လောက်ရှိမလဲ။ ဘယ်လောက်အထိ ၀င်ဆံ့မလဲ ဆိုတာကို စဉ်းစားရမယ်။ ဒီဟာတွေက စက်လှေကား တပ်ပြီးရင် လျှပ်စစ် ပေးနိုင်မှု အချိန်အဆ ပြုပြင် ထိန်းသိမ်းတာတွေက အစ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့ အတွက် အဲဒီအချက်တွေ ပေါ် မူတည်ပြီး ဘယ်လို ဒီဇိုင်းတွေနဲ့ တည်ဆောက်မယ် ဆိုတာကို စဉ်းစားရပါမယ်။ ဒါကြောင့် တံတားတွေ တည်ဆောက် ပေးရန်အတွက် လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာငွေ ကျန်ရှိမှု အပေါ် မူတည်ပြီး ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။  

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်က ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၊ တတိယ ပုံမှန် အစည်းအဝေးတွင် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်း မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စက်လှေကားပါ လူကူး ခုံးကျော် တံတားများကို ဆိပ်ကမ်း မြို့နယ်ရှိ ကမ်းနား လမ်းဟောင်းနှင့် ကမ်းနား လမ်းသစ်အား ဖြတ်၍ ဗိုလ်တထောင် စေတီ အနီး၊ ၀င်ထွက်ပေါက်နှင့် စဥ့်အိုးတန်း သင်္ဘောဆိပ် ၀င်ပေါက် အနီးတွင် လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ အ.ထ.က(၂) စမ်းချောင်းနှင့် မဟာမြိုင် ဆေးရုံ တည်ရှိရာ အနီးတွင် လည်းကောင်း၊ ဗဟန်းမြို့နယ် ဦးဝိစာရ လမ်းပေါ် ရှိ ပြည်သူ့ ရင်ပြင်နှင့် ရွှေတိဂုံ စေတီတော်သို့ တက်ရောက်ရာ ၀င်ထွက်ပေါက် အနီးနှင့် မရမ်းကုန်း မြို့နယ်ရှိ ရှစ်မိုင် ခုံးကျော် တံတား အဆင်း အနီးတွင် လည်းကောင်း တည်ဆောက်ပေးရန် ဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးစံကျော်၊ စမ်းချောင်း မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်၊ ဗဟန်း မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်နှင့် မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်တို့က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကိုလူသစ်

Category: 

Share