UKT အရက်ချက် စက်ရုံ ပြန်လည် လည်ပတ်ရန် မကွေးတိုင်း အစိုးရ တင်ပြမှု အပေါ် လွှတ်တော် ကိုယ်စားလှယ် အားလုံး ကန့်ကွက်

အောင်လံမြို့ရှိ UKT အရက်ချက် စက်ရုံ ပြန်လည် လည်ပတ်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ တင်ပြလာသည့် အပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ် အားလုံးမှ ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၆ ရက်နေ့ ဒုတိယ အကြိမ် မကွေးတိုင်း လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် လွှတ်တော်သို့ အစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ တင်ပြလာသည့် အပေါ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

“အရက်ချက် စက်ရုံ တစ်ရုံဟာ လူနေ ရပ်ကွက်မှာ ရှိနေတာကိုက မီးဘေး အန္တရာယ်ရော၊ အနံ့ဆိုးတွေ ထွက်နေတာ မသင့်တော်ပါဘူး။ ကြားရတာတော့ ဘွိုင်လာကနေ မီးခိုးပြာတွေ မထွက်အောင် သေချာ လုပ်ပြီးပြီလို့ ကြားပါတယ်။ ဒါပေမဲ့ မီးဘေး အန္တရာယ်ပေါ့။ တစ်နေ့ကို အရက် စည်ဂါလံ ၅၀၀၀ လောက် ထွက်ရှိနေတာဟာ မီးလောင်ခဲ့ရင် မြို့ဟာ အချိန်မရွေး ပြာကျ သွားနိုင်ပါတယ်။ အဓိက အချက်ကတော့ တစ်ချက်တည်းပါ။ အောင်လံမြို့ပေါ် ရပ်ကွက် ၉ ရပ်ကွက်မှာ လူဦးရေ ၅၀၀၀၀ ကျော် ရှိတယ်။ UKT စက်ရုံ မိသားစုဝင်က ၅၀ လောက် ရှိတယ်။ ဘယ်သူ့ မျက်နှာကို ကြည့်ရမလဲဆိုရင် လူဦးရေ ၅၀၀၀၀ ကျော်ရှိတဲ့ မြို့လူထု မျက်နှာကို ပြန်ကြည့်ရမှာ ဖြစ်တယ်”ဟု အောင်လံ မြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။

အဆိုပါ စက်ရုံ ပိတ်သိမ်းရန် အဆိုကို ဇွန် ၂၁ ရက်နေ့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ၄င်းက တင်ပြခဲ့ပြီး အဆိုကို ဇွန် ၂၃ ရက်နေ့၌ အတည်ပြုခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်မည် ဖြစ်သော်လည်း ဇွန် ၂၂ ရက်နေ့တွင်ပင် မကွေးတိုင်းဒေသကြီး အစိုးရမှ လက်မှတ်ထိုး ပိတ်သိမ်း စေခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ စက်ရုံသည် ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး အစိုးရတို့၏ သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့် အသစ် ပြန်လည် ပြုပြင်ပြီး ဖြစ်သဖြင့် လုပ်ငန်းများ ပြန်လည် လုပ်ဆောင် ခွင့်ပြုရန် တင်ပြခြင်း အပေါ် မကွေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ခဲ့ကြသည်ဟု သိရသည်။

အောင်ကျော်ဦး (ရေနံချောင်း)

 

Category: 

Share