လူမှု ကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် မန္တလေး အ.ထ.က (၁) မှ ကျောင်းသားများ ရန်ဖြစ်သည့် ကိစ္စ စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေး

“စရာ နောက်ရာကနေ ရန်ဖြစ်တာပါ။ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာမျိုး မဟုတ်တာ စစ်ဆေး တွေ့ရှိ ရပါတယ်” မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်
မန္တလေးမြို့၊ အောင်မြေသာဇံ မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်း အတွင်း၌ န၀မတန်း ကျောင်းသား တစ်ဦးနှင့် အခြား ကျောင်းသား တစ်ဦး စာသင်ခန်း အတွင်း ရန်ဖြစ် ထိုးကြိတ် ခဲ့မှုနှင့် ပတ်သက်၍ စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ရန်ဖြစ်သည့် ကိစ္စ အပေါ် မြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ကျောင်း စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ တာဝန်ရှိ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတို့က အခင်း ဖြစ်ပွားသည့် ကျောင်းသားများကို မိဘများရှေ့၌ အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား နှစ်ဦး ရန်ဖြစ်သော Video File ကို လူမှုကွန်ရက် စာမျက်နှာ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် စတင် တွေ့ရှိရပြီး Video File တွင် ပါဝင်သော ကျောင်းသားများအား နောက်တစ်နေ့၌ တစ်ဦးချင်း ခေါ်ယူ စစ်ဆေးခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် အမှတ် (၁) အ. ထ.က အောင်ရာဇာ ခန်းမ အတွင်း၌ ဆရာများနေ့ အာစရိယ ပူဇော်ပွဲ ကျင်းပ ပြုလုပ်နေစဉ် န၀မတန်း (ဂ) မှ မောင်စိုင်းဇေယျာဇော်က ၄င်းနှင့် အတန်းတူ သူငယ်ချင်း မောင်ထွန်းလင်းအား နောက်ကျောမှ လက်ဖြင့် ပုတ်ခြင်း၊ ခေါင်းအား လက်ဖြင့် ရိုက်ခြင်းဖြင့် နောင်ပြောင် ကျီစယ်ခဲ့ကြောင်း၊ ကန်တော့ပွဲ ပြီး၍ အတန်းတွင်းသို့ ပြန်ရောက်စဉ် မောင်ထွန်းလင်းမှာ ငိုနေသောကြောင့် ဘေးမှ သူငယ်ချင်းများက ပြန်ထိုးပါလားဟု ၀ိုင်းဝန်း ပြောကြားကြောင်း၊ မကျေနပ်လျှင် တစ်ယောက် တစ်ဖက်စီ အပြန်အလှန် ထိုးကြဟု ဘေးမှ သူငယ်ချင်းများက ပြောသော်လည်း မောင်ထွန်းလင်းက ပြန်မထိုးခဲ့သဖြင့် မောင်ဇင်လင်းထက်ဆို သူက မောင်စိုင်းဇေယျာဇော်အား မာန်ပါပါ ထိုးနှက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

မောင်စိုင်းဇေယျာဇော်က မောင်ဇင်လင်းထက်က လက်သီးနှင့် ထိုးနေပုံကို မောင်ဥာဏ်လင်းထက်က လက်ကိုင်ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးခဲ့ပြီး ၄င်း Video File ကို အပျော်သဘောနှင့် Facebook ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

