ဧည့်စာရင်း တိုင်ကြားခြင်းကို ပယ်ဖျက်ပြီးနောက် ရန်ကုန်သို့ ဘင်္ဂါလီ စိမ့်ဝင်မှုများ ရှိလာ

ရပ်ကျေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဧည့်စာရင်း တိုင်ကြားရမည့် အချက်ကို ပယ်ဖျက် ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ဘင်္ဂါလီ စိမ့်ဝင်မှု  ပိုများလာကာ အောက်တိုဘာ ၂၂ ရက် တစ်ရက်တည်း မှာပင် အထောက် အထားမဲ့ ဘင်္ဂါလီ ၂၂ ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။

အဆိုပါ အထောက် အထားမဲ့ ခိုးဝင် ဘင်္ဂါလီ ၂၂ ဦးအား တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့ နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ၂၂ ဦးစလုံးသည်  ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါကံ္က အလောင်းဘုရားလမ်းရှိ နေအိမ် တစ်အိမ်အား မသင်္ကာ၍ ၀င်ရောက် စစ်ဆေးရာမှ ဘင်္ဂါလီ ၁၇ ဦးအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့အား ဖမ်းဆီးရမိ သည့် နေအိမ်မှာ ပိုင်ရှင် ကိုယ်တိုင် နေထိုင်ခြင်း မရှိဘဲ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ပွဲစား ဦးအေးသိန်းအား အပ်နှံထားရာ ၂၀၁၀ ခုနှစ် အတွင်းက အိမ်ငှား ချထားခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အိမ်ငှား ဖြစ်သူ မောင်ကျော် (တောင်ကုတ်မြို့တွင် နေထိုင်သူ)မှာ ဦးအေးသိန်းမှ တစ်ဆင့် တစ်လလျှင် ကျပ်တစ်သိန်းခွဲဖြင့် သြဂုတ် ၁ ရက်နေ့မှ စတင် ငှားရမ်း နေထိုင် ခဲ့ကြောင်း သိရသည်။ အဆိုပါ ဘင်္ဂါလီ ၁၇ ဦး သည် ၄င်းနေအိမ်သို့ ရောက်ရှိနေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး မလေးရှား နိုင်ငံသို့ အောက်လမ်းမှ သွားရောက်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တာမွေမြို့နယ် အရိုးကုန်း ရပ်ကွက်တွင်လည်း  တာမွေမြို့နယ်ရဲစခန်းမှ လှည့်ကင်း ဆောင်ရွက် နေစဉ် အထောက် အထားမဲ့ ခိုးဝင် ဘင်္ဂါလီ ငါးဦးကိုလည်း ဖမ်းဆီးရမိခဲ့ကာ ၄င်းတို့ ငါးဦးစလုံးသည် လွန်ခဲ့သော ငါးရက်ခန့်ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် တစ်ရက်တည်း၌ ဖမ်းဆီး ရမိခဲ့သည့် တရားမ၀င် အထောက်အထားမဲ့ ဘင်္ဂါလီ များသည် သက်ဆိုင်ရာ ပွဲစားများ ထံသို့ ပိုက်ဆံပေး၍ လာရောက်ခဲ့ခြင်း ဖြစ်ပြီး ၄င်းပွဲစားများမှာ အချင်းချင်း ဆက်သွယ်မှု ရှိကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ လက်ရှိ တွင် တရားမ၀င် အထောက် အထားမဲ့ ဘင်္ဂါလီ ၂၂ ဦးကို ဖမ်းဆီး ရမိထားသော်လည်း  ပွဲစားများအား ဖမ်းဆီးရမိခြင်း မရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တာမွေမြို့နယ် ရဲစခန်းနှင့် ရွှေပေါကံ္က ရဲစခန်း တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၇၀၊ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၂)/၆(၃)ဖြင့် အမှုဖွင့်ကာ ပွဲစားများအား ဖမ်းဆီး ရမိရေး အတွက်  စုံစမ်း ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဖြစ်ရပ်များကြောင့် ပြည်သူများ အနေဖြင့်လည်း မိမိတို့ နေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်များ အတွင်း မသင်္ကာဖွယ် ဧည့်စိမ်းများ ရောက်ရှိ နေကြောင်း သိရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး၌ ဖွင့်လှစ် ထားရှိသော ၁၉၉ Call Center၊ ဖုန်းအမှတ် ၁၉၉ နှင့် ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ် သတင်းပေးကြပါရန် အသိပေး တိုက်တွန်း ထားကြောင်း သိရသည်။

ပြည့်ဘုန်းအောင်

Category: 

Share