ဗီဒီယို ရိုက်ကူးခဲ့သော မောင်ဥာဏ်လင်းထက်သည် ထိုနေ့က ဆရာ ကန်တော့ပွဲ ရှိသဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ရန် ဟူ၍ ဆရာ၊ ဆရာမများ မသိအောင် ကျောင်းသို့ ဖုန်းကို ၀ှက်ယူလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဗီဒီယိုရိုက်ပြီး Facebook မှာ အပျော်သဘောနဲ့ တင်မိပါတယ်။ ဇင်လင်းထက်က စိုင်းဇေယျာဇော်ကို တကယ် ထိုးသလို ထိုးပြနေလို့ ဟာသအနေနဲ့ တင်လိုက်တာပါ။ ဘေးက သူငယ်ချင်းတွေက အဲဒီလို မထင်ဘူး ပြောတာနဲ့ အိမ်ရောက်တော့ ကျွန်တော် Facebook ထဲ တင်ထားတာကို ဖျက် ပစ်လိုက်ပါတယ်”ဟု ဆိုသည်။

မောင်ဥာဏ်လင်းထက် တင်လိုက်သော ဗီဒီယိုဖိုင်အား Shwe Mandalay ဆိုသည့် အကောင့်မှ ကူးယူပြီး ၄င်း၏ Facebook ပေါ်တွင် (မန္တလေး အ.ထ.က- ၁၊ ၂၄x၈၀x၈၁)ကြား ကျောင်းခန်းထဲ ကျောင်းသားချင်း အနိုင်ကျင့် စော်ကားမှု ဖြစ်ပွားဟု ရေးသားကာ ၄င်း Video ဖိုင်အား ဖြန့်ဝေခဲ့ရာမှ ကျောင်းသားချင်း အုပ်စုဖွဲ့ အနိုင်ကျင့်သည်ဟု ဆိုကာ လူမှု ကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။

“ကျွန်တော် အပါအ၀င် ဒီက ကျောင်းအုပ်ကြီးရော စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့နှင့် တာဝန် ရှိသူတွေ အားလုံးက ကလေးတစ်ယောက်ချင်းကို စစ်ဆေးပါတယ်။ စရာနောက်ရာကနေ ရန်ဖြစ်တာပါ။ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာမျိုး မဟုတ်တာ စစ်ဆေး တွေ့ရှိရပါတယ်။ ကျောင်း စည်းကမ်းနဲ့ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လက်သီးနှင့် အထိုးခံရသည် ဆိုသော ကျောင်းသား ဖြစ်သူ မောင်စိုင်းဇေယျာဇော်၏ အုပ်ထိန်းသူ မိခင် နန်းမြအုံက “ကလေး အချင်းချင်း နောက်ပြောင် ကျီစယ်ရာ ကနေ ဖြစ်တဲ့ကိစ္စပါ။ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။ ကျွန်မရဲ့သား မောင်စိုင်းဇေယျာဇော်က စနောက်မိပြီး မင်းမကျေနပ်ရင် ငါ့ကိုထိုးလို့ ပြောတော့ ဘေးက သူငယ်ချင်းက ၀င်ပြီး ထိုးတာပါ။ အဲဒီလို ထိုးခံရလို့လည်း ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ ထိုးတဲ့သူက ဟန်နဲ့ထိုးတာလို့ သိရပါတယ်။ ကျွန်မ သားကလည်း သူ အနိုင်ကျင့်ခံရပါတယ်”လို့ ကျွန်မကို မပြောပါဘူး။ သူ စနောက်မိလို့ ဖြစ်တာပါလို့ ပြောပါတယ်။ ကလေးချင်း ဖြစ်တတ်တဲ့ ပြဿနာမျိုးပါ။ ကျွန်မအနေနဲ့ မကျေနပ်တာမျိုး မရှိပါဘူး။ တခြား ကလေးတွေကိုလည်း အနာတရ မဖြစ်စေချင်ဘူး။ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ပြောဆို နေကြတာမျိုး လုံးဝ မဟုတ်ပါဘူး။ ခုလို ပြောပြတာကလည်း ကျွန်မရဲ့ စိတ်အရင်းခံ အတိုင်း ပြောတာပါ။ ဒီလို ကျေအေး ပြောဆိုဖို့ ဘယ်သူကမှ မတိုက်တွန်းပါဘူး”ဟုပြောသည်။     

ဆွေနိုင်စစ်

Category: 

Share